အစာစားပြီးရင် ဗိုက်တောင့်တောင့်နေတယ်ဆိုတဲ့အခြေအနေကို လူတော်တော်များများ ကြုံတွေ့ခံစားဖူးပါလိမ့်မယ်။ ဒါဟာ အစာမကြေ ရင်ကယ်ခြင်းအခြေအနေတစ်ခုဖြစ်ပါတယ်။ အစားအစာပမာဏ အလွန်များစွာစားမိပြီးနောက် ဗိုက်တောင့်တောင့်နေခြင်းဟာ ပုံမှန်အခြေအနေတစ်ခုဖြစ်လေ့ရှိပေမဲ့လည်း အကြောင်းအရင်းတိတိကျကျမရှိပဲ အမြဲတစေ အစာစားပြီးတိုင်း ဗိုက်တောင့်တောင့်နေခြင်းဖြစ်နေပါက ပုံမှန်မဟုတ်ပဲ ရောဂါတစ်ခုခုရှိနေနိုင်ပါတယ်။
အောက်ဖော်ပြပါအကြောင်းအရင်းတွေကတော့ အများဆုံးတွေ့ရတယ့် အစာစားပြီးတိုင်း ဗိုက်တောင့်တောင့်နေခြင်းဖြစ်စေတဲ့အကြောင်းအရင်းတွေဖြစ်ပါတယ်။
အစာစားတဲ့အမူအကျင့်
-အစားအစာကို တစ်ခါထည်းပမာဏများစွာစားခြင်း
-မြန်မြန်စားတတ်ခြင်း
-စိတ်ဖိစီးမှုများနေချိန်တွင် အစာစားခြင်း စတဲ့အစားအသောက်ပုံစံတွေဟာ ဗိုက်တောင့်ခြင်းကိုဖြစ်စေပါတယ်။
အဲဒီလိုမဖြစ်အောင် အစာစားတဲ့အခါ ဗိုက်အပြည့်မစားပဲ စိတ်ကျေနပ်တဲ့အခါ အာသာပြေတဲ့အခါ ရပ်ပါ။
-တစ်နေ့ ထမင်းအနပ်ကြီး ၂နပ်စားမည့်အစား အနပ်သေး ၄ကြိမ် /၅ကြိမ်ခွဲစားပါ။
-အစာစားတဲ့အခါ ဖြေးဖြေးနဲ့ မှန်မှန် ကြေညက်အောင်ဝါးစားပါ။
-ကိုယ်လက်လှုပ်ရှားမှုပုံမှန်လုပ်ပါ။
ဗိုက်တောင့်စေတဲ့ အစားအစာများ
အချို့အစာအစာတွေဟာ ဗိုက်တောင့်ခြင်းကိုဖြစ်စေပါတယ်။ ယေဘုယျအားဖြင့် အမျှင်ဓာတ်များတဲ့၊ အက်စစ်ဓာတ်များတဲ့ အစားအသောက်တွေ၊ဂက်စ်ပါသောအရည်တွေနဲ့ ကော်ဖီ၊အရက်တွေက ဗိုက်တောင့်ခြင်းဖြစ်စေပါတယ်။ ဥပမာ –
*ပဲအမျိုးမျိုး
*ကြက်သွန်နီ
*ဂေါ်ဖီထုပ်
*ဆီကြော်စာများ
*ဆီပါဝင်မှုများသောအစားအသောက်များ
*ကဖင်း
*အရက်
*ဂက်စ်ပါသောအရည်များ
ဆေးလိပ်သောက်ခြင်း
ဆေးလိပ်သောက်ခြင်းဟာ အစာအိမ်နံရံတွေကို ထိခိုက်စေခြင်း၊အစာအိမ်အက်စစ်လျှံခြင်းများအပြင် အစာမကြေခြင်း၊ဗိုက်တောင့်ခြင်းများကိုဖြစ်စေပါတယ်။
ဝမ်းချုပ်ခြင်း
တစ်ပတ်လျှင် ဝမ်းသွားတဲ့အကြိမ်ရေ ၃ကြိမ်ထက်နည်းရင် ယေဘုယျအားဖြင့် ဝမ်းချုပ်တယ်လို့သတ်မှတ်ကြပါတယ်။ ဒီအခြေအနေဟာလည်း ဗိုက်ကယ်ခြင်း၊ ဗိုက်တောင့်ခြင်း နှင့် ဗိုက်မအီမသာဖြစ်ခြင်းကို ဖြစ်စေပါတယ်။ ဝမ်းချုပ်ခြင်းဟာ အဖြစ်များတဲ့ ဝေဒနာတစ်ခုဖြစ်ပါတယ်။ ရေများများသောက်ခြင်း၊အမျှင်ဓါတ်ကြွယ်ဝသောအစားအစာပိုစားပေးခြင်းနှင့် လေ့ကျင့်ခန်းလုပ်ခြင်းများက ဝမ်းချုပ်ခြင်းကိုသက်သာစေပါတယ်။
အူလှုပ်ရှားမှုပုံမှန်မဟုတ်တဲ့ ဝေဒနာစု(IBS)
IBSဝေဒနာရှင်တွေဟာလည်း အစာစားပြီးလျှင် ဗိုက်တောင့်တောင့်နေခြင်းအခြေအနေ ကြုံတွေ့ခံစားရတတ်ပါတယ်။ အူလမ်းကြောင်းပိုးဝင်ခြင်း၊ အူအကျိုးပြုပိုးပမာဏ အပြောင်းအလဲဖြစ်ခြင်း ၊ဓာတ်မတည့်တဲ့ အစားအစာစားမိခြင်း၊ စိတ်ပူပန်မှုလွန်ကဲခြင်း နဲ့ စိတ်ဓာတ်ကျခြင်းအခြေအနေတွေဟာ IBS ဝေဒနာတွေကို ကြွစေဆိုးစေပါတယ်။
အစာအိမ်အနာ (Stomach Ulcers)
အစာအိမ်ပိုး (Helicobacter Pylori)ကြောင့် အများဆုံးဖြစ်လေ့ရှိပါတယ်။ NSAID အကိုက်အခဲပျောက်ဆေးများ၊စတီးရွိုက်ဆေးများ ၊ဆေးလိပ်နဲ့ အရက်တွေကလည်း အစာအိမ်အနာဖြစ်စေပါတယ်။ အစာအိမ်အနာဖြစ်တဲ့အခါ –
*အစာစားလိုက်တာနဲ့ ဗိုက်အောင့်ခြင်း
*အစာမကြေခြင်း
*ဗိုက်တောင့်တောင့်နေခြင်း
*ကိုယ်အလေးချိန်ကျခြင်းတို့ ခံစားရလေ့ရှိပါတယ်။
အစာအိမ်အနာရှိနေလျှင် –
*အစာအိမ်ပိုးကိုသေချာကုသမှုခံယူခြင်း
*NSAID အကိုက်အခဲပျောက်ဆေးများ၊စတီးရွိုက်ဆေးများကို ပမာဏများစွာသောက်ခြင်းနဲ့ ရက်ရှည်သောက်ခြင်းများရှောင်ခြင်း
*ဆေးလိပ်နဲ့ အရက်ရှောင်ခြင်း တို့ ပြုလုပ်ရပါမယ်။
အစာအိမ်အက်စစ်လျှံတက်တဲ့ရောဂါ(GERD)
အစာအိမ်အက်စစ်လျှံတက်သည့်အခါ –
*ရင်ပူခြင်း
*အစာအိမ်အချဥ်ပေါက်ခြင်း
*လည်ပင်းတစ်ဆို့ဆို့ဖြစ်ခြင်း
*အစာမျိုရခက်ခဲခြင်း
*အစာမကြေရင်ကယ်ခြင်း
တို့ခံစားရလေ့ရှိပါတယ်။
အဝလွန်ခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အရက်နဲ့ အပူအစပ်တွေဟာ GERD ဖြစ်စေတဲ့ အကြောင်းအရင်းတွေဖြစ်ပါတယ်။ GERD မဖြစ်ရအောင် –
*အဝမလွန်အောင်ထိန်းပါ။
*GERD ဖြစ်စေသောအစားအစာတွေ ရှောင်ပါ။ (ဥပမာ-အပူအစပ်တွေနဲ့ အရက်)
*အစားအစာတွေကို ညအိပ်ချိန်နဲ့ ၃နာရီခွာစားပါ။
*ဆေးလိပ်မသောက်ပါနဲ့။
အစာချေဖျက်မှုကြာသောရောဂါ (Gastroparesis)
အစာအိမ်မှအစာချေဖျက်ချိန် (Gastric Emptying) ကြာတဲ့အခြေအနေတစ်ခုဖြစ်တယ်။
-အနည်းငယ်စားရုံနှင့် ဗိုက်ပြည့်လွယ်ခြင်း
-အစာစားပြီးဗိုက်တောင့်တောင့်နေခြင်း
-အန်ခြင်း
-လေပွခြင်း
-ရင်ပူခြင်း
-အစာအိမ်အောင့်ခြင်း
-ခံတွင်းပျက်ခြင်း စသည့် ဝေဒနာတွေ ခံစားရလေ့ရှိပါတယ်။
*အစာစားပြီးနောက် လမ်းလျှောက်ပေးခြင်း
*ဆီများသောအစားအစာများနှင့် အမျှင်ဓါတ်များသော အစားအစာများကို လျှော့စာခြင်း
*အစာကို နည်းနည်းနှင့်ခဏခဏ ခွဲစားပေးခြင်း
*ဂက်စ်ပါသောအရည်များနှင့်အရက်ရှောင်ခြင်း
* စားပြီး၂နာရီအတွင်း လှဲအိပ်ခြင်းကိုရှောင်ခြင်း တို့ ပြုလုပ်ပေးရပါမယ်။
အခြားအကြောင်းအရင်းများ
-အစာအိမ်ရောင်ခြင်း(Gastritis)
-သည်းချေအိတ်ကျောက်တည်ခြင်း(Gallstones)
-မုန့်ချိုအိတ်ရောင်ခြင်း(Pancreatitis)
-ရာသီအကြိုဝေဒနာ(Premenstrual Syndrome)
-စိတ်ဖိစီးမှုများခြင်း
Author: ဒေါက်တာယဉ်ယဉ်ဝင်း