အစာအိမ်ရောင်ခြင်း၊ အူသိမ်ဦးပိုင်းရောင်ခြင်းနှင့် အစာရေမျိုပြွန်ရောင်ခြင်းတို့၏ ရောဂါလက္ခဏာရပ်များ၊ ဖြစ်ပွားရသော အကြောင်းရင်းများမှာ များစွာ ကွာခြားလှခြင်း မရှိချေ။
ဖြစ်ပွားရသော အကြောင်းရင်းများ
အစာရေမျိုပြွန် ရောင်ရမ်းခြင်း ဖြစ်ပွားရသည့်အကြောင်းရင်းများ
အစာရေမျိုပြွန် ရောင်ရမ်းခြင်း ဖြစ်ပွားရသည့်အကြောင်းရင်းများမှာ အောက်ပါအတိုင်း ဖြစ်ပါသည်။
– ဗီတာမင်-စီ ချို့တဲ့ခြင်း
– သံဓါတ်ချို့တဲ့ခြင်း
– ပိုတက်ဆီယမ်ချို့တဲ့ခြင်းနှင့် သက်ဆိုင်သည့်ဆေးဝါးများ သောက်သုံးခြင်း
– အစားအစာ ဓါတ်မတည့်ခြင်း
– အစာရေမျိုပြွန်ကို အန္တရာယ်ဖြစ်စေသော NSAID, Asprin, Ibuprofen နှင့် အရိုးပွခြင်းကို ကုသပေးနိုင်မည့် ဆေးဝါးများ သောက်သုံးခြင်း
– ဓါတ်ရောင်ခြည် ကုသခြင်း
– အစာအိမ်၏အပေါ်ပိုင်းသည် ရင်ဝမ်းခြား ကန့်လန့်ကာကြွက်သားကို ဖြတ်သန်း၍ အပေါ်ဘက်သို့ ကျွံဝင်နေခြင်း (Hiatal hernia)
– အရက်အလွန်အကျွံ သောက်ခြင်းကြောင့်
– အစာအိမ်အတွင်း အက်ဆစ်ထွက်ခြင်းပမာဏ များခြင်းကြောင့်
– ခန္ဓာကိုယ်၏ ခုခံအားစနစ်က ခန္ဓာကိုယ် အင်္ဂါအစိတ်အပိုင်းကို ပြန်လည်တိုက်ခိုက်ပြီး အစာအိမ်ကို ရောင်းရမ်းစေသည့် Crohn’s ရောဂါ
– ဓါတုပစ္စည်းများကြောင့် ဒဏ်ရာရခြင်း စသည့်အကြောင်းများကြောင့် အစာရေမျိုပြွန်ရောင်ရမ်းခြင်း ဖြစ်တတ်ပါသည်။
အစာအိမ်ရောင်ရမ်းခြင်းနှင့် အူသိမ်ဦးပိုင်း ရောင်ရမ်းခြင်းကို ဖြစ်စေသော အကြောင်းရင်းများ
အစာအိမ်ရောင်ရမ်းခြင်းနှင့် အူသိမ်ဦးပိုင်း ရောင်ရမ်းခြင်း၏ အဖြစ်အများဆုံး အကြောင်းရင်းတစ်ချက်မှာ H.pylori ရောဂါပိုး ကူးစက်ခံရခြင်းကြောင့် ဖြစ်ပါသည်။
ထိုသို့ကူးစက်ခံရခြင်းသည် အစာအိမ်နံရံများကို ရောင်ရမ်းစေ၍ အန္တရာယ်ရှိသော အနေအထားများသို့ ဦးတည်စေပါသည်။
ထိုဘက်တီးရီးယားရောဂါပိုးသည် တစ်ကိုယ်ရည်သန့်ရှင်းမှု အားနည်းသော အခြေအနေများတွင် လူတစ်ဦးမှတစ်ဦးသို့ ကူးစက်ပျံ့နှံ့စေနိုင်ကြောင်း တွေ့ရှိရပါသည်။
အစာအိမ်နှင့်အူသိမ်ဦးပိုင်းကို ရောင်ရမ်းစေသော အခြားအကြောင်းရင်းများမှာ
– ဓါတ်ရောင်ခြည်ကုသမှု
– သည်းခြေရည်များ အစာအိမ်အတွင်းသို့ ပြန်လည်ဆန်တက်ခြင်း
– Crohn’s ရောဂါ
– ပြင်းထန်သည့် စိတ်ဖိစီးမှု ဖြစ်ခြင်း
– အချို့သော ဗိုင်းရပ်စ်ကူးစက်ရောဂါများ
– ခန္ဓာကိုယ်၏ ခုခံအားစနစ်က ပြန်လည်တိုက်ခိုက်သည့် အခြေအနေများ
– NSAID အကိုက်အခဲပျောက်ဆေးများ
– ခန္ဓာကိုယ်၏ ခုခံအားစနစ်က မိမိခန္ဓာကိုယ်၏ အစိတ်အပိုင်းများ အထူးသဖြင့်အူလမ်းကြောင်းကို တိုက်ခိုက်သည့် Coeliac ရောဂါ
– အူသိမ်ဦးပိုင်း၏ အပေါ်ယံလွှာအတွင်းတွင် သွေးဖြူဥတစ်မျိုးဖြစ်သော Lymphocytes အရေအတွက် များပြားလာခြင်းပြဿနာ စသည့်အခြေအနေများတွင် အစာအိမ်နှင့်အူသိမ်ဦးပိုင်း ရောင်ရမ်းခြင်း ဖြစ်ပွားစေနိုင်ပါသည်။
ရောဂါလက္ခဏာများ
အစာရေမျိုပြွန် ရောင်ရမ်းခြင်း၏ ရောဂါလက္ခဏာရပ်များ
အစာရေမျိုပြွန် ရောင်ရမ်းခြင်း၏ ရောဂါလက္ခဏာများမှာ
– ပျို့ခြင်း
– အန်ခြင်း
– ချောင်းဆိုးခြင်း
– အစားအသောက် ပျက်ခြင်း
– ကိုယ်အလေးချိန် လျော့ကျခြင်း
– ရင်ဘက်အောင့်ခြင်း (အစာမျိုချသည့်အခါတွင် ပိုမိုဆိုးရွားတတ်ပါသည်)
– လည်ပင်းနာခြင်း
– အသံပြောင်းလဲခြင်း
– အစာအိမ်အတွင်းမှ အစာခြေချဉ်ရည်များ အစာရေမျိုပြွန်အတွင်းသို့ ဆန်တက်ခြင်း
– ဝမ်းဗိုက်အောင့်ခြင်း
– ရင်ပူခြင်း
– ဖျားနာခြင်း
– ကြွက်သားများနာကျင်ခြင်း
– ခေါင်းကိုက်ခြင်း
– မောခြင်းတို့ ဖြစ်ကြပါသည်။
အကယ်၍ အထက်ပါလက္ခဏာများသည် ရက်အနည်းငယ်ကြာသည့်တိုင်အောင် ပျောက်ကင်းခြင်းမရှိဘဲ ပိုမိုဆိုးရွားလာပါက ဆရာဝန်နှင့်ချက်ခြင်းပြသရန် လိုအပ်ပါသည်။ ထိုသို့မပြသပါက အစာရေမျိုပြွန် ကျဉ်းမြောင်းသည့်ပြဿနာ ဖြစ်ပေါ်ခံစားရနိုင်ပါသည်။
အစာအိမ်ရောင်ရမ်းခြင်း၏လက္ခဏာများ
အစာအိမ်ရောင်ရမ်းခြင်း၏လက္ခဏာများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
– အစာမကြေခြင်း
– ဝမ်းဗိုက်အောင့်ခြင်း
– လေထခြင်း
– အန်ခြင်း (သွေးရောင်ပါတတ်ပါသည်)
– အစားအသောက် ပျက်ခြင်း
– ဝမ်းအမည်းရောင် သွားခြင်း
– ဝမ်းဗိုက်နှင့်ရင်ဘတ်တွင် ပူစပ်ပူလောင်ခံစားရခြင်း
– ပျို့ခြင်း
– မကြာခဏ ဝမ်းဗိုက်မအီမသာဖြစ်ခြင်း စသည်တို့ ဖြစ်ပါသည်။
အူသိမ်ဦးပိုင်းရောင်ရမ်းခြင်း၏ လက္ခဏာများ
အူသိမ်ဦးပိုင်း ရောင်ရမ်းခြင်းသည်လည်း အစာအိမ်ရောင်ရမ်းခြင်း လက္ခဏာများနှင့် များစွာကွာခြားခြင်း မရှိပါ။
– သံဓါတ်ချို့တဲ့ခြင်းကြောင့် သွေးအားနည်းရောဂါဖြစ်ခြင်း
– အစာမကြေခြင်း
– ခေါင်းကိုက်ခြင်း
– အစာစတင်စားလိုက်သည်နှင့် ဗိုက်ဝရင်ပြည့်သကဲ့သို့ ခံစားရခြင်း
– ဝမ်းဗိုက်အောင့်ခြင်း
– ကတ္တရာစေးရောင် ဝမ်းသွားခြင်း
– လေထခြင်း
– အစာစားချင်စိတ် မူမမှန်ခြင်း
– အစာအိမ်အတွင်းမှ အက်စစ်ရည်များ အစာအိမ်ရေမျိုပြွန်အတွင်းသို့ ဆန်တက်ခြင်း စသည်တို့ ဖြစ်ကြပါသည်။
အထက်ပါတွင် ဖော်ပြခဲ့သည့်အတိုင်း အစာရေမျိုပြွန်၊ အစာအိမ်နှင့် အူသိမ်ဦးပိုင်းများ ရောင်ရမ်းခြင်းတို့ကို ဖြစ်ပွားစေသော အကြောင်းရင်းများနှင့် ရောဂါလက္ခဏာများကို သိရှိထားခြင်းအားဖြင့် တစ်စုံတစ်ရာအကျိုးရှိနိုင်မည်ဟု မျှော်လင့်လျက် ….