“အစားမတော် တစ်လုတ်” ဆိုတဲ့ စကားအတိုင်း တစ်ခါတစ်ရံမှာ ကိုယ်ကြိုက်တဲ့အစားအစာ စားနေတဲ့အခါ၊ ဒါမှမဟုတ် ဗိုက်အရမ်းဆာနေချိန်မှာ အလွန်အကျွံစားမိပြီး အစာမကြေခြင်းကို ခံစားရဖူးမှာပါ။
ဘယ်သူတွေမှာ ပိုပြီးခံရနိုင်သလဲဆိုရင် အစာအိမ်အနာ ရှိသူများ၊ အစာအိမ်ရောင်ခြင်း၊ အစာအိမ်အချဉ်ပြန်ရောဂါ(GERD) စတဲ့ အစာအိမ်ရောဂါ ဖြစ်သူတွေမှာ အစာမကြေခြင်းကို ပိုမို ခံစားရနိုင်ပါတယ်။
အစာမကြေတာဟာ အတွေ့ရများတဲ့ ပြဿနာတစ်ခုဖြစ်ပေမဲ့ သက်သာအောင် လုပ်လို့ရတဲ့ နည်းလမ်းတွေလည်း အများကြီးရှိပါတယ်။ အထူးသဖြင့် အိမ်တွင်းနည်းလမ်းတွေဟာ အလွယ်ကူဆုံးနဲ့ အစာမကြေတာကို သက်သာစေမယ့် နည်းလမ်းတွေဖြစ်ပါတယ်။ မီးဖိုချောင်နဲ့ မစိမ်းတဲ့သူတွေအတွက်တော့ အခုပြောပြမယ့် နည်းလမ်းတွေဟာ အင်မတန်ရိုးရှင်း လွယ်ကူနေမှာပါ။
သံပရာရည်
သံပရာသီးကို ရေကျက်အေး သို့ ရေနွေးနဲ့ ဖျော်သောက်မယ်ဆိုရင် အစာအိမ်ထဲက အက်စစ်တွေကို ချေဖျက်ပေးပြီး အစာကြေလွယ်စေပါတယ်။ အစာမကြေဖြစ်တတ်သူတွေအနေနဲ့ အစားမစားခင် သံပရာရည် အနည်းငယ်ကို ကြိုပြီးသောက်ထားခြင်းဖြင့် အစာမကြေဖြစ်ခြင်းကို ကာကွယ်နိုင်ပါတယ်။
ချင်း
မြန်မာလူမျိုးတွေရဲ့ လက်စွဲ ဆေးဖက်ဝင်အပင်လို့ လူသိများတဲ့ ဂျင်းဟာ အစာအိမ်မှ အက်စစ်ဓာတ်ကို လျှော့ချပေးပြီး အစာမကြေဖြစ်ခြင်းကို သက်သာစေပါတယ်။ ချင်းပြုတ်ရည် ကို ပျားရည်၊ ဒါမှမဟုတ် ထန်းလျက်နဲ့ ရောသောက်နိုင်ပါတယ်။ ဒါပေမဲ့ ချင်းပြုတ်ရည်ကို အလွန်အကျွံ သောက်မိတဲ့အခါ ရင်ပူခြင်း၊ လေပွခြင်း တွေ ဖြစ်နိုင်တဲ့အတွက် သတိထားပြီး သောက်သုံးသင့်ပါတယ်။
Baking Soda
မုန့်ဖုတ်ဆိုဒါ (Sodium Bicarbonate) ဇွန်းတစ်ဝက်စာကို ရေ ၁၂၀ mlနဲ့ ရောပြီး ဖျော်သောက်မယ်ဆိုရင် အစာမကြေခြင်း၊ လေထိုးခြင်း၊ အစာအိမ် အနာကြောင့် ဗိုက်အောင့်ခြင်း များကို သက်သာစေနိုင်ပါတယ်။ အစာမကြေခြင်းအတွက် အစားမစားခင်၊ ဒါမှမဟုတ် အစားစားပြီး တစ်နာရီ အကြာမှာ သောက်သုံးပေးနိုင်ပါတယ်။ ဒါပေမဲ့ သက်ကြီးပိုင်းတွေကတော့ တစ်နေ့ကို သုံးခါထက်ပိုပြီး သောက်သုံးဖို့ မသင့်တော်ပါဘူး။
စမုန်စပါး
စမုန်စပါးဟာ လေထိုးလေအောင့်ဖြစ်ခြင်း၊ ဗိုက်ရစ်ခြင်းနဲ့ အစာမကြေခြင်းတွေကို သက်သာစေနိုင်ပါတယ်။ စမုန်စေ့ ဇွန်းတစ်ဝက်ကို ရေနွေးဆူတဲ့ အထိပြုတ်ပြီး သောက်သုံးပေးနိုင်ပါတယ်။
Chamomile Tea
စိတ်ဖိစီးမှုများပြီး အိပ်မပျော်ခြင်းတွေအတွက် သောက်သုံးလေ့ရှိတဲ့ Chamomile Teaဟာ နာကျင်တဲ့ ဝေဒနာတွေကို လျော့ပါးစေကာ လေထိုး ဗိုက်အောင့်ဖြစ်ခြင်းနှင့် အစာမကြေဖြစ်ခြင်းကိုလည်း သက်သာစေနိုင်ပါတယ်။
ပူစီနံရွက်
မြန်မာထမင်းဟင်းတို့စရာတွေမှာ ပါလေ့ရှိတဲ့ ပူစီနံရွက်ဟာ ခံတွင်းအနံ့ဆိုးတွေကို ရှင်းပေးသလို အစာမကြေခြင်းအတွက်လည်း အလွန်အသုံးဝင်ပါတယ်။ ဒီအတိုင်း ဝါးစားလို့ရသလို ဖျော်ရည်လုပ်သောက်မယ်ဆိုလည်း အဆင်ပြေပါတယ်။ GERD ရှိသူတွေကတော့ ပူစီနံဟာ အစာအိမ်ချဉ်ရည်တွေ အပေါ်ပြန်တက်စေလို့ ရှောင်သင့်ပါတယ်။
Apple Cider Vinegar
အစာ ခြေဖျက်ပေးတဲ့ အစာအိမ်ထဲက အက်စစ်ဓာတ်နည်းပါးနေခြင်းဟာလည်း အစာမကြေခြင်းကို ဖြစ်ပေါ်စေပါတယ်။ Apple Cider Vinegar ရဲ့သဘာဝဟာ အစာအိမ်ရဲ့ အက်စစ်ဓာတ်ကို တိုးပွားစေလို့ အစာမကြေခြင်းကို သက်သာစေပါတယ်။ဆိုးကျိုးတွေအနေနဲ့ သွားများပျက်စီးခြင်း၊ ရင်ပူခြင်း၊ အရိုးများပျက်စီးလွယ်ခြင်း စတာတွေဖြစ်နိုင်လို့ အလွန်အကျွံမသောက်သုံးသင့်ပါဘူး။
နွယ်ချို
တိုင်းရင်းဆေးတွေထဲမှာ မပါမဖြစ်ပါလေ့ရှိတဲ့နွယ်ချိုဟာ အစာအိမ် အူလမ်းကြောင်း ရောင်ရမ်းပြီး နာကျင်မှုတွေကို သက်သာစေနိုင်လို့ အစာအိမ်ရောဂါအခံကြောင့်ဖြစ်တဲ့ အစာမကြေခြင်းကိုသက်သာစေနိုင်ပါတယ်။ ဒါပေမယ့် အလွန်အကျွံသောက်သုံးမယ်ဆိုရင် သွေးတွင်း ဆိုဒီယမ်နဲ့ ပိုတက်ဆီယမ်ဓာတ်မမျှတခြင်းကြောင့် သွေးတိုးစေခြင်းကို ဖြစ်စေနိုင်လို့ သတိထားသင့်ပါတယ်။