မပေါ့ဆသင့်သော လေပွခြင်း
အစာမကြေလေပွခြင်းကို ပေါ့ပေါ့တန်တန်ထားသင့်ပါသလား? ဘယ်လိုအခြေအနေတွေကြောင့် အမြန်ကုသဖို့ လိုလဲ? ပြင်းထန်စွာ လေပွခြင်း ခံစားရပါက အကြောင်းရင်း ရောဂါအခံ ရှိနေနိုင်သည်ကို သတိပြုရပါမည်။ လေပွခြင်းအပြင် အောက်ပါလက္ခဏာများနှင့်အတူ ခံစားရနိုင်သည်ကို သတိပြုသင့်ပါတယ်။
(1)ကိုယ်အလေးချိန် လျော့ကျခြင်း
ကိုယ်အလေးချိန် လျော့ကျခြင်းသည် ပြင်းထန်စွာ လေပွခြင်းရဲ့ အရေးကြီးသော လက္ခဏာများမှ တစ်ခုဖြစ်ပါတယ်။ အစာလျော့စားခြင်း သို့မဟုတ် လေ့ကျင့်ခန်း လုပ်ခြင်းမရှိဘဲ မိမိကိုယ်အလေးချိန် သိသာစွာ လျော့ကျလာသည်ကို သတိပြုရမည်။ ကိုယ်အလေးချိန် လျော့ကျလာခြင်းမှာ အကျိတ်အဖုများသည် အူလမ်းကြောင်း အပေါ်ဖိပြီး အနည်းငယ်စားရုံနဲ့ ပြည့်တင်းမှု ခံစားရခြင်းကြောင့်သော်လည်းကောင်း အကျိတ်ကြောင့် အစာစားခြင်း စိတ်လျော့ကျလာသောကြောင့် ဖြစ်နိုင်ပါသည်။
(2)ရေဖျဉ်းစွဲ ခြင်း
ဝမ်းဗိုက်အတွင်း ရေများပြည့်လာသည်ကို ရေဖျဉ်းစွဲသည်ဟု ခေါ်ပါသည်။ ၎င်းကြောင့် လေပွခြင်း၊ အစာမကြေခြင်း၊ ကိုယ်အလေးချိန်တက်ခြင်းတို့ ဖြစ်စေပါတယ်။ အသည်းရောဂါတွေကြောင့် ရေဖျဉ်းစွဲနိုင်ပါတယ်။ ဗိုက်ဖောင်းလာသောကြောင့် ကိုယ်ဝန်ရှိသကဲ့သို့ ဖြစ်လာနိုင်ပါတယ်။ လေပွခြင်း၊ အသည်းဝါခြင်းသည် အသည်းရောင်ခြင်း အစဖြစ်နိုင်သကဲ့သို့ မျက်လုံးဝါ အသားဝါပြီး ကင်ဆာလက္ခဏာတစ်ရပ်လည်း ဖြစ်နိုင်ပါတယ်။
(3)ပြင်းထန်စွာဗိုက်အောင့်ခြင်း
ပြင်းထန်စွာ ဗိုက်အောင့်ခြင်းနှင့် လေပွခြင်း ရုတ်တရက်ခံစားရပြီး ပျို့အန်ပါက အကျိတ်သည် အူလမ်းကြောင်းအပေါ် ဖိခြင်းနှင့် အူပိတ်ခြင်း စသည်တို့ကြောင့် ဖြစ်နိုင်ပါတယ်။ အရေးပေါ် ဆေးဝါးကုသရန် လိုအပ်ပါတယ်။ မဟုတ်ပါက အူပေါက်ခြင်းကဲ့သို့ နောက်ဆက်တွဲ ဝေဒနာ ခံစားရနိုင်ပါတယ်။အူပိတ်ပါက အလွန်အမင်း နာကျင်ခံစားရပါတယ်။ ရေနဲ့အစာများ ပိတ်သည့်နေရာတွင် ပြည့်တင်းနေသောကြောင့် ဖြစ်ပါတယ်။
(3)ဝမ်းသွားသွေးပါခြင်းနှင့် ရာသီပုံမှန် မဟုတ်ဘဲဆင်းခြင်း
ဝမ်းသွားသွေးပါခြင်းနှင့် ရာသီပုံမှန်မဟုတ်ဘဲ ဆင်းခြင်းစသည်တို့သည် ပြင်းထန်စွာလေပွခြင်းနှင့်ဆက်စပ်မှု ရှိပါတယ်။ လိပ်ခေါင်းရောဂါရှိခြင်း၊ ရာသီပုံမှန်မရှိခြင်း၊ သားအိမ်ထူခြင်း စသည်တို့ကြောင့်ဖြစ်ခဲ့လျှင် အရေးမကြီးသည်ဟု ယူဆခဲ့လျှင် ရာသီဆက်တိုက်ဆင်းခြင်းဖြစ်ပါက အူမကြီးကင်ဆာနှင့်သားဥအိမ်ကင်ဆာကြောင့်ဖြစ်နိုင်ပါတယ်။
(4)ကိုယ်ပူခြင်း
ရောဂါပိုးဝင်ခြင်းနှင့် ရောင်ရမ်းခြင်း စသည်တို့ကြောင့် ကိုယ်ပူခြင်း၊ လေပွခြင်းတို့ ဖြစ်နိုင်ပါတယ်။သေချာဝမ်းဗိုက်နှင့် ဆီးလမ်းကြောင်း စစ်ဆေးပါ။ ပြင်းထန်စွာ လေပွခြင်း ခံစားရသော အကြောင်းရင်းများလည်း သတိပြုရှာဖွေသင့်ပါတယ်။
၎င်းရောဂါများမှာ
(1)သားဥအိမ်ကင်ဆာ
သားဥအိမ်ကင်ဆာခံစားရသူများသည် လေပွခြင်း၊ ရင်ပြည့်ခြင်း၊ ဆီးစပ်ကိုက်ခ ခြင်းစသည့် လက္ခဏာများ ခံစားရနိုင်ပါတယ်။
(2)သားအိမ်ကင်ဆာ
သားအိမ်ကင်ဆာတွင် လေပွ ခြင်းအပြင် ရာသီမမှန်ဆင်ခြင်း၊ အဖြူပုံမမှန်ဆင်းခြင်း၊ လိင်ဆက်ဆံလျှင်နာခြင်း စသည့်လက္ခဏာများကို ခံစားရတတ်ပါတယ်။
(3)အူမကြီးကင်ဆာ
အူမကြီးကင်ဆာသည် အူပိတ်နိုင်သောကြောင့် လေပွခြင်းကို ဆိုးရွားစွာ ခံစားရနိုင်ပါတယ်။ ဝမ်းချုပ် ၊သွေးပါခြင်းများ ခံစားရနိုင်ပါတယ်။
(4)ပန်ကရိယကင်ဆာ
ပန်ကရိယကင်ဆာသည် လေပွခြင်းအပြင် အသားဝါခြင်း၊ ဗိုက်အောင့်ခြင်း၊ ကိုယ်အလေးချိန်လျော့ခြင်းနှင့် အစာမဝင်ခြင်း စသည်တို့ ဖြစ်စေနိုင်ပါတယ်။
(5)အစာအိမ်ကင်ဆာ
အစာအိမ်ကင်ဆာသည် ပထမအစတွင် လေပွခြင်း၊ အစာမကြေခြင်း၊ ပြည့်အင့်ခြင်းစသည်တို့ ဖြစ်လေ့ရှိပါတယ်။
(6)အသည်းရောဂါ
အသည်းရောဂါများနှင့် ကင်ဆာရောဂါတွင် လေပွခြင်း ဆိုးရွားစွာ ခံစားရလေ့ရှိပါတယ်။
(7)တင်ပါးရိုးခွင်အတွင်းရှိ ရောင်ရမ်းရောဂါများ
အဆိုပါနေရာတွင် ပိုးဝင်ခြင်းကြောင့် လေပွခြင်း၊ ဗိုက်မအီမသာဖြစ်ခြင်း၊ ဖျားခြင်း၊ မိန်းမကိုယ်အရည်ထွက်ခြင်း စသည့်တို့ကို ခံစားရနိုင်ပါတယ်။
(8)အခြားသော အစာအိမ်နဲ့အူလမ်းကြောင်းရောဂါများ ဥပမာ Crohn`s disease, ulerative colitis တို့ကြောင့် လေပွခြင်းခံစားရနိုင်ပါတယ်။
ထို့ကြောင့် လေပွခြင်းအပြင် အခြားသောလက္ခဏာများ ပါခံစားရပါက သေချာရောဂါရှာဖွေကုသမှု
ခံယူသင့်ပါတယ်။
Author : Dr. ပြည့်ရှင်း