မိမိတို့နေ့စဉ်ပုံမှန် စားသုံးသော အစားအစာအချို့ကြောင့် အစာအိမ်အူလမ်းကြောင်းအတွင်း ဂက်စ် (Gas) သို့မဟုတ် လေထုတ်လုပ်မှုဖြစ်စေပြီး အူလမ်းကြောင်းတစ်လျှောက် ကြွက်သားများ ကောင်းစွာအလုပ်မလုပ်နိုင်သဖြင့် ဝမ်းဖောဝမ်းရောင် ခံစားလာရခြင်းဖြစ်သည်။ ကာဗိုဟိုက်ဒရိတ် ကစီဓာတ်နှင့် အခြားဓာတ်မတည့်မှု ဖြစ်စေသော အစာများ စားမိခြင်းကြောင့် အချဉ်ဓာတ်ထုတ်သော ဗက်တီးရီးယားပိုးမွှားများ ပေါက်ဖွားပြီး ဝမ်းဖောဝမ်းရောင် ဖြစ်တတ်သည်။
အချို့သူများတွင် ဦးနှောက်နှင့်အူလမ်းကြောင်း ဆက်စပ်ပေးသော အာရုံကြောအဖွဲ့အစည်းများ တုံ့ပြန်မှုအားကောင်းသောကြောင့် ပုံမှန်ဂတ်စ်၊ သို့မဟုတ် လေထုတ်လုပ်မှုနှင့်ပင် ဝမ်းဖောဝမ်းရောင်ဖြစ်ခြင်း ခံစားရနိုင်ပါသည်။ စိတ်ဖိစီးမှုနှင့် စိုးရိမ်စိတ်များခြင်းနှင့် နာတာရှည် အစာအိမ်အူလမ်းကြောင်း လှုပ်ရှားမှုမမှန်သောရောဂါ (Irritable Bowel Syndrome) နှင့် တာရှည်ဝမ်းချုပ်ခြင်းကဲ့သို့ အခြားသော ရောဂါအခြေအနေများတွင်လည်း ဝမ်းဖောဝမ်းရောင် ဖြစ်တတ်သည်။ စိတ်ဖိစီးမှုလျှော့ချပေးနိုင်သော အသက်ရှုဖြေလျော့လေ့ကျင့်ခန်းများ (Relaxation Breathing Technique) နှင့် ယောဂကျင့်ခြင်း၊ ပုံမှန်ကိုယ်လက်လှုပ်ရှားမှုများ ပြုလုပ်ပေးခြင်းဖြင့် အစာအိမ်အူလမ်းကြောင်း ကျန်းမာရေးကိုထောက်ပံ့ပေးနိုင်သည်။
ပုံမမှန်သော ကိုယ်တွင်းအင်္ဂါတုံ့ပြန်မှု (Abnormal Viscerosomatic Reflex) ကြောင့် ရင်ဝမ်းခြားကြွက်သား၊ ရင်ဘတ်နှင့်ဝမ်းဗိုက်ကြွက်သားများ ညစ်အားလှုပ်ရှားမှုဖြင့် အူလမ်းကြောင်းထဲ၌ လေများကိုဖြစ်ပေါ်စေသည်။ ထမင်းစားနေစဉ် စကားများများပြော၍ စားခြင်း၊ နှာခေါင်းနှင့် အသက်မရှူဘဲ ပါးစပ်နှင့် အသက်ရှူ ခြင်းတို့ကြောင့် အစာအိမ်လမ်းကြောင်းထဲသို့ လေများပိုမိုဝင်ပြီး လေပွကာ ဝမ်းဖောဝမ်းရောင် ဖြစ်တတ်ပါသည်။
ဝမ်းဖောဝမ်းရောင်ဖြစ်လျှင် ဗိုက်အောင့်ခြင်း၊ ဗိုက်နာခြင်း၊ လေထိုးခြင်း၊ လေပွခြင်း၊ ဝမ်းလျှောခြင်း၊မကြာခဏ ကြို့ထိုးခြင်း ၊အားကုန်၍ ပင်ပန်းခြင်းစသည့် ရောဂါလက္ခဏာများ ခံစားရတတ်သည်။ ဝမ်းဖောဝမ်းရောင်ခြင်းကြောင့် အစာစားပြီးနောက် ဗိုက်အောင့်နာကျင်မှုကို ခံစားရလျှင် အစာအိမ်ရောင်ခြင်း၊ အူအတက်ရောင်ခြင်းတို့နှင့် အထင်မှားတတ်ပါတယ်။
မိမိတို့စားသုံးသော အစားအစာတွင် အစာအိမ်တွင်း ဂက်စ် ထုတ်လုပ်မှုများစေတတ်သော ပန်းဂေါ်ဖီစိမ်း၊ ဂေါ်ဖီပန်းပွင့်၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ နှင့် အခြားအသီးအရွက်များ၊ အစေ့အဆန်၊ ပဲနီလေးကဲ့သို့ ပဲများ၊ ကာဗွန်ဒိုင်အောက်ဆိုဒ် ဂက်စ် Gas ပါဝင်သော အချိုရည်များ သောက်သုံးမှုများလျှင် ဝမ်းဖောဝမ်းရောင် ဖြစ်တတ်ပါသည်။ ထို့ကြောင့် ဝမ်းဖောဝမ်းရောင် သက်သာစေရန် အထက်ပါအစားအစာများ စားသုံးခြင်းကို ဆင်ခြင်သင့်သည်။
အချို့အိမ်သုံးဆေးဝါးနှင့် ဆရာဝန်ညွှန်ကြားမှုဖြင့်သာ သောက်ရသောဆေးများဖြင့်လည်း ဝမ်းဖောဝမ်းရောင်ဝေဒနာကို ကုသနိုင်ပါသည်။ အစာအိမ်လှုပ်ရှားမှာမှန်စေသော Antispasmodics ဆေးများ၊ prokinetic ဆေးများ၊ ပိုးသတ်ဆေးများကို ဆရာဝန်ညွှန်ကြားမှုဖြင့် သောက်သုံးနိုင်ပါသည်။ အစာအိမ်အူလမ်းကြောင်း ကောင်းကျိုးပြု ဗက်တီးရီးယားနှင့် Yeast ပါဝင်သော Probiotics ဖြည့်စွက်စာများကိုလည်း သောက်သုံးပေးနိုင်သည်။ ဗီတာမင် အေ၊ ဗီတာမင် ဘီ၊ ဗီတာမင် ဒီ၊ ဗီတာမင်အီးဓာတ်တို့ပါသော အစားအစာများလည်း ဖြည့်စွက်စားသုံးပေးသင့်ပါသည်။
အထက်ဖော်ပြပါ အစားအသောက် အနေအထိုင်ပြောင်းလဲခြင်းဖြင့်ကုသနိုင်သော်လည်း အစာအိမ်ရောင်ရမ်းခြင်း၊ သည်းခြေကျောက်တည်ခြင်း၊ အစာချေစနစ်ချို့ယွင်းခြင်း ၊ဝမ်းကိုက်ရောဂါ စသော အစာအိမ်အူလမ်းကြောင်းရောဂါများကို သတိပြုကုသနိုင်ရန် ဝမ်းဖောဝမ်းရောင်ဖြစ်ရသည့် အကြောင်းရင်းများနှင့် လိုအပ်သောရောဂါစစ်ဆေးမှုများကို တတ်ကျွမ်းနားလည်သော ဆရာဝန်နှင့် ဆွေးနွေးကုသမှု ခံယူသင့်ကြောင်း အသိပေးမျှဝေပေးလိုက်ရပါတယ်။