တစ်ခါတစ်ရံ ပေါက်တီးပေါက်ရှာ လူကြားသူကြား စအိုနား ယားတတ်ပါတယ်။ နေလို့လည်းခက် ကုတ်ရလည်းအခက်နဲ့ တော်တော် ဂွကျ(ခွကျ)တဲ့ ကိစ္စပါပဲ။
စအိုနားတစ်ဝိုက်ယားယံခြင်းကို ကလေးသူငယ်တွေရော လူကြီးတွေပါ ခံစားရလေ့ရှိပါတယ်။ ဆိုးဆိုးဝါးဝါးကြီးကို ယားလို့ကုတ်မယ်ဆိုပြန်ရင်လည်း နေရာက လူရှေ့သူရှေ့ ကုတ်မကောင်းတဲ့ နေရာ။ တချို့မှာ ရံဖန်ရံခါ ယားယံတာလောက် ဖြစ်ပေမယ့် တချို့ကျ ယားယံမှုက ကြာနေပြီး နီနေ ရဲနေတာ နာနေတာ သက်တောင့်သက်သာ မရှိတာတွေထိ ဖြစ်တတ်ပါတယ်။ တချို့ဆို နာလို့ ထိုင်တဲ့နေရာမှာတောင် ဖွဖွလေး ထိုင်ရတာမျိုး ရှိပါတယ်။
စအိုနားတစ်ဝိုက် ယားယံခြင်းကို အများဆုံး ဖြစ်စေတဲ့ အကြောင်းတွေကတော့
၁) သန်ကောင် တုတ်ကောင်တွေကြောင့်
မြန်မာနိုင်ငံမှာ လမ်းဘေးအစားအစာတွေက သန့်ရှင်းမှု အင်မတန် အားနည်းပါတယ်။ ဒီလို လမ်းဘေးအစားအစာတွေကြောင့် သန်ကောင် တုတ်ကောင်တွေ ရှိနေတတ်ပါတယ်။ ဒါပေမယ့် သန်ချတဲ့ အလေ့အကျင့်လည်း နည်းကြပါသေးတယ်။ သန်ကောင် တုတ်ကောင်တွေကလည်း စအိုနား တစ်ဝိုက် ယားယံခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ ကလေးငယ်တွေမှာ စအိုနားတစ်ဝိုက် ယားယံမှုတွေကို အဖြစ်အများဆုံး ဖြစ်စေတဲ့ အကြောင်းတစ်ခုပါပဲ။
၂)လိပ်ခေါင်းရောဂါ
စအိုနားတစ်ဝိုက်မှာ လိပ်ရဲ့ ခေါင်းလို အဖုလေး ပြူတစ်ပြူတစ်ထွက်လို့ပဲ လိပ်ခေါင်းရောဂါ ခေါ်သလား မသိပေမယ့် လိပ်ခေါင်းရောဂါကလည်း စအိုနားတစ်ဝိုက် ယားယံခြင်းကို အဖြစ်များစေတဲ့ အကြောင်းအရာတစ်ခုပါပဲ။ လိပ်ခေါင်းရောဂါမှာ ယားယံခြင်းတွေအပြင် စအိုနားတစ်ဝိုက် နာကျင်နေတာ ၊ စအိုမှာ အလုံးလေး စမ်းမိတာ ၊ ဗိုက်နာတာတွေ ဖြစ်တတ်ပါသေးတယ်။
၃)မကြာခဏ ဝမ်းသွားခြင်း
မကြာခဏ ဝမ်းအရည်တွေ သွားခြင်းကလည်း စအိုနားက အသားတွေကို ယားယံမှုတွေ ဖြစ်စေနိုင်ပါတယ်။ ပြီးတော့ ဆေးကြောသန့်စင်ခြင်းကလည်း စိုစွတ်မှုတွေကို ဖြစ်စေနိုင်ပါတယ်။ စိုစွတ်မှုတွေကတဆင့် အရေပြားကို ပိုးဝင်တာတွေ ဖြစ်စေနိုင်ပါသေးတယ်။ ဒါကြောင့် မကြာခဏ ဝမ်းအရည်တွေ သွားခြင်းကလည်း စအိုနားတစ်ဝိုက်မှာ ယားယံမှုတွေကို ဖြစ်စေနိုင်ပါတယ်။ အထူးသဖြင့် HIV ရောဂါပိုး ရှိသူတွေမှာ ပိုဖြစ်တတ်ပါတယ်။
၄)စအိုနားတစ်ဝိုက်က အနာများ
ဂရင်ချီနာတွေ ၊ စအိုကွဲနာတွေကလည်း စအိုနားတစ်ဝိုက်မှာ ယားယံခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ ပြီးတော့ တချို့မှာ စအိုမှာ ထွက်နေတဲ့ အသားစ အသားပိုလေးလိုမျိုးတွေ ရှိတတ်ပါတယ်။ အဲဒါလေးတွေကလည်း ယားယံခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။
၅)စအိုကင်ဆာ
စအိုကင်ဆာကလည်း တစ်ခါတစ်ရံ ယားယံခြင်းတွေကို ဖြစ်စေပါတယ်။
၆)လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါများ
လိင်ကတဆင့် ကူးစက်တတ်တဲ့ ရောဂါတွေဖြစ်တဲ့ လိင်အင်္ဂါ ကြွက်နို့တွေ ၊ ဂနို ရောဂါတွေကလည်း စအိုနားတစ်ဝိုက် ယားယံမှုတွေ နာကျင်မှုတွေကို ဖြစ်စေနိုင်ပါတယ်။
၇)မှိုပိုးဝင်ခြင်း
ကိုယ်ခံအားနည်းလို့ဖြစ်စေ၊ ပိုးသတ်ဆေးတစ်မျိုးမျိုးကို ရေရှည်စွဲသောက်နေရရင်ဖြစ်စေ မှိုပိုးဝင်တတ်ပါတယ်။ အဲလို မှိုပိုးဝင်တဲ့အခါမှာလည်း စအိုနားတစ်ဝိုက်ပါ ယားယံတတ်ပါတယ်။
၈)အစားအစာများ
အပူအစပ်တွေ ငရုတ်သီးတွေ အရမ်းစားတဲ့သူတွေမှာလည်း စအိုနားတစ်ဝိုက် ယားယံတတ်ပါတယ်။
၉)အလေ့အကျင့်များ
မကြာခဏ ဆေးကြောခြင်း သို့မဟုတ် သန့်ရှင်းမှု အားနည်းခြင်းတွေကလည်း စအိုတစ်ဝိုက် ယားယံခြင်းတွေကို ဖြစ်စေနိုင်ပါတယ်။ ဒါ့အပြင် သန့်ရှင်းရေးလုပ်တဲ့ ဆေးရည်တွေမှာပါတဲ့ အမွှေးနံ့သာတွေ ၊ တစ်ရှူးမှာပါတဲ့ အမွှေးနံ့သာတွေကလည်း ယားယံစေတတ်ပါသေးတယ်။
၁၀)အရေပြား အနာများ
ဝဲဆိုတာ ကိုယ်ခန္ဓာရဲ့ ဘယ်နေရာမဆို ပေါက်တတ်ပါတယ်။ စအိုနားတစ်ဝိုက် ဝဲပေါက်ခြင်း ၊ စအိုနားက အသားတွေ ယားနာဖြစ်ခြင်းတွေကလည်း ယားယံမှုတွေကို ဖြစ်စေနိုင်ပါတယ်။
Author : Dr. မေ