ဗိုက်ဆာနေတဲ့အချိန်၊ ကိုယ်ကြိုက်တဲ့စားသောက်ဆိုင်ရောက်တဲ့အချိန်ဆို အစားတွေအများကြီးစားမိတတ်ကြပါတယ်။ ဒီလိုအစားအစာတွေအများကြီးစားပြီးနောက် ရင်ပြည့်ရင်ကယ်ဖြစ်တာကို လူတိုင်းကြုံဖူးကြပါတယ်။ ရင်ပြည့်ရင်ကယ်ဖြစ်နေပြီဆိုရင် လေချဉ်တက်ခြင်း၊ လေပွခြင်း၊ ရင်ပူခြင်း၊ ပျို့အန်ခြင်း၊ ဗိုက်နာဗိုက်တောင့် ခြင်း စတာတွေကိုပါ ခံစားရနိုင်ပါတယ်။ အသက်ရှုကျပ်တာ၊ ရင်ဘတ်အောင့်တာတွေပါဖြစ်လာရင်တော့ သတိထားဖို့လိုပြီး ဆရာဝန်နဲ့ပြသရမှာဖြစ်ပါတယ်။
ဘာကြောင့်ရင်ပြည့်ရင်ကယ်ဖြစ်တာလဲ
စိတ်ဖိစီးမှုနဲ့ နေထိုင်စားသောက်ပုံအမူအကျင့်ဆိုးတွေဟာ ရင်ပြည့်ရင်ကယ်ခြင်းကိုခံစားရစေပါတယ်။ ရင်ပြည့်ရင်ကယ်ဖြစ်စေတဲ့ အဓိကအကြောင်းအရာတွေကတော့ –
စားသောက်ပုံအမူအကျင့်များ
အစားတွေအများကြီးစားတာ၊ အစားမြန်မြန်စားတာ၊ မဆာဘဲမကြာခဏစားနေတာ၊ အဆီများလွန်းတဲ့အစာတွေစားတာ၊ အစာကြေဖို့ခက်တဲ့အစာတွေစားတာ စတာတွေကြောင့် ရင်ပြည့်ရင်ကယ်အဖြစ်များကြပါတယ်။ တချို့သောအစားအစာတွေဖြစ်တဲ့ ချင်း၊ ကြက်သွန်နီ၊ ဂေါ်ဖီထုပ်နဲ့ ဂတ်စ်ပါဝင်တဲ့အချိုရည်ဘူးတွေ စားသောက်ပြီးရင်လည်း ရင်ပြည့်ရင်ကယ်ဖြစ်တတ်ပါတယ်။
အစာမကြေခြင်း
အစာမကြေတဲ့အခါ ရင်ပြည့်ရင်ကယ်ဖြစ်တဲ့အပြင် ဗိုက်နာဗိုက်တောင့်ခြင်း၊ ပျို့ခြင်း၊ လေပွခြင်းတို့ပါခံစားရတတ်ပါတယ်။ အက်စစ်ဓာတ်ပါသော အစားအစာတွေဖြစ်တဲ့ ခရမ်းချဥ်သီး၊ လိမ္မော်သီးတို့အပြင် စိတ်ဖိစီးမှု၊ ဆေးလိပ်၊ အရက်၊ ကာဗွန်နိတ်အချိုရည်တွေ စတာတွေကလည်း အစာမကြေဖြစ်စေနိုင်ပါတယ်။
၀မ်းချုပ်ခြင်း
ဝမ်းချုပ်တတ်တဲ့သူတွေဟာ အစာစားပြီးနောက် ရင်ပြည့်ရင်ကယ်ပိုဖြစ်တတ်ပါတယ်။ ဝမ်းမချုပ်အောင် နေ့စဥ်ရေများများသောက်ပေးရပါမယ်။ တစ်နေ့ကို အနည်းဆုံး ရေ ၃လီတာခန့်သောက်သုံးပေးသင့်ပါတယ်။
အစာအိမ်နှင့်အူလမ်းကြောင်းရောဂါများ
တစ်ခါတစ်ရံမှာ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းဟာ အစာအိမ်နဲ့အူလမ်းကြောင်းရောဂါတွေရဲ့ လက္ခဏာတစ်ရပ်အဖြစ်လည်း ခံစားရတတ်ပါတယ်။ အစာအိမ်ကင်ဆာ၊ အစာအိမ်ရောင်ခြင်း၊ ပန်ကရိယရောင်ခြင်း၊ အစာရေမြိုပြွန်ရောင်ရမ်းခြင်း၊ အစာအိမ်အနာဖြစ်ခြင်း၊ GERD စတဲ့ရောဂါတွေရှိရင်လည်း ရင်ပြည့်ရင်ကယ်ဖြစ်တတ်ပါတယ်။
မကြာခဏရင်ပြည့်ရင်ကယ်ဖြစ်တဲ့အပြင် အခြားလက္ခဏာတွေဖြစ်တဲ့ ဗိုက်နာခြင်း၊ပျို့အန်ခြင်း၊ ခါးနာခြင်း၊ ဝမ်းထဲသွေးပါခြင်းစတာတွေပါ ဖြစ်နေတယ်ဆိုရင်အထက်ပါရောဂါတွေရှိမရှိ ဆရာဝန်နှင့်ပြသစစ်ဆေးရမှာဖြစ်ပါတယ်။
စိတ်ပိုင်းဆိုင်ရာ ပြဿနာများ
စိတ်ကျရောဂါ၊ အစိုးရိမ်လွန်ကဲ ရောဂါ စတာတွေ ခံစားနေရသူတွေမှာလည်း ရင်ပြည့်ရင်ကယ် မကြာခဏဖြစ်နိုင်ပါတယ်။
▪︎ရင်ပြည့်ရင်ကယ်မဖြစ်အောင် ဘယ်လိုနေရမလဲ
-အဆီများလွန်းတဲ့အစာ၊ ဆားပါဝင်မှုများတဲ့အစာ၊ ပူစပ်လွန်းတဲ့အစာ၊ အစာခြေရခက်မယ့်မာလွန်းတဲ့အစာတွေကို မစားသင့်ပါ။
-အစာစားရင် အလျင်စလိုမစားဘဲ ဖြည်းဖြည်းချင်းစားပါ။
-ကိုယ်လက်လှုပ်ရှားမှုနေ့စဥ်ပုံမှန်လုပ်ပေးပါ။
-ကော်ဖီ၊ အရက်နဲ့ ဂက်စ်ပါတဲ့အချိုရည်များကို လျှော့ချသောက်သုံးပါ။
-စိတ်ဖိစီးမှုမဖြစ်အောင်နေထိုင်ပါ။
-အစာစားပြီးနောက်၃နာရီအတွင်း လှဲလျောင်းခြင်းကိုရှောင်ကြဥ်ပါ။
ရင်ပြည့်ရင်ကယ်အတွက် ကုသရေးနည်းလမ်းများ
ရင်ပြည့်ရင်ကယ်ဖြစ်ရင်ဘာဆေးတွေသောက်ရလဲ
လူအများစုကတော့ ရင်ပြည့်ရင်ကယ်ဖြစ်ရင် အလွယ်တကူဝယ်ယူလို့ရနိုင်တဲ့ အစာကြေလေနိုင်ဆေးတွေသောက်ပြီး သက်သာသွားလေ့ရှိပါတယ်။ အထက်ပါဆေးတွေဟာဝမ်းဗိုက်တွင်းကအက်စစ်ဓာတ်တွေကိုညီမျှစေပြီး လေပွခြင်းကိုသက်သာစေတဲ့အတွက် ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းကို သက်သာစေနိုင်ပါတယ်။
အထက်ပါနည်းလမ်းတွေနဲ့မသက်သာဘဲ အမြဲလိုလိုရင်ပြည့်ရင်ကယ်ဖြစ်နေပြီဆိုရင်တော့ ဆရာဝန်နဲ့စစ်ဆေးပြသပြီး မိမိရောဂါအခြေအနေနဲ့သင့်တော်မယ့်ဆေးတွေသာ သောက်သုံးရမှာဖြစ်ပါတယ်။
မိမိကိုယ်တိုင် အိမ်မှာ ကုသနိုင်မယ့် နည်းလမ်းများ
- ကိုယ်လက် လှူပ်ရှားပေးခြင်း
အစားစားပြီးတဲ့အခါမှာ အချိန်အကြာကြီးဆက်ပြီး ထိုင်နေရင် ရင်ပြည့်ရင်ကယ် ဖြစ်တတ်ပါတယ်။ ကိုယ်လက်လှူပ်ရှားရာမှာ အပြင်းအထန် လေ့ကျင့်ခန်းတွေကို ဆိုလိုတာ မဟုတ်ဘဲ လမ်းလျှောက်တာလိုမျိုး နည်းနည်းစီ လှုပ်ရှားပေးကြည့်ပါ။
- ရေများများသောက်ပါ
အစာအိမ်နဲ့အူလမ်းကြောင်းဟာ ရေဓာတ်ပြည့်ဝနေမှ အာဟာရဓာတ်တွေကို ကောင်းမွန်စွာ စုပ်ယူပြီး အစာခြေဖျက်အားကောင်းစေမှာပါ။ ခန္ဓာကိုယ်မှာ ရေဓာတ်နည်းနေရင်လည်း အစာမကြေ ရင်ပြည့်ရင်ကယ် ဖြစ်တတ်ပါတယ်။ တစ်နေ့ကို ရေ ၂ လီတာမှ ၃ လီတာ အထိ သောက်သုံးသင့်ပါတယ်။
- လှဲအိပ်ခြင်း ရှောင်ပါ
ပက်လက်အနေအထားဖြစ်နေတဲ့အခါ အစာအိမ် အက်စစ်တွေဟာ အစာရေမျိုပြွန်ထိ ပြန်တက်လာပြီး ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းကို ပိုမိုဆိုးရွားလာစေနိုင်ပါတယ်။
- သံပရာရည်သောက်ပါ
သံပရာရည် သောက်ပေးရင် သံပရာသီးမှာပါဝင်တဲ့အက်စစ်ဓာတ်သဘာဝ ကြောင့် အစာခြေအား ကောင်းမွန်စေပြီး အစာမကြေ ရင်ပြည့်ရင်ကယ် ဖြစ်ခြင်းကို သက်သာစေနိုင်ပါတယ်။
- ရေနွေးကို အသုံးချပါ
ကြက်သီးနွေးရေနှင့် ရေချိုးပေးခြင်း (သို့) ဝမ်းဗိုက်ပေါ် ရေနွေးအိတ်လေး ကပ်ပေးမယ်ဆိုရင် သွေးလှည့်ပတ်မှုကောင်းမွန်စေပြီး အစာကြေမြန်စေတဲ့အတွက် ရင်ပြည့်ရင်ကယ်ခြင်းကို အမြန် သက်သာစေပါလိမ့်မယ်။
- မုန့်ဖုတ် ဆိုဒါ
Baking soda အနည်းငယ်ကို သံပရာရည်ထဲမှာ ထည့်သောက်တဲ့အခါ ထွက်လာတဲ့ Carbonic Acid ဒြပ်ပေါင်းဟာ အစာမကြေ ရင်ပြည့်ရင်ကယ် လက္ခဏာတွေကို လျော့နည်းစေနိုင်ပါတယ်။
- ချင်းပြုတ်ရည်
ချင်းမှာ ပါဝင်တဲ့ Gingerol ဒြပ်ပေါင်းဟာ ရင်ပြည့်ရင်ကယ် အစာမကြေလက္ခဏာတွေကို သက်သာစေနိုင်ပါတယ်။ ချင်းပြုတ်ရည်ထဲကို ထန်းလျက် ဒါမှမဟုတ် ပျားရည် ရောပြီး သောက်သုံးနိုင်ပါတယ်။
- ပူစီနံ
ပူစီနံရွက်ကို ရေနွေးကြမ်း လုပ်သောက်လို့ ရသလို ဖျော်ရည်အဖြစ်လည်း သောက်နိုင်ပါတယ်။ ပူစီနံဟာ အစာအိမ်အူလမ်းကြောင်းမှာရှိတဲ့ ကြွက်သားတွေကို ပြေလျော့စေတဲ့အစွမ်းရှိတာကြောင့် ဗိုက်အောင့်ဝေဒနာကို သက်သာစေတဲ့အပြင် လေပွခြင်း၊ အစာမကြေ ရင်ပြည့်ရင်ကယ်ခြင်းတွေကိုပါ သက်သာစေပါတယ်။
Author: Dr. Aye Myat