အစားမှားလို့ပဲဖြစ်ဖြစ်၊ တစ်ကိုယ်ရည်သန့်ရှင်းရေးမကောင်းလို့ပဲဖြစ်ဖြစ် လူတိုင်းဘဝမှာ ဝမ်းပျက်ဝမ်းလျှောဖြစ်ဖူးကြပါတယ်။ ဝမ်းလျှောပြီဆိုရင် စိတ်အနှောင့်အယှက်ဖြစ်ရုံသာမက နေ့စဥ်လုပ်ငန်းဆောင်တာတွေဆောင်ရွက်ဖို့ပါ အခက်အခဲဖြစ်စေပါတယ်။ ဝမ်းလျှောတာကို ပေါ့တီးပေါ့ဆမနေသင့်ပါဘူး။ ဝမ်းလျှောတာများလွန်းရင် ခန္ဓာကိုယ်ကရေဓာတ်နဲ့ Electrolytes တွေဆုံးရှုံးတာကြောင့် ရေ၊ ဓာတ်ဆားစတာတွေ ပြန်လည်မဖြည့်တင်းပေးနိုင်ရင် အသက်ဆုံးရှုံးတဲ့အထိ အန္တရာယ်ရှိစေနိုင်ပါတယ်။ ဝမ်းလျှောရင် မိမိဝမ်းရဲ့အရောင်၊ အနံ့၊ သွေးပါမပါ၊ တစ်နေ့ဘယ်နှကြိမ်သွားသလဲ စတာတွေကိုလည်း သတိပြုမိရပါမယ်။ အဲဒါတွေသိမှသာ ဝမ်းလျှောတာဟာ အစားမှားတာကြောင့်လား၊ တခြားရောဂါတွေကြောင့်လားဆိုတာကို ဆရာဝန်ကစစ်ဆေးပေးနိုင်မှာဖြစ်ပါတယ်။
ပထမအရေးအကြီးဆုံးကတော့ မိမိဝမ်းသွားသလောက် ဆုံးရှုံးသွားတဲ့ရေဓာတ်ပမာဏကို လုံလောက်အောင် ပြန်လည်ဖြည့်တင်းနိုင်ဖို့ပဲဖြစ်ပါတယ်။
ရေဓာတ်ရရှိဖို့ဆိုရင် –
- အရည်များများသောက်ပါ။ ရေ၊ စွပ်ပြုတ်ရည်၊ သစ်သီးဖျော်ရည်စတာတွေကိုသောက်လို့ရပါတယ်။ ဝမ်းတစ်ခါလျှောပြီးတိုင်း ဓာတ်ဆားရည်တစ်ခွက်ပြန်သောက်ပေးတာ အကောင်းဆုံးဖြစ်ပါတယ်။ ဆားဓာတ်ပါဝင်တဲ့အရည်တွေဟာ ခန္ဓာကိုယ်တွင်းရေဓာတ်ကိုပြန်လည်ထိန်းသိမ်းပေးနိုင်ပါတယ်။
- ကော်ဖီနဲ့အရက်ကတော့ ဝမ်းလျှောတာကို ပိုတောင်ဆိုးစေနိုင်လို့ ဝမ်းသွားနေတဲ့အချိန် မသောက်သင့်ပါဘူး။ ပူလွန်း၊ အေးလွန်းတဲ့ဖျော်ရည်တွေကိုလည်း ရှောင်ရှားရမှာဖြစ်ပါတယ်။
ဝမ်းလျှောနေတဲ့အချိန်ဆိုရင် အစားအစာတွေကိုလည်းဆင်ခြင်စားသုံးဖို့လိုပါတယ်။
- အစာကိုနည်းနည်းစီနဲ့ အကြိမ်များများစားပါ။ အစာအများကြီး တစ်ပြိုင်တည်းစားလိုက်ပါက အစာအိမ်နဲ့အူလမ်းကြောင်းပိုမိုအလုပ်လုပ်ရတဲ့အတွက် ဝမ်းလျှောခြင်းကို ပိုဆိုးစေပါတယ်။ ဒါကြောင့် အစာကြေလွယ်အောင် တစ်နေ့ကို နည်းနည်းစီနဲ့ ၅ ကြိမ်လောက်ခွဲပြီးစားပေးသင့်ပါတယ်။
- ဗိုက်ဆာလာတဲ့အချိန်မှစားပါ။ ဒီအချိန်စားနေကြမို့ဆိုပြီး မဆာဘဲအတင်းစားလိုက်တာဟာ ဝမ်းလျှောတာကို ပိုဆိုးစေနိုင်ပါတယ်။
- အသား၊ ငါးတွေကို ကြော်မစားဘဲပြုတ်စားပါ။ လေပွစေတဲ့အစားအစာတွေဖြစ်တဲ့ ဆီးသီး၊ ဘယ်ရီသီး၊ ပဲ၊ ပဲစေ့၊ ပြောင်း စတာတွေကို ဝမ်းလျှောနေချိန်မှာ မစားသင့်ပါ။
- ဒိန်ချဥ်သောက်ပါ။ ဒိန်ချဥ်ထဲမှာ အူလမ်းကြောင်းကျန်းမာစေတဲ့ ပိုးကောင်းလေးတွေပါဝင်တာကြောင့် ဝမ်းလျှောတာကိုသက်သာစေနိုင်ပါတယ်။
ဝမ်းလျှောတဲ့အချိန်မှာ ဆင်ခြင်စားသောက်ရမယ့် အစားအသောက်တွေကို သိရှိပြီးသွားပြီဆိုရင်တော့ လိုက်နာဆင်ခြင်ရမယ့်အမူအကျင့်တွေကို ပြောပြပေးသွားပါမယ်။
▪︎လက်ဆေးပါ။
ဝမ်းလျှောစေတဲ့ပိုးဟာ မသန့်ရှင်းတဲ့လက်ကတစ်ဆင့် ကူးစက်တာများပါတယ်။ အစာမစားခင်နဲ့ အိမ်သာတက်ပြီးတိုင်း မဖြစ်မနေလက်ဆေးရပါမယ်။ လက်ဆေးတဲ့အခါမှာ အနည်းဆုံးစက္ကန့်၂၀ခန့် ရေနဲ့ဆပ်ပြာနဲ့သေချာစွာပွတ်တိုက်ဆေးကြောရပါမယ်။ လူအများအသုံးပြုတဲ့မသန့်ရှင်းတဲ့ ပစ္စည်းတွေကိုင်ပြီးရင် လက်မဆေးဖြစ်ရင်တောင် အယ်လ်ကိုဟောပါဝင်တဲ့ လက်သန့်ဆေးရည်ကို အသုံးပြုပေးရပါမယ်။ “ဖဝါး၊ ဖမိုး၊ လက်ခေါက်ချိုး၊ လက်ကြား၊ လက်မ မကျန်စေရ၊ ကုတ်၍ခြစ်ပါ လက္ခဏာ၊ လက်ကောက်ဝတ်မှာအဆုံးသတ်ပါ” ဆိုတဲ့ကဗျာလေးအတိုင်း လက်ဆေးတဲ့အခါမှာ လက်ကိုနေရာအနှံ့ စင်ကြယ်စွာဆေးပေးဖို့လိုပါတယ်။
▪︎ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေမလုပ်ရပါ။
ကိုယ်လက်လှုပ်ရှားမှု ပြင်းထန်စွာလုပ်ခြင်းဟာ ချွေးထွက်များစေတဲ့အတွက် ရေဓာတ်ဆုံးရှုံးပါတယ်။ ဝမ်းလျှောခြင်းကြောင့်လည်း ရေဓါတ်ဆုံးရှုံးမှုများတဲ့အတွက် ဝမ်းသွားနေတဲ့အချိန် လေ့ကျင့်ခန်းလုပ်တာကို ရပ်နားထားသင့်ပါတယ်။ ဒါ့ပြင် ဝမ်းဗိုက်မအီမသာဖြစ်ခြင်းနဲ့ ပျို့ခြင်းကဲ့သို့သော လက္ခဏာတွေလည်း ပိုမိုခံစားရတတ်ပါတယ်။
ဝမ်းလျှောတာဟာစိုးရိမ်ရလား။ ဘယ်အချိန်မှာ ဆရာဝန်သွားပြသင့်လဲ။
▪︎၀မ်းလျှောတာ ၂ရက်ထက် ပိုကြာရင်၊
▪︎ဗိုက်အလွန်အောင့်နေရင်၊
▪︎သောက်သမျှ ပြန်အန်နေရင်၊
▪︎ရေဓာတ်ဆုံးရှုံးပြီး အလွန်အားနည်းနေရင်၊
▪︎အဖျား ၁၀၂’F နဲ့အထက်ရှိရင်၊
▪︎ဝမ်းမည်းတာ၊ သွေးပါတာ၊ ကတ္တရာစေးလိုမျိုးဖြစ်ရင်၊
ဆရာဝန်နဲ့မဖြစ်မနေ ပြသတိုင်ပင် သင့်ပါတယ်။ သာမန်ဝမ်းလျှောတာမျိုးဆိုရင် ရေဓာတ်၊ ဓာတ်ဆားစတာတွေ ပြန်လည်သောက်သုံးပေးရင် အခြားဘယ်ဆေးမှမလိုဘဲ ၁ရက်၂ရက်နေရင်သက်သာသွားတတ်ပါတယ်။ အထက်မှာဖော်ပြထားတဲ့ နည်းလမ်းတွေအတိုင်း ဆင်ခြင်နေထိုင်မယ်ဆိုရင် ဝမ်းလျှောခြင်းကို အမြန်ဆုံးသက်သာစေမှာဖြစ်ပါတယ်။
Author: Dr. Aye Myat