နှလုံးဆိုတာဟာ တစ်ကိုယ်လုံးမှာရှိသမျှနေရာတွေကို သွေးထောက်ပံ့မှု ပေးနေတဲ့ အရေးကြီးကိုယ်တွင်းအင်္ဂါတစ်ခုပါ။ လူခန္ဓာကိုယ်ရဲ့ အင်ဂျင်စက်ကြီးတစ်ခုလို့လည်း တင်စားခေါ်ဝေါ်နိုင်ပါတယ်။
နှလုံးဟာ ရင်ဘတ်ရဲ့ အလယ်နေရာလောက်တွင်ရှိပြီး ဘယ်ဘက်သို့ နည်းနည်းပိုရောက်ပါတယ်။ နှလုံးမှာ အတွင်းလွှာ(Endocardium)၊ အလယ်လွှာ(Myocardium)၊ အပြင်လွှာ(Pericardium) ဆိုပြီး အလွှာသုံးလွှာ ရှိသည်။
အခု တင်ပြလိုတာကတော့ နှလုံးအလယ်လွှာ ရောင်ရမ်းခြင်း ဆိုတဲ့အကြောင်းပဲဖြစ်ပါတယ်။ နှလုံးအလယ်လွှာကို ကြွက်သားတွေနဲ့ဖွဲ့စည်းထားတဲ့အတွက် နှလုံးကြွက်သားလွှာ လို့ခေါ်ပါတယ်။
ဒီတော့ နှလုံးအလယ်လွှာရောင်ရမ်းခြင်း ကို နှလုံးကြွက်သားရောင်ရမ်းခြင်း (Myocarditis) လို့လည်း ခေါ်ပါတယ်။ ဆေးပညာအရ Inflammatory cardiomyopathy လို့လည်း ခေါ်ပါတယ်။
ဖြစ်ပွားရတဲ့ အကြောင်းရင်းများ
နှလုံးကြွက်သား ရောင်ရမ်းရခြင်းအကြောင်းရင်းကိုတော့ သေသေချာချာ မသိသေးပါဘူး။ ဗိုင်းရပ်စ်ပိုးဝင်တာကနေ ဖြစ်တာတော့ များပါတယ်။ တခြားဖြစ်နိုင်တဲ့အကြောင်းတွေကတော့ ဗက်တီးရီးယားပိုးဝင်တာ၊ ကိုယ့်ရဲ့ကိုယ်ခံအားက ကိုယ့်ခန္ဓာကိုယ်ကို ပြန်တိုက်တဲ့ရောဂါအခံတစ်ခုခုရှိတာ(ဥပမာ အရေပြားလေးဖက်နာ)၊ အရက်ကို ရေရှည်စွဲသောက်တာ၊ ကင်ဆာရောဂါအတွက် ဆေးတွေစွဲသောက်နေရတာ၊ ဓါတ်ရောင်ခြည်နဲ့ ထိတွေ့မှုများတာ၊ ဓာတ်လိုက်ခံရတာ စသဖြင့် အများကြီးရှိပါတယ်။
ခံစားရနိုင်တဲ့ရောဂါလက္ခဏာတွေကတော့
-ရင်ဘတ်အောင့်တာ(စူးစူးကြီးနဲ့အောင့်တာ)
-မောတာ၊
-ရင်တုန်တာ၊
-ခြေထောက်တွေဖောရောင်တာ
-ရုတ်တရက်နှလုံးရပ်ပြီးအသက်ဆုံးတာ(လူငယ်လူရွယ်တွေမှာအဖြစ်များပါတယ်) စသဖြင့်ပါ။
ပိုးဝင်ရာကနေဖြစ်တာဆိုရင် ဖျားတာပါဖြစ်နိုင်ပါတယ်။ ကလေးတွေမှာဆိုရင် အစားသောက်ပျက်တာ၊ဗိုက်နာတာ၊ချောင်းဆိုးတာ၊အီနေတာ စတဲ့ ဘာမှန်းရေရေရာရာမပြောနိုင်တဲ့ ဟိုလိုလိုဒီလိုလို လက္ခဏာမျိုးတွေလည်း ဖြစ်နိုင်ပါတယ်။
အထက်ပါလက္ခဏာတွေရှိပါက ဆရာဝန်နဲ့ပြသပြီး စမ်းသပ်စစ်ဆေးမှုတွေလုပ်သင့်ပါတယ်။
လုပ်နိုင်တဲ့စမ်းသပ်စစ်ဆေးမှုတွေကတော့ သွေးဖောက်ပြီး ESR, CRP, IgM, Troponin စတာတွေကိုစစ်ဆေးတာ ၊ အီးစီဂျီဆွဲတာ(ECG) ၊ နှလုံးသံလိုက်ဓါတ်မှန်ရိုက်တာ(cMRI) စသဖြင့်ပါ။
ကုသမှုအနေနဲ့ကတော့ ဖြစ်ရတဲ့အကြောင်းပေါ်လိုက်ပြီး ကုသရပါတယ်။ ဖြစ်တဲ့အကြောင်းတွေကလည်း အများကြီးရှိတဲ့အပြင် တချို့တွေမှာဆိုရင် ဖြစ်တဲ့အကြောင်းရင်းတွေက တခုမက ရှိတတ်ပါတယ်။
Author : Dr. 528