Probiotics နဲ့ Prebiotics တွေတာ အူလမ်းကြောင်းကျန်းမာရေးအတွက်အထောက်အကူဖြစ်စေတယ်ဆိုတာကို ကြားဖူးကြမှာပါ။ အူလမ်းကြောင်းကျန်းမာရေးအတွက် Gut flora လို့ခေါ်တဲ့ ကောင်းမွန်တဲ့ဗက်တီးရီးယားလေးတွေ လုံလောက်စွာပေါက်ဖွားနေဖို့လိုပါတယ်။ ဒီဘတ်တီးရီးယားလေးတွေဟာ ပြင်ပကနေတစ်ဆင့် အူလမ်းကြောင်းထဲဝင်လာမယ့် ပိုးမွှားတွေကို တိုက်ထုတ်ပေးနိုင်ပါတယ်။
ဗိုက်ထဲမှာဆိုရင် ဗက်တီးရီးယားပိုးကောင်းလေးတွေဟာ မရေမတွက်နိုင်အောင်မြောက်များစွာရှိနေပါတယ်။ အစားအာဟာရပြည့်ဝစွာမစားတာ၊ အရက်သောက်တာ၊ ပိုးသတ်ဆေး၊ ဟော်မုန်းတွေနဲ့ စိတ်ဖိစီးမှုစတာတွေဟာ ပုံမှန်ရှိသင့်တဲ့ဗက်တီးရီးယားအရေအတွက်ထက် လျော့နည်းသွားစေနိုင်ပါတယ်။ ဒီလိုလျော့နည်းသွားတာကို ပြန်လည်ဖြည့်တင်းနိုင်ဖို့ Probiotics နဲ့ Prebiotics တွေကို စားသုံးပေးသင့်ပါတယ်။
Probiotics နဲ့ Prebiotics ဘာကွာလဲ
▪︎Probiotics ဆိုတာကတော့ အူလမ်းကြောင်းကျန်းမာရေးကောင်းမွန်ဖို့အတွက် အရေးပါတဲ့ ဗက်တီးရီးယားအကောင်အရှင်လေးတွေဘဲဖြစ်ပါတယ်။ Probiotics ကို အချဥ်ဖောက်ထားတဲ့အစားအစာတွေဖြစ်တဲ့ ဒိန်ချဥ်၊ ချိစ်၊ ကင်မ်ချီနဲ့ ဟင်းသီးဟင်းရွက်ချဥ်စတာတွေကနေ ရရှိနိုင်ပါတယ်။
▪︎Prebiotics ဆိုတာကတော့ အဲ့ဒီဘတ်တီးရီးယားလေးတွေ ကြီးထွားနိုင်ဖို့အရေးပါတဲ့ အစာဖြစ်ပါတယ်။ များသောအားဖြင့် အမျှင်ဓာတ်များတဲ့ အသီးအနှံတွေ၊ အသီးအရွက်တွေဖြစ်တဲ့ ငှက်ပျောသီး၊ ဘယ်ရီသီး၊ ကညွတ်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူနဲ့ ပဲအမျိုးမျိုးစတာတွေမှာ Prebiotics ပါဝင်ပါတယ်။
▪︎Probiotics က အူလမ်းကြောင်းထဲမှာ ကောင်းမွန်တဲ့ ဗက်တီးရီးယားအရေအတွက်တိုးပွားလာစေပြီး Prebiotics ကတော့ ဗက်တီးရီးယားလေးတွေကို ကြီးထွားလာစေပါတယ်။ ဒါကြောင့် အူလမ်းကြောင်းကျန်းမာစေဖို့ ၂ မျိုးစလုံးက အရေးပါပါတယ်။
Probiotics က ခန္ဓာကိုယ်အတွက်ဘာတွေကောင်းလဲ
Probioticsတွေကို ဝမ်းပျက်ဝမ်းလျှောခြင်းကုသတဲ့အခါ အသုံးပြုလေ့ရှိပါတယ်။ အူလမ်းကြောင်းပိုးဝင်မျိုးတွေကို ကာကွယ်ကုသဖို့အတွက်လည်းသုံးပါတယ်။ ဒါ့ပြင် ပိုးသတ်ဆေးတွေကြောင့်ဖြစ်လေ့ရှိတဲ့ အစာအိမ်နဲ့အူလမ်းကြောင်းဆိုင်ရာ ဆိုးကျိုးပြဿနာတွေကို ကုသဖို့အတွက်လည်း အသုံးဝင်ပါတယ်။ ပိုးသတ်ဆေးတွေဟာ ရောဂါပိုးတွေကိုတိုက်ဖျက်သလို အူလမ်းကြောင်းမှာ ပုံမှန်ရှိနေရမယ့် ပိုးကောင်းလေးတွေကိုပါ သတ်ပစ်ပါတယ်။ ဒါကြောင့် Probiotics သောက်ပြီး ပိုးကောင်းလေးတွေကို ပြန်မွေးမြူရပါတယ်။ ဒါ့အပြင် Probiotics တွေဟာ အအေးမိဖျားနာခြင်း၊ ဆီးပိုးဝင်ခြင်း၊ မိန်းမကိုယ်မှိုစွဲခြင်းစတာတွေမဖြစ်အောင်လည်း ကာကွယ်ပေးနိုင်ပါတယ်။
Prebiotics တွေက ခန္ဓာကိုယ်အတွက်ဘာကောင်းလဲ
Prebiotics တွေဟာ ပိုးကောင်းလေးတွေကြီးထွားလာစေတဲ့အတွက် အူလမ်းကြောင်းကျန်းမာရေးအတွက် များစွာအထောက်အကူဖြစ်စေပါတယ်။ အစာချေမှုကိုလည်းမြန်ဆန်စေပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ကကယ်ဆီယမ်ဓာတ်စုပ်ယူနိုင်ဖို့အတွက်လည်း အားပေးပါတယ်။ Prebiotics တွေဟာ အာရုံကြောကျန်းမာရေးအတွက်လည်း အထောက်အကူဖြစ်တာကြောင့် မှတ်ဥာဏ်ကောင်းစေပြီး သင်ယူမှုကိုလွယ်ကူစေပါတယ်။ ဒါ့ပြင် ခုခံအားအတွက်အရေးပါတဲ့ Cytokines တွေကိုလည်း တိုးပွားစေနိုင်ပါတယ်။
Probiotics ရဲ့ အခြားကောင်းကျိုးတွေကဘာတွေလဲ
ကိုယ်အလေးချိန်ထိန်းသိမ်းပေးနိုင်ခြင်း
Probiotics တွေဟာ အူလမ်းကြောင်းကျန်းမာစေတဲ့ ပိုးကောင်းလေးတွေကို တိုးပွားစေတဲ့အတွက် အူနံရံတွေကိုပါ ကြံ့ခိုင်သန်မာလာစေပါတယ်။ ဒီလို ကြံ့ခိုင်တဲ့အူနံရံတွေဟာ အစားအသောက်ကနေပါလာတဲ့ ကြီးမားတဲ့အဆီလုံးတွေကို ခန္ဓာကိုယ်ကနေမစုပ်ယူမိအောင် တားဆီးပေးပါတယ်။ ဒါ့ကြောင့် ကိုယ်ခန္ဓာအဆီပိုတွေကင်းရှင်းကာ ကိုယ်အလေးချိန်ကို ထိန်းသိမ်းနိုင်မှာဘဲဖြစ်ပါတယ်။
စိတ်ကြည်လင်လန်းဆန်းစေခြင်း
Probiotics တွေဟာ စိတ်ဖိစီးမှုနဲ့ စိတ်ပူပင်သောကတွေကို လျော့နည်းစေတဲ့အတွက် စိတ်ကိုကြည်လင်စေပါတယ်။
အူလမ်းကြောင်းမှာရှိတဲ့ ဗက်တီးရီးယားပိုးကောင်းလေးတွေဟာ ခန္ဓာကိုယ်ကျန်းမာရေးအတွက် အရေးပါပါတယ်။ ဒီလိုပိုးကောင်းလေးတွေ ရှင်သန်ကြီးထွားနိုင်စေဖို့အတွက် Probiotics နဲ့ Prebiotics တို့ပါဝင်တဲ့ အစားအစာတွေ၊ ဆေးတွေကို လုံလောက်အောင်စားသုံးပေးရမှာဖြစ်ပါတယ်။ ဒါပေမဲ့ တန်ဆေးလွန်ဘေးဆိုတဲ့စကားလည်းရှိသေးတာမို့ ဆရာဝန်နဲ့တိုင်ပင်ပြီးမှသာ သင့်တော်တဲ့ပမာဏကို သောက်သုံးပေးသင့်ပါတယ်။
Author: Dr. Aye Myat