ဝမ်းဗိုက်အောင့်ခြင်းနှင့် ဝမ်းလျှောခြင်းများသည် အကြောင်းရင်းများစွာကြောင့် ဖြစ်နိုင်ပွားခြေရှိပါသည်။
ထိုအကြောင်းအရင်းများမှာ အစာမကြေခြင်း၊ ဗိုင်းရပ်စ်ရောဂါများ ကူးစက်ခံရခြင်းကြောင့် အစာအိမ်တုပ်ကွေးကဲ့သို့ ရောဂါများဖြစ်ခြင်း၊ အူလမ်းကြောင်းဆိုင်ရာရောဂါများဖြစ်ခြင်း စသည်တို့ကြောင့်ဖြစ်နိုင်ပါသည်။
အစားအစာပုံစံပြောင်းလဲခြင်း၊ အရက်အလွန်အကျွံသောက်ခြင်း စသည်တို့ကြောင့်လည်း ဗိုက်အောင့်ခြင်းနှင့် ဝမ်းလျှောခြင်းဖြစ်ပွားနိုင်ပါသည်။
ဗိုက်အောင့်ခြင်းနှင့် ဝမ်းလျှောခြင်း မကြာခဏဖြစ်ပွားခြင်း၊ အချိန်ကာလရှည်ကြာစွာဖြစ်ပွားခြင်း၊ ပြင်းထန်စွာဖြစ်ပွားခြင်း၊ ဝမ်းသွားသည့်အခါ သွေးပါခြင်းတို့သည် ပြင်းထန်သည့် ဆေးဘက်ဆိုင်ရာပြဿနာများ ဖြစ်ပွားနေကြောင်း ပြသနေခြင်းဖြစ်ပါသည်။
ဝမ်းဗိုက်အောင့်ခြင်းနှင့် ဝမ်းလျှောခြင်းတို့နှင့် ဆက်စပ်နေသည့် ဆေးဘက်ဆိုင်ရာ ပြဿနာများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
– ဗိုင်းရပ်စ်ကူးစက်မှုကြောင့် အစာအိမ်နှင့် အူရောင်ခြင်း၊
– ဗက်တီးရီးယားကူးစက်မှုကြောင့် အစာအိမ်နှင့် အူရောင်ခြင်း၊
– အစာဓာတ်မတည့်ခြင်း၊
– အစာအဆိပ်သင့်ခြင်း၊
– အစာမကြေခြင်း၊
– အူနံရံများ ရောင်ရမ်းသောရောဂါလက္ခဏာစု၊
– အူလမ်းကြောင်း၏ နံရံတွင် သေးငယ်သည့် အိတ်များဖြစ်ပေါ်၍ ရောင်ရမ်းသည့် Diverticulitis ရောဂါ၊
– လက်တို့စ်သကြားနှင့် မတည့်ခြင်း၊
– အူလမ်းကြောင်းပိတ်ဆို့ခြင်း
– ဝမ်းချုပ်၍ စမြင်းတုံးများ အူလမ်းကြောင်းတွင် ပိတ်နေခြင်း၊
– အူမကြီးဦးပိုင်း ရောင်ရမ်းခြင်း၊
– အူအတက်ရောင်ခြင်း၊
– ကပ်ပါးပိုးများ တွယ်ကပ်ခြင်း၊
– ဆေးဓာတ်မတည့်ခြင်း၊
– Gluten ပရိုတင်းနှင့် ဓာတ်မတည့်သော Celiac ရောဂါဖြစ်ပွားခြင်း၊
– အူလမ်းကြောင်းရောင်ရမ်းသော Crohn’s Disease ဖြစ်ပွားခြင်း၊
– စိတ်ဖိစီးမှုနှင့် စိုးရိမ်စိတ်များကြောင့် ဖြစ်ပွားသည့် Cystic Fitrosis ရောဂါကြောင့် အစာလမ်းကြောင်းကို ထိခိုက်ခြင်း၊
– အချို့သော ကင်ဆာအမျိုးအစားများဖြစ်ပွားခြင်း၊
– ဝမ်းဗိုက်အတွင်းတွင်ရှိသော အူ၊ ကျောက်ကပ်၊ အူအတက်၊ သရက်ရွက်၊ အစာအိမ်၊ သည်းခြေအိတ်၊ အသည်း၊ ပန်းကရိယ စသည့်အင်္ဂါများတွင် ကူးစက်ရောဂါများနှင့် အခြားရောဂါများဖြစ်ပွားခြင်း စသည်တို့သည် ဗိုက်အောင့်ခြင်းနှင့် ဝမ်းလျှောခြင်းတို့နှင့် ဆက်စပ်နေသည့် ဆေးဘက်ဆိုင်ရာ ပြဿနာများဖြစ်ကြပါသည်။
ဘယ်အချိန်မှာဆရာဝန်နဲ့ ပြသတိုင်ပင်သင့်သလဲ
အကယ်၍ ဝမ်းဗိုက်အောင့်ခြင်းနှင့် ဝမ်းလျှောခြင်းသည် ၃ ရက်ထက်ပိုမို၍ ဖြစ်ပွားခဲ့ပါက၊ နာကျင်မှုသည် ပိုမိုတိုးမြင့် ပြင်းထန်လာပါက၊ ဝမ်းဗိုက်အောင့်ခြင်းနှင့် ဝမ်းလျှောခြင်းသည် မကြာခဏ ပြန်လည်ဖြစ်ပွားပါက ဆရာဝန်နှင့် ပြသတိုင်ပင်သင့်ပါသည်။
ဝမ်းဗိုက်အောင့်ခြင်း၊ ဝမ်းလျှောခြင်းနှင့်အတူ အောက်ပါလက္ခဏများ ပေါ်ပေါက်လာပါကလည်း ဆရာဝန်နှင့် ပြသတိုင်ပင်ရမည်ဖြစ်ပါသည်။
– မကြာခဏ ပျို့အန်ခြင်း၊
– ကိုယ်အပူချိန်သည် ၁၀၁ ဒီဂရီ ဖာရင်ဟိုက် (ကလေးများတွင် ၁၀၀.၄ ဒီဂရီ ဖာရင်ဟိုက်) အောက်သို့မကျသွားဘဲ အဖျားဆက်လက်ရှိနေခြင်း၊
– သွေး သို့မဟုတ် ကော်ဖီရောင်ပါသော ဝမ်းသွားခြင်း၊
– အစားအစာများကို မျိုချ၍ မရခြင်း၊
– အလွန်အမင်းရေငတ်ခြင်း သို့မဟုတ် ပါးစပ်ခြောက်သွေ့ခြင်း၊
– စကားပြောရန် အားမရှိခြင်း၊
– မျက်စိမဖွင့်နိုင်ခြင်း၊
– ကယောင်ကတမ်းဖြစ်ခြင်း သို့မဟုတ် သတိမေ့မျောခြင်း၊
– မျက်လုံးနှင့် အရေပြားတွင် အဝါရောင်သန်းလာခြင်း၊
– တက်ခြင်း၊
– လိင်အင်္ဂါများ ဖောင်းကားရောင်ရမ်းလာခြင်း စသည့်လက္ခဏာများ ပေါ်ပေါက်လာပါက ဆရာဝန်နှင့် အမြန်ပြသတိုင်ပင်ရန် လိုအပ်ပါသည်။
ထို့ပြင် ဝမ်းဗိုက်အောင့်ခြင်းနှင့် ဝမ်းလျှောခြင်းသည် မွေးခါစ ကလေးငယ်များ၊ သက်ကြီးရွယ်အိုများနှင့် ခုခံအားစနစ် ချို့တဲ့နေသောသူများတွင်ဖြစ်ပွားပါက ပိုမိုအန္တရယ်ကြီးမားတတ်သောကြောင့် အဆိုပါသူများ ဝမ်းလျှောခြင်းဖြစ်ပွားပါက ပိုမိုဂရုစိုက် စောင့်ကြည့်ကုသရန် လိုအပ်ပါသည်။
Author: Dr. CK