ဗိုက်အောင့်ခြင်းဝေဒနာဟာ လူတိုင်းနဲ့မစိမ်းတဲ့ လူတိုင်းခံစားဖူးသောဝေဒနာဖြစ်ပါတယ်။ နံရိုးအောက်မှစ၍ တင်ပါးဆုံရိုးအပေါ်ဘက်နေရာအတွင်း နာကျင်မှုအခြေအနေတိုင်းကို ဗိုက်နာခြင်းလို့ ယျေဘုယျ သတ်မှတ်နိုင်ပါတယ်။ ဗိုက်အောင့်စေတဲ့အကြောင်းအရင်းများစွာရှိပါတယ်။
သာမန်အရေးမကြီးတဲ့အခြေအနေကနေ အသက်ကိုထိခိုက်စေနိုင်တဲ့အခြေအနေအထိ ဖြစ်စေနိုင်ပါတယ်။ ဒါကြောင့် ဗိုက်အောင့်တဲ့အခါ ပေါ့ပေါ့ဆဆလစ်လျူရှုမနေပဲ ဆရာဝန်နဲ့လိုအပ်လျှင် တိုင်ပင်ဆွေးနွေးရပါမယ်။
ဗိုက်အောင့်စေတဲ့အကြောင်းအရင်းများ
၁။ ညာဘက်နံရိုးအောက်အောင့်ခြင်း(Right Hypochondriac Pain)
အသည်းနှင့်ဆိုင်သောရောဂါများ၊ သည်းခြေအိတ်ရောင်ခြင်း၊ သည်းခြေကျောက်တည်ခြင်း၊ ညာဘက်အဆုပ်အောက်ခြေခဲခြင်း၊ အစာအိမ်နှင့်အူသိမ်အစအနာဖြစ်ခြင်း
၂။ ရင်ခေါင်းအောင့်ခြင်း( Epigastric Pain)
အစာအိမ်ရောင်ခြင်း၊ အစာအိမ်နှင့်အူသိမ်အစအနာဖြစ်ခြင်း၊ အစာအိမ်အက်စစ်လျှံခြင်း၊ အသည်းရောင်ခြင်း၊ နှလုံးသွေးကြောပိတ်ခြင်း၊ အစာမကြေခြင်း၊ အစာအိမ်ကျွံခြင်း
၃။ ဘယ်ဘက်နံရိုးအောက်အောင့်ခြင်း(Right Hypochondriac Pain)
မုန့်ချိုအိတ်ရောင်ခြင်း၊ ဘေလုံးပြသနာများ၊ အစာအိမ်ရောင်ခြင်း၊ အစာအိမ်အနာဖြစ်ခြင်း၊ အစာမကြေခြင်း
၄။ ညာဘက် ခါးနေရာအောင့်ခြင်း (Right Lumbar Pain)
ကျောက်ကပ်ရောင်ခြင်း၊ ကျောက်ကပ်ကျောက်တည်ခြင်း၊ အူရောင်ခြင်း၊ ဝမ်းချုပ်ခြင်း
၅။ ချက်ပတ်လည်နေရ အောင့်ခြင်း (Umbilical Pain)
အူရောင်ခြင်း၊ အူကျွံခြင်း၊ မုန့်ချိုအိတ်ရောင်ခြင်း၊ အူလမ်းကြောင်းရောဂါများ၊ သံကောင်ရှိနေခြင်း
၆။ ဘယ်ဘက်ခါးနေရာအောင့်ခြင်း(Left Lumbar Pain)
ကျောက်ကပ်ရောင်ခြင်း၊ ကျောက်ကပ်ကျောက်တည်ခြင်း၊ အူရောင်ခြင်း၊ ဝမ်းချုပ်ခြင်း
၇။ ညာဘက်ချက်ဘေး ဗိုက်အောက်ပိုင်းနေရာအောင့်ခြင်း (Right Iliac Fossa Pain)
အူအတက်ရောင်ခြင်း၊ အူရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ မီးယပ်ဆိုင်ရာရောဂါများ၊ အူကျခြင်း
၈။ အလယ်ချက်အောက်ပိုင်းနေရာအောင့်ခြင်း (Hypogastric Pain)
ဆီးအိမ်နှင့်ဆိုင်သောရောဂါများ၊ ဆီးကျိတ်ရောင်ခြင်း၊ အူရောင်ခြင်း၊ အူကျွံခြင်း၊ Diverticulitisရောဂါ၊ မီးယပ်ရောဂါများ။
၉။ ဘယ်ဘက်ချက်ဘေး ဗိုက်အောက်ပိုင်းနေရာအောင့်ခြင်း(Left Iliac Fossa Pain)
အူရောင်ခြင်း၊ ဝမ်းချုပ်ခြင်း၊ မီးယပ်ဆိုင်ရာရောဂါများ၊ အူကျခြင်း
၁၀။ အခြားအကြောင်းအရင်းများ
အထက်လန်အောက်လျှောဖြစ်ခြင်း၊ ရာသီလာခြင်းကြောင့်ဗိုက်အောင့်ခြင်း၊ အူပိတ်ခြင်း၊ အူစွပ်ခြင်း၊ ဆီးလမ်းကြောင်းပိုးဝင်ခြင်း။
သက်သာပျောက်ကင်းစေမည့်နည်းလမ်းများ
ဗိုက်အောင့်စေသောအကြောင်းအရင်းပေါ်မူတည်ပြီး ကုသရန်လိုအပ်ပါတယ်။
၁။ အိမ်တွင်းကုထုံး
ဗိုက်အောင့်ခြင်းအများစုကတော့ ဆရာဝန်မှအကြံပေးချက်ဖြင့် အိမ်တွင်းကုထုံးတွေနဲ့ သက်သာသွားလေ့ရှိပါတယ်။
ဗိုက်နာသက်သာစေတဲ့အိမ်တွင်းနည်းလမ်းတွေကတော့ နာနေတဲ့ဗိုက်နေရာကို ရေနွေးအိတ် ဒါမှမဟုတ် ရေနွေးပုလင်းကပ်ခြင်း၊ ရေနွေးနွေးတွင်စိမ်၍ရေချိုးခြင်း၊ အရည်များများသောက်ခြင်း၊ ကော်ဖီ၊လက်ဖက်ရည်နဲ့ အရက် လျှော့သောက်ခြင်း၊ အစာပြန်စစားပြီဆိုလျှင် အရည်မှစ၍ တဖြည်ဖြည်းအစာအပျော့မှစ၍ ဆရာဝန်ညွှန်ကြားသည့်အတိုင်း သတိထားစားခြင်း၊ ကောင်းကောင်းအနားယူခြင်း။
၂။ ဆေးဝါးများ
ဆရာဝန်လက်မှတ်မလိုတဲ့/ညွှန်ကြားချက်မလိုတဲ့ (OTC)ဆေးအချို့ကို သောက်သုံးနိုင်ပါတယ်။ ဥပမာ-အစာအိမ်ဆေးအချို့(Antacids)၊ အကိုက်အခဲပျောက်ဆေးအပျော့စားများ (Paracetamol)၊ ပရိုဘိုင်အိုးတစ်ဆေးများ။
၃။ ဆရာဝန်နှင့်အရေးပေါ်ပြသရန်လိုတဲ့ အခြေအနေများ
ဆိုးရွားစွာဗိုက်အောင့်လျှင်၊ နာရီပေါင်းများစွာကြာအောင်ဗိုက်အောင့်နေလျှင်၊ ကိုယ်ဝန်ဆောင်မိခင်တွင် ဗိုက်အောင့်ခြင်း/သွေးဆင်းခြင်း၊ ကပ်ပယ်အိတ်အောင့်ခြင်း၊ ဗိုက်အောင့်ခြင်းနှင့်အတူ အန်ခြင်း/အသက်ရှူရခက်ခဲလာခြင်း၊ ဗိုက်အောင့်ခြင်းနှင့်အတူ သွေးအန်ခြင်း၊ ဝမ်းသွားသွေးပါခြင်း၊ ဆီးထဲသွေးပါခြင်း၊ ရင်ဖတ်၊လည်ပင်းနဲ့ ပခုံးအထိ ပါနာကျင်စေခြင်း၊ အဖျားရှိခြင်းနဲ့ ချွေးစေးထွက်ခြင်း၊ဖြူဖျော့ပြီး ကတုန်ကရင်ဖြစ်လာခြင်း၊ ဆီးမသွားနိုင်ခြင်း၊ ဝမ်းမသွားနိုင်ခြင်း/လေမလည်ခြင်း၊ အလုံးအကျိတ်များစမ်းမိခြင်း၊ တခြားစိတ်ပူနေသောအကြောင်းအရင်းများရှိနေခြင်း။
ဒေါက်တာယဉ်ယဉ်ဝင်း