ဆီးသွားတဲ့အချိန်တွေမှာ ပူပြီး ဆီးစပ်နားက နာပြီး ကျန်ခဲ့တာမျိုးခံစားဖူးကြပါသလား။ ဒီလိုဖြစ်စေတဲ့ အကြောင်းအရင်းကတော့ အမျိုးသမီး အများစုမှာ ဆီးလမ်းကြောင်းပိုးဝင်လို့ဖြစ်ပြီး အမျိုးသားအများစုအတွက်တော့ ဆီးပြွန်ရောင်ရမ်းခြင်းနဲ့ ဆီးကျိတ်ပြဿနာတွေကြောင့် အဖြစ်များပါတယ်။အခြားဖြစ်စေတဲ့ အကြောင်းအရင်း တွေကတော့ ဆီးလမ်းကြောင်းမှာ ကျောက်တည်ခြင်း ၊ ဆီးအိမ်ရောင်ရမ်းခြင်း ၊ မွေးလမ်းကြောင်းပိုးဝင်ခြင်း ၊ ဆီးကျိတ်ရောင်ရမ်းခြင်းတွေကြောင့်လည်း ဖြစ်တတ်ပါသေးတယ်။ ဒါ့အပြင် အရင်က ဆီးပိုက်ထည့်ဖူးတဲ့ သူတွေမှာလည်း ဖြစ်တတ်ပြီး လိင်ကတစ်ဆင့် ကူးစက်တတ်တဲ့ရောဂါတွေကြောင့်လည်း ဖြစ်နိုင်ပါသေးတယ်။ ဒီအထဲမှာမှ အဖြစ်များတဲ့ ဆီးလမ်းကြောင်းပိုးဝင်ခြင်းအကြောင်းကို ပြောပြချင်ပါတယ်။
ဆီးလမ်းကြောင်းပိုးဝင်ခြင်းဟာ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ ပိုပြီး အဖြစ်များပါတယ်။ ဘာလို့လဲဆိုတော့ အမျိုးသမီးတွေရဲ့ ဆီးပြွန်ဟာ အမျိုးသားတွေထက် ပိုတိုတဲ့အတွက် ပိုးဝင်ဖို့ ပိုအခွင့်အလမ်းများပါတယ်။
လိင်ဆက်ဆံမှုရှိတဲ့ အမျိုးသမီးတွေမှာ ပိုဖြစ်တတ်ပါတယ်။ သွေးဆုံးပြီးတဲ့ အမျိုးသမီးတွေမှာလည်း သွေးထဲမှာ မဟော်မုန်း အီစတိုဂျင်ဓာတ်နည်းသွားတဲ့ အတွက် ဆီးလမ်းကြောင်းပိုးဝင်တာတွေ ပိုဖြစ်ပါတယ်။ ဆီးလမ်းကြောင်းပိုးဝင်တဲ့အခါ ဘယ်လိုခံစားရလဲ။ ဆီး နည်းနည်းနဲ့ မကြာခဏ သွားချင်မယ်။ ဆီးသွားချင်ရင် ထိန်းမရတာမျိုးတွေ ဖြစ်မယ်။
ဆီးသွားတဲ့ အခါ ပူတာ ၊ ကျဉ်တာတွေ ဖြစ်တတ်တယ်။ ဆီးသွားတဲ့အခါမှာ အနည်တွေပါတာ အရမ်းဆိုးရင် သွေးပါတာမျိုးတွေဖြစ်နိုင်တယ်။ ဆီးသွားပြီးတဲ့ အခါမှာလည်း ဆီးစပ်နားမှာ နာပြီးကျန်ခဲ့တာမျိုးတွေ ဖြစ်တတ်တယ်။ ချမ်းတုန်ဖျားတာ ၊ ဗိုက်နာတာ ၊ နုံးချိပြီး ပင်ပန်းနွမ်းနယ်တာတွေလည်း ခံစားရနိုင်တယ်။ ဆီးအနံ့ကလည်း ပုံမှန်ထက် ပြင်းထန်နေတာမျိုး ဆီးအရောင်က ကိုကာကိုလာအရောင်လိုမျိုး တွေလည်း ဖြစ်တတ်တယ်။
ဒီလို လက္ခဏာတွေ ခံစားနေရပြီဆို ဆီးစစ်တာတွေ ဆီးပိုးမွေးတာတွေ လုပ်ပြီး သေချာကုသမှု ခံယူသင့်ပါတယ်။ ဘာလို့လဲဆိုတော့ မကုဘဲထားလိုက်ရင် ကျောက်ကပ်ပျက်စီးတတ်ပါတယ်။ ပိုးဝင်တာ အရမ်းဆိုးတဲ့အခါမှာ သွေးဆိပ်တက်ပြီး အသက်အန္တရာယ်ရှိနိုင်လို့ပါ။ စနစ်တကျ ဆေးကုသမှု မခံယူရင် ဆီးပိုးခဏခဏ ဝင်တာတွေ ၊ နာတာရှည်ကျောက်ကပ်အလုပ်မလုပ်တော့တာတွေလည်း ဖြစ်နိုင်ပါတယ်။ ကိုယ်ဝန်ဆောင်အမျိုးသမီးတွေမှာ သေချာမကုဘဲထားရင် မွေးလာတဲ့ကလေးက ပေါင်မပြည့်တာ ၊ နေမစေ့ လမစေ့ဘဲ မွေးတာမျိုးတွေ ဖြစ်တတ်ပါတယ်။
ဒါကြောင့် စနစ်တကျ ဆေးကုသမှုတွေ ခံယူသင့်ပါတယ်။ ကုသမှု ခံယူနေစဉ်အတွင်း ဆီးပူဆီးကျဉ်တာတွေ သက်သာစေဖို့ ရေများများသောက်ပေးပါ။ အရက်သေစာတွေနဲ့ ကဖင်းဓာတ်ပါတဲ့ အစားအစာတွေ ၊ အပူအစပ်အရမ်းများတဲ့ အစားအစာတွေ ရှောင်ပါ။ ဆီးစပ်မှာ နာကျင်မှုတွေ လျော့ပါးစေဖို့ ရေနွေးအိတ်ကပ်လို့ ရပါတယ်။ ဖြစ်မှ ကုတာထက် မဖြစ်ချင်ကတည်းက ကြိုတင်ကာကွယ်တာ အကောင်းဆုံးပါပဲ။ ဆီးလမ်းကြောင်းပိုးဝင်တာကို ကာကွယ်ဖို့အတွက် အမျိုးသားဖြစ်စေ အမျိုးသမီးဖြစ်စေ ရေများများသောက်ပေးသင့်ပါတယ်။ ဆီးသွားချင်ရင် အောင့်မထားသင့်ပါဘူး။ အရမ်းကြပ်တဲ့ အဝတ်အစားတွေကို မဝတ်ဆင်သင့်ပါဘူး။
အမျိုးသမီးတွေမှာဆို အိမ်သာတက်ပြီး ဆေးကြောသန့်စင်မှုတွေ လုပ်တဲ့အခါမှာ လက်ကို အရှေ့ကနေ အနောက်ကိုသွားတာမျိုးပဲ လုပ်ပါ။ အနောက်ကနေ အရှေ့ကို သွားတဲ့အခါမှာ မသန့်တဲ့ပိုးတွေဟာ မိန်းမကိုယ်လမ်းကြောင်းထဲကို ဝင်သွားတဲ့အတွက် အဖြူဆင်းတာတွေ ဆီးလမ်းကြောင်းပိုးဝင်တာတွေ ဖြစ်တတ်ပါတယ်။ လိင်မဆက်ဆံမီနဲ့ လိင်ဆက်ဆံပြီးချိန်မှာ ဆီးသွားပေးပါ။ အတွင်းခံတွေကို ချည်သားနဲ့ ပြုလုပ်တာတွေပဲ ဝတ်ဆင်ပါ။ Vitamin C ပါတဲ့ အစားအစာတွေကို စားသုံးပေးပါ။ ဒီလိုနည်းတွေနဲ့ စိတ်ဒုက္ခကို အလွန်ဖြစ်စေတဲ့ ဆီးပူဆီးကျဉ်ခြင်းမှ ကင်းဝေးနိုင်ကြပါစေ။ ။
Author : Dr.မေ