အစာအိမ်နှင့်သက်ဆိုင်သော ရောဂါလက္ခဏာများသည် အစာခြေလမ်းကြောင်းစနစ်ကို ထောက်ပံ့သော အာရုံကြောအချို့ကို ထိခိုက်ခြင်းကြောင့် ဖြစ်လာခြင်းဖြစ်ကြောင်း တွေ့ရှိရပါသည်။
အစာအိမ်ရောဂါလက္ခဏာများ။
အောက်ပါတို့သည် အဖြစ်များသော အစာအိမ်ရောဂါလက္ခဏာများ ဖြစ်ကြပါသည်။
– လေတက်ခြင်း
– လေလည်ခြင်း
– ဝမ်းဗိုက်ကယ်ခြင်း
– ဝမ်းဗိုက်အောင့်ခြင်း
– ဝမ်းဗိုက်တွင် တင်းကြပ်ကြပ်ဖြစ်သည်ဟု ခံစားရခြင်း စသည့်ရောဂါ လက္ခဏာများဖြစ်ကြပါသည်။
ဘယ်လိုအခြေအနေမျိုးမှာ ဆရာဝန်နှင့်ပြသသင့်ပါသလဲ။
အထက်ပါ အစာအိမ်ရောဂါလက္ခဏာများသည် အခြားလက္ခဏာများနှင့် တွဲ၍တွေ့ရှိရလျှင် အစာအိမ်ရောဂါလက္ခဏများ ပိုမိုဆိုးရွားလာသည်ကို ရည်ညွှန်းပါသည်။
၎င်းတို့မှာ
– သွေးဝမ်းသွားခြင်း
– ဝမ်းသွားသည့် အကြိမ်အရေအတွက်ပြောင်းလဲလာခြင်း
– ခန္ဓာကိုယ်အလေးချိန် ကျဆင်းလာခြင်း
– ဝမ်းချုပ်ခြင်း သို့မဟုတ် ဝမ်းလျှောခြင်း
– မကြာခဏပျို့ခြင်း၊ အန်ခြင်း
– အချိန်ကြာမြင့်စွာ ဝမ်းဗိုက်အောင့်ခြင်း၊ နာခြင်း
– ရင်ဘတ်အောင့်ခြင်း စသည်တို့ ဖြစ်ကြပါသည်။
ထိုရောဂါလက္ခဏာများနှင့်တွဲ၍တွေ့ရှိရပါက ဆရာဝန်နှင့် အမြန်ဆုံးတိုင်ပင်၍ စနစ်တကျ ဆေးကုသမှုခံယူရန် လိုအပ်ပါသည်။
အစာအိမ်ရောဂါလက္ခဏာ ဖြစ်ပေါ်ရခြင်း အကြောင်းရင်းများ။
အောက်ပါတို့သည် အစာအိမ်ရောဂါ လက္ခဏာဖြစ်ရခြင်း၏ အကြောင်းရင်းများ ဖြစ်ကြပါသည်။
– အစာအိမ်လေရောဂါဖြစ်စေသော အစားအစာများ။
အမျှင်ဓာတ် များပြားစွာပါဝင်သော အစားအစာများ (ဥပမာ ပဲအမျိုးမျိုး ၊ သစ်သီးများ၊ ဟင်းသီးဟင်းရွက်များ ၊ အစေ့အဆန်များ) စသည့် အစားအစာများ ဖြစ်ကြပါသည်။
– ဆိုဒါနှင့် အရက်ဘီယာများ။
– ဆီးချိုသကြားများ။
– အချို့သောရောဂါများ။
( ၁ ) နာတာရှည် အူလမ်းကြောင်း ရောဂါများ။
Diverticulitis, Ulcerative colitis , Crohn’s disease စသော နာတာရှည်အူလမ်းကြောင်း ရောဂါများကြောင့်လည်း အစာအိမ်လေရောဂါလက္ခဏာများကို ဖြစ်စေနိုင်ကြောင်း တွေ့ရှိရပါသည်။
( ၂ ) အူလမ်းကြောင်းတွင် ဘက်တီးရီးယားပိုးများ ကြီးထွားပေါက်ဖွားသည့်အခြေအနေများ။
အူသိမ်ပိုင်းတွင် ဘက်တီးရီးယားပိုးများ ပေါက်ဖွားခြင်း၊ အရေအတွက် များပြားလာခြင်းကြောင့် အစာအိမ်လေပွခြင်း ၊ ဝမ်းလျှောခြင်းနှင့် ခန္ဓာကိုယ် အလေးချိန်ကျဆင်းခြင်းတို့ ဖြစ်လာနိုင်ပါသည်။
( ၃ ) အချို့သော အစားအစာများကို ကောင်းစွာစုပ်ယူနိုင်မှု မရှိခြင်း။
နို့ထွက်ပစ္စည်းများတွင် တွေ့ရသည့် Lactose သကြားဓာတ်များ သို့မဟုတ် ဂျုံ နှင့် ဘာလီ စသော အစားအစာများတွင် တွေ့ရသော Gluten ပရိုတင်းဓာတ်များကို ကောင်းစွာ ဖြိုခွဲခြင်း ၊ စုပ်ယူခြင်း မလုပ်နိုင်သော အခြေအနေများတွင်လည်း အစာအိမ်ရောဂါ လက္ခဏာများဖြစ်နိုင် ကြောင်း တွေ့ရှိရပါသည်။
( ၄ ) ၀မ်းချုပ်ခြင်း
ဝမ်းချုပ်ခြင်း လက္ခဏာကြောင့်လည်း အစာအိမ်ရောဂါလက္ခဏာများ ဖြစ်လာနိုင်ပါသည်။
အစာအိမ်ရောဂါကို သက်သာပျောက်ကင်းစေသော နည်းလမ်းများ
အစာအိမ်လေရောဂါလက္ခဏာများသည် အောက်ပါနည်းလမ်းများကို လိုက်နာခြင်းဖြင့် သက်သာပျောက်ကင်းနိုင်ကြောင်း တွေ့ရှိရပါသည်။
– ပန်းသီးရှာလကာရည်ကို သောက်ပါ။
ပန်းသီးရှာလကာရည် ပါဝင်သော ရေတစ်ဖန်ခွက်ကို သောက်သုံးခြင်းဖြင့် အစာအိမ် လေရောဂါလက္ခဏာများကို ပျောက်ကင်းစေနိုင်ပါသည်။
– ထောပတ်နို့ ကိုသောက်ပါ။
ထောပတ်နို့ တစ်ခွက်ကို သောက်ပေးခြင်းဖြင့်လည်း အစာအိမ် လေရောဂါလက္ခဏာများကို ဖယ်ရှားနိုင်မည် ဖြစ်ပေသည်။
– ရေများများသောက်ပေးပါ။
ရေဓာတ်သည် အစားအစာများနှင့် အဖျော်ယမကာများကို ခြေဖျက်နိုင်ရန်အတွက် လိုအပ်သော အရာတစ်ခုဖြစ်ပါသည်။
ရေဓာတ်ခန်းခြောက်ခြင်းသည် အစာခြေဖျက်ခြင်းကို ပို၍ခက်ခဲစေသည့်အတွက် အစာမကြေဖြစ်ခြင်းနှင့် အခြားအစာအိမ်ရောဂါလက္ခဏာများကိုဖြစ်စေနိုင်သော အကြောင်းရင်းတစ်ခုဖြစ်ပါသည်။
– ပက်လက်အနေအထားဖြင့်လဲလျောင်းခြင်းမှရှောင်ကြဉ်ပါ။
ပက်လက်အနေအထားဖြင့် လဲလျောင်းခြင်းသည် အစာအိမ်မှ အက်ဆစ်များကို အထက်သို့ ဆန်တက်ခြင်းအား ဖြစ်စေသောကြောင့် ရင်ပူခြင်းလက္ခဏာကို ဖြစ်စေနိုင်ပါသည်။
– ချင်း ကိုစားပေးပါ။
ချင်းသည် အစာမကြေဖြစ်ခြင်း၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း တို့ကို သက်သာပျောက်ကင်းစေနိုင်သော သဘာ၀ ဆေးဘက်ဝင်အစားအစာတစ်မျိုးဖြစ်ပါသည်။
ချင်းတွင် ပါဝင်သော ဓာတုပစ္စည်းများသည် အစာအိမ်ကျုံ့ညှစ်ခြင်းကို မြန်စေနိုင်သည့်အပြင် ပျို့အန်ခြင်း၊ ဝမ်းလျှောခြင်းတို့ကိုလည်း လျော့နည်းစေနိုင်သော အာနိသင်ရှိကြောင်း လက်ခံယုံကြည် ထားကြပါသည်။
– ရေနွေးဖြင့် ရေချိုးခြင်း သို့မဟုတ် ရေနွေးအိတ်ဖြင့် ကပ်ပေးခြင်းပြုလုပ်ပေးပါ။
အပူချိန်သည် တင်းကြပ်နေသောကြွက်သားများကို ပြေလျော့စေရန်ကူညီနိုင်သော ဂုဏ်သတ္တိရှိသောကြောင့် အစာအိမ်ကြွက်သားများကိုလည်း ပြေလျော့ပေးနိုင်ကြောင်း တွေ့ရပါသည်။
ထို့ကြောင့် အစာအိမ်လေရောဂါ ခံစားနေရသောသူများသည် ရေနွေးဖြင့် ရေချိုးခြင်း သို့မဟုတ် ဝမ်းဗိုက်ကို ရေနွေးအိတ်နွေးနွေးဖြင့် ကပ်ပေးခြင်းတို့ကို ပြုလုပ်သင့်ကြောင်း အကြံပြုလိုပါသည်။
– ဆေးလိပ်၊ အရက်သောက်ခြင်းမှ ရှောင်ကြဉ်ပါ။
ဆေးလိပ်သောက်ခြင်းသည် လည်ချောင်းကို ကသိကအောင့်ဖြစ်စေနိုင်ပြီး အစာအိမ်လက္ခဏာများကိုလည်း အားပေးနိုင်ပါသည်။
ထို့အတူအရက်သောက်ခြင်းသည်လည်း အစာခြေဖျက်ရန် ခက်ခဲခြင်းကို ဖြစ်စေပြီး အသည်းနှင့် အစာအိမ်တို့ကို ထိခိုက်ပျက်စီးစေနိုင်ကြောင်း တွေ့ရပါသည်။
ထိုအချက်များကြောင့် အစာအိမ်ဝေဒနာရှိသူများသည် အရက်နှင့် ဆေးလိပ်သောက်ခြင်းမှ ရှောင်ကြဉ်သင့်ပေသည်။
– အစာခြေဖျက်ရန်ခက်ခဲသော အစားအစာများစားခြင်းမှ ရှောင်ကြဉ်ပါ။
ဆီကြော်အစားအစာများ၊ အငန်ဓာတ်များသော အစားအစာများ၊ မပုပ်သိုးစေရန် စီမံထားသော တာရှည်ခံဓာတုပစ္စည်းများပါဝင်သော အစားအစာများစားသုံးခြင်းမှ ရှောင်ကြဉ်ခြင်းသည် အစာအိမ်ရောဂါ ပြဿနာများကို ဖြေရှင်းနိုင်ပါသည်။
– အုန်းရည်သောက်ပေးပါ။
အုန်းရည်တွင် ပိုတက်ဆီယမ်နှင့် မဂ္ဂနီဆီယမ်ဓာတ် မြင့်မားစွာ ပါဝင်သည့်အတွက် ကြွက်သားနာကျင်ခြင်း၊ ကြွက်တက်ခြင်း လက္ခဏာများကို သက်သာစေနိုင်သော အစားအစာအဖြစ် လက်ခံယုံကြည် ထားကြပါသည်။
ထို့အပြင် အုန်းရည်ကို သောက်သုံးခြင်းဖြင့် အစာမကြေခြင်း နှင့် အစာအိမ်ရောဂါဝေဒနာများကို သက်သာပျောက်ကင်းစေနိုင်ကြောင်း အကြံပြုအပ်ပါသည်။