မိုးအကုန်ဆောင်းအကူးလို ရာသီအကူးအပြောင်းများတွင် ဖြစ်လေ့ဖြစ်ထရှိသည့် ကျန်းမာရေး ပြဿနာတွေထဲက တစ်ခုကတော့ အစာအိမ်နဲ့ဆိုင်သော ပြဿနာများပဲဖြစ်သည်။ အပူချိန်မြင့်လွန်း၊ အေးလွန်းသော အခြေအနေများတွင် အစာအိမ်၏ လုပ်ငန်းလုပ်ဆောင်မှုများ ပြောင်းလဲတတ်ပြီး အစာခြေဖျက်မှုနှေးခြင်း၊ အားနည်းခြင်းများ ကြုံတွေ့ရတတ်ပါသည်။ ထို့ကြောင့် အစာကို ပမာဏနည်းနည်းနှင့် အကြိမ်ရေများများခွဲ၍ စားပေးသင့်ပါသည်။
ရာသီဥတုပူပြင်းသော ဆောင်းအကုန် နွေဦးကာလများတွင် ရေဓာတ်ခန်းခြောက်ခြင်း၊ အာခြောက်ရေဆာ အစားပျက်သော Heat Exhaustion ခေါ် အပူကြောင့်အားအင်ကုန်ခမ်းခြင်း၊ အပူလွန်ကဲခြင်းကြောင့် Heat Stroke ခေါ် အပူလေသင်တုန်းဖြတ်ပြီး အစာအိမ်ထိခိုက်ခြင်း၊ အစာအဆိပ်သင့်ခြင်း၊ အစားအသောက်ပျက်ခြင်း၊ အစာအိမ်နာခြင်း စတဲ့ပြဿနာများကို ကြုံတွေ့ရတတ်ပါသည်။ ထို့ပြင် ပူပြင်းသောရာသီဥတုသို့ ပြောင်းသည့်အချိန်များတွင် ဗက်တီးရီးယားပိုးမွှားများ ပေါက်ဖွားမှုများသဖြင့် အစာအဆိပ်သင့်ခြင်းနှင့် ဝမ်းပျက်ဝမ်းလျောခြင်းတို့ ခံစားရလေ့ရှိကြပါသည်။ စိုထိုင်းဆများသော မိုးရာသီကူးပြောင်းစ ကာလများတွင်လည်း အလားတူ ဘက်တီးရီးယားပိုးမွှားများ ပေါက်ဖွားမှုများသဖြင့် အစာအိမ်အူလမ်းကြောင်း ဝေဒနာများကို ခံစားရလေ့ရှိကြပါသည်။
မိုးအကုန်ဆောင်းအကူး ရာသီဥတုအေးလာသော အချိန်များတွင် ခန္ဓာကိုယ်၏ ဇီဝကမ္မလုပ်ငန်းများ လျော့ကျသွားခြင်းကြောင့် အစာအိမ်ရှိအစာခြေဖျက်မှုများ နှေးပြီးအစာမကြေလွယ်ခြင်း၊ အစာအိမ်တွင်းရှိ အက်ဆစ်ဓာတ်ထုတ်မှုများခြင်းကြောင့် ဗိုက်အောင့်ခြင်း အစာအိမ်နာခြင်းတို့ ဖြစ်လွယ်ပါသည်။ အထူးသဖြင့် နံနက်စာစားချိန်တွင် အေးသည့်အစားအစာများကို စားသုံးလျှင် အစာအိမ်၏ သွေးလည်ပတ်မှုမကောင်းပဲ အက်ဆစ်အချဉ်ဓာတ်များပြီး အစာကိုချေဖျက်ရန် ခက်ခဲတတ်သည်။
ထို့ကြောင့် အေးသောရာသီဥတုတွင် အစာကို အက်ဆစ်ဓာတ်ထွက်အောင် လှုံဆော်ပေးသော ဆေးလိပ်သောက်ခြင်း၊ အရက်ပါဝင်သော အဖျော်ယမကာများ သောက်ခြင်းတို့ကိုလည်း ရှောင်ကြဉ်သင့်သည်။ အူလမ်းကြောင်းလှုပ်ရှားမှု မမှန်သောရောဂါ Irritable Bowel Syndrome(IBS) ရှိသူများသည် ရာသီဥတုအေးသောအချိန်များတွင် ရောဂါလက္ခဏာများ ပို၍ခံစားရတတ်လေ့ရှိကြောင်းလည်း တွေ့ရပါသည်။
အချို့သူများတွင် ရာသီအလိုက် ဖြစ်လေ့ရှိသည့် ဓာတ်မတည့်ရောဂါ Seasonal Allergies ကို ရင်ပြည့်ရင်ကယ်ခြင်း၊ ဝမ်းချုပ်ခြင်း၊ ဝမ်းလျှောခြင်း၊ စားချဉ့်ပြန်ခြင်း၊ ပျို့အန်ခြင်း၊ လေပွခြင်း၊ ဗိုက်အောင့်ခြင်းစသည့် သတိမမှုမိသော လက္ခဏာများအနေဖြင့်လည်း တွေ့ရနိုင်ပါသည်။ ရာသီအကူးအပြောင်း ကာလများတွင် ကိုယ်လက်လှုပ်ရှားမှု နည်းခြင်းကြောင့်လည်း အစာခြေဖျက်မှုနှေးခြင်း အစာမကြေခြင်းစတဲ့ အစာအိမ်ပြဿနာများ ကြုံတွေ့ရနိုင်ပါသည်။ ထို့ကြောင့် မိမိပုံမှန်လုပ်ဆောင်နေကျ ကိုယ်လက်လှုပ်ရှားမှုများကို မပျက်မကွက် လုပ်ဆောင်ပေးခြင်းဖြင့် အစာခြေဖျက်မှုကောင်းမွန်အောင် ပြုလုပ်နိုင်ပါသည်။
နာတာရှည် အစာအိမ်အူလမ်းကြောင်းနှင့် ပတ်သက်သော ရောဂါဝေဒနာခံစားနေရသူများ အနေဖြင့်လည်း ရာသီအကူးအပြောင်းကာလတွင် အစာအိမ်နဲ့ဆိုင်သောပြဿနာများ ပိုဖြစ်တတ်သဖြင့် အစားအသောက်၊ ဆေးဝါးသောက်သုံးမှုစသည်တို့ကို အထူးဂရုပြုသင့်ပါသည်။ အထူးသဖြင့် အစာချေဖျက်မှုအားနည်းလာသော သက်ကြီးရွယ်အိုများအတွက် ဆန်ပြုတ်ကဲ့သို့ အစာကြေလွယ်ပြီး ပူနွေးလတ်ဆတ်သော အစားအသောက်များကို မှီဝဲစေသင့်ပါသည်။ ထို့ပြင် ရာသီဥတုအပြောင်းအလဲ ကာလများတွင် လူ့ခန္ဓာကိုယ်၏ ကိုယ်ခံအားစနစ် အားနည်းပြီး ရောဂါပိုးမွှားကူးစက်ခံရမှု ပိုများနိုင်သဖြင့် အစာအိမ်ကို ပြဿနာပေးမည့် ရောဂါပိုးမွှားလည်း အစားအစာများမှတဆင့် ကူးစက်နိုင်ပါသည်။ ထို့ကြောင့် သေချာသန့်စင်ချက်ပြုတ်ထားသော သန့်ရှင်းလတ်ဆတ်သော အစားအစာများ၊ ရာသီပေါ်အသီးအနှံများကို သင့်တင့်မျှတအောင် စားပေးသင့်သည်။
ထို့ကြောင့် အထက်ဖော်ပြပါ ရာသီအကူးအပြောင်းတွေမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ အစာအိမ်နှင့်ပတ်သက်သော ကျန်းမာရေး ပြဿနာများမှ ကင်းဝေးနိုင်စေရန် သန့်ရှင်းလတ်ဆတ်သော အစားအစာများ စားသုံးခြင်း၊ ကိုယ်လက်လှုပ်ရှားမှုများကို ပုံမှန်လုပ်ဆောင်ပေးခြင်းနှင့် ရေဓာတ်လုံလောက်အောင် သောက်သုံးပေးခြင်းတို့ကို ပြုလုပ်ပေးသင့်ပြီး လိုအပ်ပါက အစာအိမ်အူလမ်းကြောင်း သမားတော်များ၊ ဆရာဝန်များနှင့် ဆွေးနွေးတိုင်ပင်ကုသမှုခံယူသင့်ကြောင်း ရေးသားမျှဝေပေးလိုက်ပါတယ်။