မျက်ခမ်းလှုပ်တာကို လူအတော်များများ ကြုံတွေ့ခံစားဖူးကြမှာပါ။ မျက်ခမ်းလှုပ်တာနဲ့ပတ်သက်ပြီး လှုပ်တဲ့ဖက်အပေါ်မှုတည်ကာ ကောင်းမယ် ဆိုးမယ် ဆိုတဲ့ ရိုးရာအယူအဆတွေလည်း ကြားဖူးကြပါလိမ့်မယ်။
မျက်ခမ်းလှုပ်တာကို အင်္ဂလိပ်လို Eye Twitching လို့ခေါ်ပါတယ်။ မျက်ခမ်းလှုပ်တယ်ဆိုတာဟာ မျက်ခွံမှာရှိတဲ့ ကြွက်သားတွေ အလိုအလျောက် (သူ့ဘာသာသူ) ကျုံ့ခြင်း၊ဆန့်ခြင်း ဖြစ်သွားတဲ့ အခြေအနေပါ။
မျက်ခမ်းလှုပ်တာဟာ နေ့စဉ်လုပ်နေကျ အရာတွေကို ဆောင်ရွက်ရာမှာ ကြီးကြီးမားမား အနှောင့်အယှက်ဖြစ်စေတာမျိုး မရှိပေမဲ့ စိတ်အနှောင့်အယှက်တော့ ဖြစ်စေပါတယ်။ တစ်ခါတစ်ရံမှာ မျက်တောင်တဖျပ်ဖျပ်ခတ်စေတာမျိုး၊ မျက်လုံးကို တစ်ဝက်လောက်ထိမှေးသွားစေတာမျိုးကိုဖြစ်စေတတ်ပါတယ်။
မျက်ခမ်းလှုပ်တာဟာ ဘာကြောင့်လဲလို့အတိအကျ မပြောနိုင်အောင် အကြောင်းရင်းများစွာရှိပါတယ်။ အများအားဖြင့်တော့ စိတ်ဖိစီးမှုများတာ၊ ပင်ပန်းမှုများတာ၊ အိပ်ရေးပျက်တာ၊ ကဖင်းဓာတ်များတဲ့ အရာတွေကို စားသောက်တာတွေနဲ့ဆက်နွယ်မှု ရှိပါတယ်။
ဒါပေမဲ့ ဒါတွေအပြင် မျက်ခမ်းတွေလှုပ်တာဟာ မျက်ခမ်းရောင်ခြင်း၊ မျက်လုံးများခြောက်တာ၊ အလင်းရောင်ကို မခံနိုင်တာ၊ မျက်စိနာတာ စတဲ့မျက်လုံးနဲ့ ပတ်သက်တဲ့ရောဂါတွေကြောင့်လည်း လှုပ်နိုင်သလို ပါကင်ဆန်ရောဂါ၊ Bell’s Palsy ခေါ် မျက်နှာတစ်ခြမ်းလေဖြတ်တဲ့ရောဂါ အပါအဝင် ဦးနှောက်နဲ့ပတ်သက်တဲ့ တစုံတရာပြောင်းလဲမှုဖြစ်နေတာကို လက္ခဏာပြတဲ့အနေနဲ့လှုပ်တာလည်းဖြစ်နိုင်ပါတယ်။
နောက်ပြီး စိတ်ပိုင်းဆိုင်ရာပြသာနာတွေကို ကုစားဖို့ အသုံးပြုတဲ့ဆေးတွေ၊ အတက်ရောဂါကိုကုသဖို့ အသုံးပြုတဲ့ဆေးတွေ သောက်နေရရင်လည်း ဘေးထွက်ဆိုးကျိုးအနေနဲ့ မျက်ခမ်းလှုပ်ခြင်းကို ခံစားရနိုင်ပါတယ်။
အဆုံးသတ်အနေနဲ့ပြောချင်တာကတော့ အများအားဖြင့် မျက်ခမ်းလှုပ်တာဟာ အိပ်ရေး၀၀အိပ်ရင်၊ ပြည့်ပြည့်၀၀အနားယူရင်၊ ကဖင်းဓါတ်ပါတဲ့အစားသောက်တွေကို လျှော့လိုက်ရင် ပျောက်ကင်းသက်သာသွားနိုင်ပါတယ်။
ဒါပေမဲ့
-တစ်ပတ်ကျော်တဲ့အထိ မျက်ခမ်းလှုပ်နေတာ
– မျက်ခွံလုံးဝပိတ်သွားတာ
– မျက်လုံးနီရဲရောင်ရမ်းပြီး မျက်ဝတ်ထွက်တာ
– အပေါ်မျက်ခွံပြုတ်ကျတာ စတာတွေရှိရင်တော့ ဆေးခန်းပြသဖို့လိုပါတယ်။
Author : Dr. 528