ငယ်ရွယ်သူရဲ့အတိုး
ခေါင်းထဲ တဒုတ်ဒုတ်ခုန်နေလား? မူးနောက်နေလား? ပျို့အန်ချင်လာ? သွေးချိန်ကြည့်လိုက်ပါ။ သင့်အသက်အရွယ်နှင့် မလိုက်အောင် သွေးတိုးနေပါလိမ့်မယ်။ မအံ့သြပါနဲ့။ မပေါ့ဆပါနဲ့။ တကယ်တိုးနေပါလိမ့်မယ်။ ယခုခေတ် နေထိုင်မှုစနစ်အရ လူငယ်များတွင်သွေးတိုးရောဂါဖြစ်ပွားမှု မြင့်တက်နေပါတယ်။ အသက် ၃၅နှစ်အောက် လူငယ်များအဖို့ သွေးတိုးရောဂါ ရရှိနေသည်ကို လက်ခံဖို့ခဲယဉ်းသလို ဆရာဝန်ဆီ မှန်မှန်ပြဖို့လည်း တွန့်ဆုတ်နှောင့်နှေးတတ်ကြပါတယ်။ လူငယ်များတွင် သွေးတိုးရောဂါအတွက် ကိုယ်အလေးချိန်ထိန်းပြီး လူနေမှုစနစ် ပြောင်းလဲရုံဖြင့် တိုးတက်နိုင်ပေမယ့် သေချာစနစ်တကျလိုက်နာရန် အားနည်းတတ်ကြပါတယ်။
(1) မကုရင် ဘာဖြစ်နိုင်သလဲ?
သွေးတိုးရောဂါသည် `တိတ်တဆိတ် လူသတ်သမား´တစ်ဦးပါပဲ။ သေချာမကုသလျှင် နှလုံးရောဂါဖြစ်ခြင်း၊ လေဖြတ်ခြင်းနှင့် ကျောက်ကပ်ပျက်ဆီးခြင်း စသည်တို့ကို ဖြစ်စေနိုင်ပါတယ်။ သင်သွေးပေါင်ချိန်တိုင်းလျှင် အပေါ်သွေး ၁၂၀ အောက်သွေး ၈၀ထက် များနေလျှင် သတိထားရမယ့်အနေအထားသို့ ရောက်ရှိနေသည်ကို သတိပြုရပါမယ်။ အပေါ်သွေး ၁၄၀ အောက်သွေး ၈၀ ထက် ကျော်နေခဲ့ရင်တော့ သေချာပေါက် ကုသပြီး နှလုံးအတွက် သတိထာသင့်သော အခြေအနေပင် ဖြစ်ပါတယ်။
(2) သွေးတိုး အမျိုးအစား ၂မျိုး ရှိပါတယ်။
ပထမတစ်မျိုးကတော့ မိမိလူနေထိုင်မှုစနစ် မှားယွင်းမှုကြောင့် ဥပမာ အဝလွန်ခြင်း၊ အရက်အလွန်သောက်ခြင်း၊ အငန်အစားများခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။
ဒုတိယအမျိုးအစားကတော့ ကျောက်ကပ်၊ ဟော်မုန်း မညီမျှမှု၊ ဆေးဝါး၊ မွေးရာပါညသွေးကြောရောဂါ စသည်တို့ကြောင့် သွေးတိုးနိုင်ပါတယ်။
(3) သွေးတိုးရောဂါ လက္ခဏာများ
လူငယ်များတွင် သွေးတိုင်းသည့်အခါ အလွန်အမင်းများသည့်တိုင် မည်သည့်လက္ခဏာများမှပင် မခံစားရသည်ကို တွေ့ရှိရတတ်ပါတယ်။ လူအချို့တွင် သွေးတိုးခြင်း၊ ခေါင်းကိုက်ခြင်း၊အသက်ရှူကျပ်ခြင်းနှင့် နှာခေါင်းသွေးလျှံခြင်း စသည်တို့ ခံစားရနိုင်ပါတယ်။
(4) သွေးတိုးထိန်းရန် လိုက်နာနိုင်သော အရာများကတော့
– ဝိတ်ထိန်းပါ။
– အဆီအစိမ့်၊ အငန်ရှောင်ပါ။
– နေ့စဉ် ကိုယ်လက်လေ့ကျင့်ခန်း လုပ်ပါ။
– ဆေးလိပ် ၊ အရက် မသောက်ပါနဲ့။
လူငယ်များတွင် သွေးတိုးရောဂါဖြစ်ပါက ပုံမှန်လူထက် ပန်းသေပန်းညိုး ဖြစ်နိုင်ချေ များပါတယ်။ သွေးတိုးရောဂါအပြင် အခြားသော တွဲဖက်ရောဂါများပါ တပြိုင်တည်း ဖြစ်ပွားလာနိုင်ပါတယ်။ နှလုံးရောဂါ ၊ ဆီးချိုရောဂါ၊ အိပ်နေစဉ် အသက်ရှူလမ်းကြောင်းပိတ်ခြင်းနှင့် သမ်းဝေခြင်း စသည်တို့ပင် ဖြစ်ပါတယ်။
လူငယ်များအနေနဲ့ မိမိမိသားစုတွင် သွေးတိုးရောဂါရှိပါက မျိုးရိုးလိုက်တတ်သည်ကိုလည်းသတိပြုဆင်ခြင်သင့်ပါတယ်။ စိတ်တိုဒေါသထွက်လွယ်သော လူငယ်များအဖို့ သွေးတိုးရောဂါ ဖြစ်ပွားမှု ပိုမိုလွယ်ကူကြောင်း သတိပြု ဆင်ခြင်သင့်ပါတယ်။ စိတ်တိုဒေါသထွက်ခြင်းကြောင့် မိမိရဲ့ ဇီဝကမ္မဖြစ်စဉ် ပြောင်းလဲမှုများစွာ ဖြစ်နိုင်ပါတယ်။
(5)နောက်ဆက်တွဲ ဝေဒနာများကတော့ လေဖြတ်ခြင်း၊ သွေးကြောလုံးပေါက်ခြင်း၊နှလုံးရောဂါ၊ ကျောက်ကပ်ပျက်ဆီးခြင်း၊ မျက်လုံးထိခိုက်ခြင်း၊ အခြားသော ဟော်မုန်းရောဂါများ ခံစားရရှိနိုင်ပါတယ်။
(5) ကုသနည်း
လူငယ်များအဖို့ မိမိသွေးတိုင်းသည့်အခါ သွေးတိုးနေလျှင် မပေါ့ဆသင့်ပါ။ မိမိလူနေထိုင်မှုစနစ်ကို သေချာပြောင်းလဲပါ။ လေ့ကျင့်ခန်း လုပ်ပါ ။နားလည်တတ်ကျွမ်းသော ဆရာဝန်နှင့်မှန်မှန်ဆေးကုသမှု ခံယူပါ။ မိမိသွေးတိုးရသော အကြောင်းရင်းကို ရှာဖွေကုသပါ။
Author : Dr. ပြည့်ရှင်း