အစာစားချင်စိတ်ရှိပြီး အစားကိုစုံလင်စွာစားသုံးမှသာ ခန္ဓာကိုယ်ကလိုအပ်တဲ့အာဟာရဓာတ်တွေကို စုံလင်စွာရရှိနိုင်မှာဖြစ်ပါတယ်။ အစာစားချင်စိတ်လျော့နည်းနေတဲ့အခါ ခန္ဓာကိုယ်ကအာဟာရတွေရရှိနိုင်ဖို့ခက်ခဲသွားပါတယ်။ အစာစားချင်စိတ်လျော့နည်းခြင်းဟာ ရောဂါတစ်ခုခုကြောင့်ဖြစ်နိုင်သလို စိတ်ပိုင်းဆိုင်ရာ သို့မဟုတ် ရုပ်ပိုင်းဆိုင်ရာအခြေအနေတစ်ခုခုကြောင့်လည်းဖြစ်နိုင်ပါတယ်။အများစုကတော့ အစာစားချင်စိတ်လျော့နည်းခြင်းကို ခဏတာပဲခံစားရပြီး သက်သာသွားတတ်ကြပါတယ်။ အချိန်ကာလကြာရှည်စွာခံစားနေရပြီဆိုရင်တော့ အစာစားချင်စိတ်လျော့နည်းစေတဲ့ အကြောင်းအရင်းကိုရှာဖွေပြီးကုသရမှာဖြစ်ပါတယ်။
အစာစားချင်စိတ်ကို လျော့နည်းစေနိုင်တဲ့အဓိကအကြောင်းအရာတွေကတော့-
ဗက်တီးရီးယား သို့မဟုတ် ဗိုင်းရပ်စ်ပိုးဝင်ခြင်း
ခန္ဓာကိုယ်ထဲကို ဗက်တီးရီးယား၊ သို့မဟုတ် ဗိုင်းရပ်စ်ပိုးဝင်ရောက်လာတဲ့အခါမှာ ဖျားနာတတ်ကြပါတယ်။ ဒီလိုပိုးဝင်ပြီးဖျားနာတဲ့အခါ ခန္ဓာကိုယ်က ခုခံတုံ့ပြန်တဲ့အနေနဲ့ Cytokines တွေ ထုတ်လွှတ်ပါတယ်။ အဲ့ဒီ Cytokines တွေဟာ ဦးနှောက်ဆီကို အစာစားချင်စိတ်လျော့နည်းအောင်လှုံ့ဆော်ပါတယ်။ ဒါကြောင့် ဖျားနာပြီးနေထိုင်မကောင်းတဲ့အချိန်ဆိုရင် အစာစားချင်စိတ်လျော့နည်းနေတတ်ကြပါတယ်။
ရောဂါများ
(၁)ဆီးချိုရောဂါ
ဆေးပုံမှန်မသောက်တဲ့ ဆီးချိုရောဂါရှိသူတွေမှာ အူလမ်းကြောင်းတစ်လျှောက်က အာရုံကြောတွေပျက်စီးခြင်း(Gastroparesis) ကြောင့် အစာစားချင်စိတ်လျော့နည်းတတ်ပါတယ်။
(၂) အစာအိမ်နဲ့အူလမ်းကြောင်းရောဂါများ
အစာအိမ်နဲ့အူလမ်းကြောင်းရောဂါမှာ ခံစားရလေ့ရှိတဲ့ ဗိုက်နာခြင်း၊ ဗိုက်ဖောင်းခြင်း၊ ဝမ်းလျှောခြင်းစတဲ့ လက္ခဏာတွေကြောင့် အစာစားချင်စိတ်လျော့နည်းနေတတ်ပါတယ်။
(၃)ခေါင်းတစ်ခြမ်းကိုက်ရောဂါ၊ အဆစ်ရောဂါ
ခေါင်းတစ်ခြမ်းကိုက်ရောဂါ၊ အဆစ်ရောဂါရှိတဲ့သူတွေမှာလည်း အစာစားချင်စိတ် လျော့နည်းတတ်ပါတယ်။
အသက်အရွယ်ကြီးမြင့်လာမှု
အသက်ကြီးမြင့်သူတွေမှာ ခံစားရလေ့ရှိတဲ့ အစာမျိုချရခက်ခြင်း၊ သွားမကောင်းခြင်း၊ လှုပ်ရှားမှုနည်းခြင်း၊ အထီးကျန်ခြင်း၊ အယ်ဇိုင်းမားရောဂါနဲ့ ပါကင်ဆန်ရောဂါစတာတွေကြောင့် အစာစားချင်စိတ်လျော့နည်းတတ်ကြပါတယ်။ အသက်ကြီးသူတွေဟာ ငယ်ရွယ်သူတွေထက် အစာစားချင်စိတ် ၃၀ရာခိုင်နှုန်းလောက် လျော့နည်းသွားတတ်ကြတာကြောင့် ကိုယ်အလေးချိန်လည်းနည်းသွားလေ့ရှိပါတယ်။
စိတ်ဖိစီးမှု
အကြောင်းအရင်းတစ်ခုခုကြောင့် စိတ်ပူပန်သောကရောက်နေချိန်၊ စိတ်လှုပ်ရှားနေချိန်၊ စိတ်ဖိစီးနေချိန်တွေမှာ အစာစားလို့မဝင်တော့တာမျိုးဖြစ်ဖူးကြမှာပါ။ ဒီလိုအချိန်မျိုးမှာဆိုရင် ဦးနှောက်ကနေ Adrenaline လို့ခေါ်တဲ့ဟော်မုန်းတစ်မျိုးထုတ်လွှတ်ပါတယ်။ Adrenaline ဟာ အစာခြေစနစ်ကိုနှေးကွေးစေတာကြောင့် အစာစားချင်စိတ်လည်း လျော့နည်းလာတတ်ကြပါတယ်။
ဆေးဝါးများ
အချို့သောအကိုက်အခဲပျောက်ဆေးများ၊ ပိုးသတ်ဆေးများ၊ ဆီးချိုကျဆေးစတာတွေဟာ ဘေးထွက်ဆိုးကျိုးအနေနဲ့ အစာစားချင်စိတ်ကိုလျော့နည်းစေပါတယ်။ ကင်ဆာဆေးတွေနဲ့ Chemo သွင်းတာမျိုးတွေကလည်း အရသာပြောင်းခြင်း၊ ပျို့ခြင်းတွေကို ခံစားရစေတာကြောင့် အစာစားမဝင်ဖြစ်တတ်ပါတယ်။ အစာစားစိတ်နည်းတာဟာ မိမိသောက်နေတဲ့ဆေးတွေကြောင့်လို့ သံသယရှိနေမယ်ဆိုရင် ဆရာဝန်နဲ့တိုင်ပင်ပြီး ဆေးအစားထိုးသောက်လို့ရမရ ဆွေးနွေးသင့်ပါတယ်။
Hypothyroid (သိုင်းရွိုက်ဟော်မုန်းလျော့နည်းသောရောဂါ)
Hypothyroid ဖြစ်နေသူတွေဆိုရင် အစာစားချင်စိတ်နည်းနေသလောက် ကိုယ်အလေးချိန်ကတော့ တက်နေတတ်ပါတယ်။ ဒါကြောင့် မိမိက အစားသိပ်မစားဘဲ ကိုယ်အလေးချိန်တက်နေမယ်၊ တစ်ချိန်လုံးလေးလံထိုင်းမှိုင်းနေတယ်ဆိုရင်တော့ Hypothyroid ဖြစ်၊မဖြစ် သိုင်းရွိုက်ဟော်မုန်း Level ကိုစစ်ဆေးသင့်ပါတယ်။
အရက်စွဲလမ်းခြင်း
အရက်များများသောက်ရင် ဗိုက်နာခြင်း၊ ပျို့အန်ခြင်းတွေကို ခံစားရတာကြောင့် အစာစားချင်စိတ်လျော့နည်းတတ်ပါတယ်။ အရက်စွဲလမ်းနေသူတွေဆိုရင် အစာစားချင်စိတ်လုံးဝမရှိဘဲ အရက်ကိုသာအချိန်တိုင်းသောက်သုံးချင်နေပါလိမ့်မယ်။
Anorexia Nervosa
Anorexia Nervosa ဆိုတာဟာ ကိုယ်အလေးချိန်နည်းသထက်နည်းနေအောင်ထိန်းသိမ်းလိုတဲ့ စိတ်ဝေဒနာတစ်မျိုးဖြစ်ပါတယ်။ ဒီဝေဒနာခံစားနေရတဲ့သူတွေအောင် ကိုယ်အလေးချိန်တက်မှာအကြောက်လွန်ပြီး ပြင်းထန်တဲ့လေ့ကျင့်ခန်းတွေလုပ်တာ၊ အစာကိုလုံးဝလျော့စားတာ တွေပြုလုပ်တတ်ကြပါတယ်။ အစာစားချင်စိတ်မရှိတာမျိုးလည်းခံစားကြရပါတယ်။ ဒီရောဂါဟာ ဆိုးဝါးတဲ့အခြေအနေတွေမှာဆို အသက်အန္တရာယ်စိုးရိမ်ရတာကြောင့် ဆရာဝန်နဲ့တိုင်ပင်ကုသသင့်ပါတယ်။
အထက်ပါအကြောင်းအရာတွေအပြင် အစာစားချင်စိတ်ကို လျော့နည်းစေတာတွေကတော့
အရသာပျောက်ခြင်း
COVID ရောဂါခံစားနေရချိန်မှာ အနံ့ပျောက်တာ၊ အရသာပျောက်တာတွေကြောင့် အစားစားမဝင်တာမျိုးတွေ၊ အစာမစားချင်တာတွေကို တော်တော်များများခံစားခဲ့ကြရမှာပါ။
ပျို့အန်ခြင်း
ကိုယ်ဝန်ဆောင်အမျိုးသမီးတွေဟာ မကြာခဏပျို့အန်လေ့ရှိတဲ့အတွက်ကြောင့် အစာစားချင်စိတ်လည်း လျော့နည်းနေတတ်ကြပါတယ်။
မောပန်းခြင်း
အမြဲလိုလိုမောပန်းနေတတ်သူတွေဆိုရင် ဟင်းမချက်ချင်တာ၊ အစာမစားချင်တာတွေကိုလည်း ခံစားရတတ်ပါတယ်။
ဒါဆိုဘယ်အချိန်မှာဆရာဝန်နဲ့ပြသသင့်လဲ။
သာမန်စိတ်ဖိစီးမှု၊ ဖျားနာမှုတို့ကြောင့်ဖြစ်တဲ့ ခဏတာအစာစားချင်စိတ်လျော့နည်းတာမျိုးမဟုတ်ဘဲ
-အစာစားချင်စိတ်လျော့နည်းမှုဟာ ကြာမြင့်နေပြီးဗိုက်နာခြင်း၊
-မိမိဝမ်းသွားတဲ့အလေ့အထ ပြောင်းလဲလာခြင်:၊
-အစာမျိုချရခက်ခြင်း၊
-ကိုယ်အလေးချိန်အလွန်အမင်း ကျဆင်းလာခြင်း
စတာတွေပါဖြစ်ပေါ်လာပြီဆိုရင်တော့ ဆရာဝန်နဲ့ပြသတိုင်ပင်ရမှာဖြစ်ပါတယ်။
Dr. Aye Myat