ဒေါ်လုံးတစ်ယောက် ဆီးချိုရှိနေသည်မှာ ကြာလှပြီ။ ဆေးသောက်နေပေမဲ့ အစားမရှောင်နိုင်သဖြင့် ဆီးချိုက အမြဲ တက်နေတတ်သည်။ သရက်သီးတို့ ဒူးရင်းသီးတို့ဆိုတာက ဒေါ်လုံးအကြိုက်။ မိသားစု ဝင်တွေက ပေးမစားလည်း ဒေါ်လုံးတစ်ယောာက် ခိုးစားသည်။ သမီးကတော့ ဆီးချိုတွေ တက်တိုင်း အမြဲ သတိပေးသည်။ ဒေါ်လုံးတို့က ဂရုမစိုက်။ တစ်နေ့ လမ်းသွားရင်း ခလုတ်တိုက်ကာ ခြေမတွင် ဒဏ်ရာသေးသေးလေးလေးတစ်ခုဖြစ်သွားသည်။ ဒဏ်ရာလေးက သေးဆိုသေးသေးလေးပဲဖြစ်သည်။ သို့သော် ဒဏ်ရာက မကျတ်ပဲ နေသည်။
၂ ပတ်ကျော်လာတော့ ဒဏ်ရာကတော်တော်ကြီးလာပြီ။ သမီးကိုလည်း အသိမပေးရဲ။ ဒေါ်လုံးတစ်ယောက် အစားလည်းမဆင်ခြင်နိုင်။ ၁ လကျော်တော့ ဒဏ်ရာကတော်တော်ကြီးနေပြီ။ သမီးမြင်တော့ အမေကို ဆေးခန်းခေါ်သွားသည်။ ဒေါ်လုံးတို့က ဆေးခန်းမသွားချင်။ ဆရာဝန်က သွေးစစ်ကြည့်ပြီး ဒေါ်လုံးကို အစားအသောက် ဆင်ခြင်ဖို့နဲ့ဆေးမှန်မှန်သောက်ဖို့ပြောမည်။ ဆေးခန်းရောက်ရောက်ချင်း ဒဏ်ရာကိုကြည့်ကာ
” သေချာတာကတော့ ဒီတစ်လအတွင်း ဆီးချိုတွေ အရမ်းတက်နေတယ်လို့ ယူဆလို့ရတယ်။ အနာတစ်ခုဖြစ်လာတယ်။ ဖြစ်နေတဲ့ အနာကလည်း မပျောက်တဲ့အပြင် ပိုလို့တောင်ကြီးလာသေးတယ်ဆိုတော့ ဆီးချိုတွေ တော်တော်များများတက်နေပုံရတယ်။”
“ကျွန်မလည်း ဆရာပြောသလိုပဲ စားတာပါပဲ။ ဆေးလည်း မှန်မှန်သောက်ပါတယ်။ အစားလည်း အတတ်နိုင်ဆုံးရှောင်ကြဉ်ပါတယ်ဆရာရယ် ” ဒေါ်လုံးတစ်ယောက် မုသားတစ်ဝက် အမှန်တစ်ဝက်ပြောလိုက်သည်။ ဆရာဝန်မှ ဒေါ်လုံးခြေမလေးကို ဆေးထည့်ပေးရင်း ဒေါ်လုံးပြောနေသည်များကို ပြုံးပြုံးလေးနားထောင်နေသည်။ ဒေါ်လုံးစိတ်ထဲ ဒီဆရာဝန်ငါပြောတာတွေ ယုံသည်ဟု ထင်ကာ ဘဝင်လေဟပ်နေသည်။
” အနာကို ဆေးခဏခဏတော့ လာထည့်နေရမယ်။ ဆီးချိုကိုလည်း အတတ်နိုင်ဆုံးထိန်းရမယ်။ ဒီလိုမျိုး ဆီးချို ကို မထိန်းနိုင်ရင် ဆီးချိုရဲ့နောက်ဆက်တွဲ ပြဿနာတွေ အများကြီးဖြစ်လာလိမ့်မယ်။ ။ အခု အနာမကျတ်တာကိုလည်း ပေါ့ပေါ့တန်တန် သဘောမထားပါနဲ့။ ဒါသိပ်ကို အရေးကြီးတယ်နော်။ အခုဆေးတွေ ပေးလိုက်မယ်။ အနာ ဆေးတဲ့ ဆေးရည်လည်း ပေးလိုက်မယ်။ ရက်ချိန်းလည်း မှန်မှန်လာရမယ်။ အစားအသောက်ကိုလည်း အတတ်နိုင်ဆုံး ဆင်ဆင်ခြင်ခြင် စားပါ”
“ဟုတ်ကဲ့ပါ ဆရာ။ ဆရာ့ စကားနားထောင်ပါမယ် ” ဒေါ်လုံးတစ်ယောက် ဆရာဝန်ကို လွယ်လွယ်နှင့် ကတိပေးလိုက်သည်။ ဆေးခန်းကပြန်လာကတည်းက မောသည်ဆိုပြီးရေခဲသေတ္တာထဲမှ အအေးကို သမီး မသိအောင် ခိုးသောက်လိုက်သည်။ တစ်သက်လုံးက အအေးသောက်လာသော မိန်းမ။ အသက်ကြီး ဆီးချိုရှိမှ အအေးမသောက်ရဘူးဆိုတော့ ဒေါ်လုံးတစ်ယောက် ကိုယ့်ကိုယ်ကို သနားလာသည်။ သမီးမရှိတုန်း အိမ်ဖော်ကောင်မလေးကို ပိုက်ဆံပေးကာ စားချင်တာများကို ဈေးကိုမှာနေကြ။ သမီးချက်သော ဟင်းများက စားမကောင်းသည်မှာ ကြာလှပြီ။ အမေအတွက် ဆိုပြီး ဟင်းမျာ သီးသန့်ချက်ကျွေးသော်လည်း ဟင်းများက ဆီးချိုသမားစားဖို့ ချက်ထားသည်ဖြစ်သည့်အတွက် စားလို့မကောင်း။ အရသာ မရှိ။ ဒေါ်လုံးတို့က မမှု။ မနက်ခင်းဈေးသွားမည့် ကောင်မလေးကို စားချင်တာများမှာထားလိုက်သည်။ ပြီးမှ သမီး မသိအောင် ခိုးစားနေကျ။ တစ်လပြည့်လို့ ဆေးခန်းပြန်သွားပြတော့ အနာက မကျက်သည့်အပြင် ပိုလို့တောင်ကြီးလာသည်။ အနာက ရင်းလည်း ရင်းလာသည်။ ဆရာဝန်လေးက အနာကိုမြင်ကတည်းက မျက်စိပျက်မျက်နှာပျက်။
“ဒေါ်လုံး အစားတွေ အရမ်းစားတယ်ထင်တယ်။ အနာက မကျက်ဘူးဖြစ်နေတယ်။ တော်တော်လည်း ကြီးလာတယ်နော်။ ”
” ဆရာရယ် ကျွန်မ မရှိတုန်း အစားတွေ ခိုးခိုးစားတတ်တယ်ဆရာ။ အစားမရှောင်ဘူးလေ။”
သမီးမှ ဆရာဝန်အား ဒေါ်လုံးကို တိုင်လိုက်သည်။ ဒေါ်လုံးတို့က ဘယ်သူမှ ဂရုမစိုက်။
” အခု အနာကို ဆေးထည့်ပေးမယ်။ ဆေးတွေ လည်း ပေးလိုက်မယ်။ ဒီတစ်လ ထပ်စောင့်ကြည့်တာပေါ့။ အနာ ထပ်ပြီးကြီးလာမယ်။ ပိုဆိုးလာမယ်ဆိုရင်တော့ ဒီခြေမ ဖြတ်ပစ်ရတဲ့ အထိ ဖြစ်လာမှာပဲ ။ အဲဒီအခါမှ ဆေးရုံတက်ပြီး ခြေမဖြတ်တာတွေ လုပ်ကြတာပေါ့။ ”
ခြေမဖြတ်ရမည်ဆိုတော့ ဒေါ်လုံးတစ်ယောက်တော်တော်ကြောက်သွားသည်။
“ခြေမက ဘာလို့ဖြတ်ရမှာလဲ ဆရာ။ ဆေးနဲ့ပြန်မကောင်းနိုင်ဘူးလား ”
” အခုဖြတ်ရမယ်လို့လဲ ပြောတာမဟုတ်ပါဘူး။ အနာက မကျတ်ဘူး။ ပိုပိုလည်း ဆိုးလာတယ်။ ပိုပိုလည်း ကြီးလာတယ်။ ဒါတွေကနေ နောက်ဆိုရင် အရိုးအထိကို ကူးလာတော့မယ်။ ဒါဆိုရင် ခြေမတစ်ခုလုံးကို ဖြတ်ပစ်ရတဲ့အထိဖြစ်တတ်တယ်။ တစ်ချို့ဆိုရင် ခြေဖဝါး တစ်ခုလုံးဖြတ်ပစ်ရတဲ့သူတွေတောင်ရှိတယ်။”
” အမယ်လေး ဆရာရယ်။ ခြေထောက်တော့ မဖြတ်ပါရစေနဲ့။ ပျောက်အောင်သာ ကုပေးပါ။” ဒေါ်လုံးတစ်ယောက် ခြေထောက်ဖြတ် ပစ်ရမည်ဟု ပြောတော့ ကြောက်လန့်တကြားထအော်မိသည်။
” ပျောက်အောင် ကုဖို့ဆိုတာက ဆေးတစ်မျိုးတည်းကို အားကိုးနေလို့မဖြစ်ဘူး။ အစားအသောက်လည်း ရှောင်ကြဉ်မှရမယ်။ ဒေါ်လုံးအစားအသောက်ကို ဆင်ခြင်ပါ။ ကျွန်တော်က လိုအပ်တဲ့ ဆေးဝါးတွေနဲ့ကူညီမယ်”
” ဟုတ်ကဲ့ပါ ဆရာရယ် ။ကျွန်မ ဆီးချိုထိန်းပါမယ်။” ဒေါ်လုံးတစ်ယောက် ကြောက်ကြောက်နှင့် အိမ်သို့ပြန်ခဲ့သည်။ ခြေထောက်ဖြတ်ရမည်ဆိုတော့လည်း ဒေါ်လုံးတစ်ယောက်ကြောက်ပါသည်။ ခြေမအပြတ်ကြီးနှင့် မိသားစုဝင်တွေထဲ ဆွေမျိုးတွေ ကြားထဲတွင် မနေချင်ပါ။ အခုကစပြီး အစားအသောက်လေးတော့ ဆင်ခြင်လိုက်မည်ဟု ဆုံးဖြတ်လိုက်သည်။ မနက်တိုင်း ကောင်မလေးကိုလည်း စားချင်တာတွေမမှာတော့ပဲ သမီး ချက်ကျွေးသည်များကိုသာ ကြိုးစား စားသောက်နေသည်။ တစ်လ ပြည့်လို့ ဆရာဝန်သွားပြတော့ အနာက တော်တော်ကို ပြန်ကျက်နေပြီ။
“ဒေါ်လုံးဒီတစ်လတော့ အစားအသောက် ဆင်ခြင်ပုံရသည် ” ဟု ချီးကျူးနေသေးသည်။ အနာကောင်းသည်ဆိုတော့ လည်း စိတ်ချမ်းသာရသည်။အနာလုံး၀ ကျတ်သွားသည်အထိတော့ အစားအသောက် အနေအထိုင် ဆင်ခြင်ရမည်ဟု ကိုယ့်ဘာသာဆုံးမနေလိုက်သည်။ ဆရာဝန်ကတော့ ဆေးစာအုပ်ထဲတွင် ဆေးစာများရေးလျက်။ သမီးကတော့ ဆီးချို ထိန်းထားနိုင်သည်ဆို၍ ပြုံးတုံးတုံး။ ဒေါ်လုံးကတော့ ငိုမဲ့မဲ့။
Author: Dr.အေးချမ်းမိုး