ဗီတာမင်ဓာတ် ခြို့တဲ့ခြင်းနှင့် အလှတရား
ကျန်းမာလှပသော အသားအလှအသွင်အပြင်ကို အမျိုးသမီးတိုင်းပိုင်ဆိုင်လိုကြပါတယ်။ ယခုခေတ်အမျိုးသမီးများအနေဖြင့် အသားအရေကျန်းမာလှပစေရန် နည်းမျု်းစုံဖြင့်ထိန်းသိမ်းမှု ပြုလုပ်လေ့ရှိပါတယ်။
ဓာတုဗေဒ အလှကုန်ပစ္စည်းများဖြင့် ထိန်းသိမ်းခြင်းသည် ရေရှည်အကျိုးဆက် မကောင်းနိုင်ပါ။ ကျန်းမာလှပသော ဘဝကို ရရှိစေရန် ညီညွတ်မျှတသော အစာအစားများ ရွေးချယ်စားသုံးကြရန်လည်း မမေ့သင့်ပါ။
နေ့စဉ်လိုအပ်သော ကာဗွန်ဟိုက်ဒရိတ်၊ အသားဓာတ်နှင့် အဆီဓာတ်များ စားသုံးသင့်သည့်အပြင် ခန္ဓာကိုယ်အတွက် လိုအပ်သော ဗီတာမင်များရရှိရန်လည်း စားသုံးသင့်ပါတယ်။ ဗီတာမင်များသည် ကိုယ်ခံအားကို မြှင့်တင်ပေးပြီး ဘက်တီရီးယားနှင့် ဗိုင်းရပ်စ်ကူးစက်မှုကို ကာကွယ်ပေးပါတယ်။ အကယ်၍ နေ့စဉ်လိုအပ်သောဗီတာမင် ချို့တဲ့ခဲ့လျှင် သင့်ရဲ့ အလှအပလည်း ထိခိုက်နိုင်ဖွယ်ရာရှိပါတယ်။
ဗီတာမင်ချို့တဲ့လျှင် ဖြစ်နိုင်သော အလှအပချို့ယွင်းမှုများမှာ
(1) အသားအရေမွဲတွေ ခြောက်သွေ့ခြင်း
ရာသီဥတုနည်းနည်းအေးလာရင် သင့်အသားအရေ မွဲတေခြောက်သွေ့တတ်သည်ကို သတိထားမိကြပါလိမ့်မယ်။ အချို့လူများသည် နေရောင်နှင့် မထိတွေ့သူများသည် အသားအရေဖြူဖျော့နိုင်သော်လည်း ဗီတာမင် B12 ချို့တဲ့လျှင်လည်း ဖြစ်နိုင်ပါသည်ကိုသတိထားသင့်ပါတယ်။
ဗီတာမင်ချို့တဲ့လျှင် မောပန်းလွယ်ပြီး အားအင်ကုန်ခမ်းကာ စိတ်ဓာတ်ကျမှု ခံစားရနိုင်ပါတယ်။ ဗီတာမင် B12 ချို့တဲ့မှု ဖြည့်ဆည်းရန် ပင်လယ်စာနှင့် အသားများစားသုံးသင့်ပါတယ်။ အရေပါးခြောက်သွေ့ခြင်းသည် တနှစ်ပတ်လုံးခံစားရပါက ဗီတာမင် C နှင့် ဗီတာမင် A ချို့တဲ့ခြင်းကြောင့်လည်းဖြစ်နိုင်ပါတယ်။
ဗီတာမင် A သည် အသားအရေကို UV အလင်းတန်းထိတွေ့ခြင်းမှ ကာကွယ်ပေးပါတယ်။ ဗီတာမင် C သည် ကိုလက်ဂျင်အတွက် အရေးကြီးပါတယ်။ အသားအရေနုပျို လန်းဆန်းမှုအတွက် အရေးကြီးပါတယ်။ အဆိုပါဗီတာမင်များရရှိရန် အသီးအရွက်များများ စားသုံးပေးပါ။ မုန်လာဥနီ၊ လိမ္မော်သီး၊ စပျစ်သီး၊ ဂေါ်ဖီ ကဲ့သို့သော အစားအစာများကို စားသုံးပေးနိုင်ပါတယ်။
(2) ဆံပင် ခြောက်သွေ့ကြမ်းတမ်းခြင်း
ဗီတာမင် B7 လို့ခေါ်တဲ့ Biotin ချို့တဲ့လျှင် ဆံပင်ခြောက်သွေ့ကြမ်းတမ်းကာ ဦးရေပြားဖောက်ထခြင်း ဖြစ်စေနိုင်ပါတယ်။ ပိုးသတ်ဆေးများ စတင်သောက်သုံးပါက ကိုယ်ခန္ဓာတွင် biotin ပမာဏလျော့နည်းကာ ဆံပင်များ ခြောက်သွေ့ကြမ်းတမ်း လာပါလိမ့မယ်။
ထို့ကြောင့် အသား၊ ပင်လယ်စာ၊ အသီးအရွက်၊ဥနှင့် မှို စသည်တို့ကို ရွေးချယ်စားသုံးသင့်ပါတယ်။ဦးရေပြားဖောက်ထခြင်းသည် ဗီတာမင် B2 နှင့် ဗီတာမင် B6 လျော့နည်းခြင်းကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ပဲအမျိုးမျိုး၊ ငါး၊ အညိုရောင်ချောကလက်၊ဥ၊ မုန်လာဥနီများ စားသုံးပေးသင့်ပါတယ်။
(3) မျက်လုံးအိတ် ဖောင်းခြင်း
မျက်လုံးအိတ် ရောင်ရမ်းခြင်းသည် ဓာတ်မတည့်မှုကြောင့် ဖြစ်နိုင်ပါတယ်။ သို့သော် နံနက်အိပ်ရာထ
မျက်လုံးအိတ်ဖောင်ကားနေလျှင် အိုင်အိုဒင်းဓာတ်ချိုတဲ့မှုရဲ့ လက္ခဏာတစ်ရပ်ဟု ဆိုနိုင်ပါတယ်။ထို့ကြောင့် အိုင်အိုဒင်းဆား စားသုံးပေးသင့်ပါတယ်။ ထို့အပြင် နို့ထွက်ပစ္စည်းအမျိုးမျိုး၊ ငါးနှင့် ပေါင်မုန့်တို့ကို စားသုံးပေးသင့်ပါတယ်။ သင့်မျက်လုံးများ အလင်းရောင်မခံနိုင်ခြင်းသည် ဗီတာမင် A နှင့် B2 ချို့တဲ့လျှင် ဖြစ်နိုင်ပါတယ်။
(4) နှုတ်ခမ်းများ ဖျော့တော့ခြင်း
အေးသောရာသီတွင် နှုတ်ခမ်းများ ဖျော့တော့နေတတ်သော်လည်းသင့်အစာအစားထဲတွင် သံဓာတ်နှင့် ဗီတာမင် B12 ချို့တဲ့လျှင် နှုတ်ခမ်းအရောင် ဖြူဖျော့နေတတ်ပါတယ်။ အသည်းနှင့် အသားများ စားသုံးပေးပါ။ ကယ်လ်စီယမ်ဓာတ် ပါဝင်သော နို့ထွက်ပစ္စည်းများ ရှောင်ပါ။ သံဓာတ်စုပ်ယူမှုကို တားဆီးသောကြောင့် ဖြစ်ပါတယ်။
(5) သွားဖုံးသွေးယိုခြင်း
ဗီတာမင် C ချိုတဲ့လျှင် သွားဖုံးသွေးယိုတတ်ပါတယ်။ ထို့ကြောင့် ဗီတာမင် C ဓာတ်ပါသော ချဉ်သောအသီးများကို စားသုံးပေးသင့်ပါတယ်။
(6) ဝက်ခြံထွက်ခြင်း
ဟော်မုန်းပြောင်းလဲခြင်း၊ ဖုန်နှင့် အခြားသော ဆဲလ်အသေများကြောင့် ဝက်ခြံထွက်စေ ပါတယ်။ သို့သော် တခါတရံ ဗီတာမင် A နှင့် E ဓာတ်ချို့တဲ့လျှင်လည်း ဝက်ခြံထွက်စေပါတယ်။ သံလွင်ဆီ၊ အစေ့အဆန်များ၊ ဂေါ်ဖီထုတ်စသော ဗီတာမင် E ပြည့်ဝသော အစာအစားများ စားသုံးပေးသင့်ပါတယ်။
ဗီတာမင် A ဓာတ်ရရှိရန် ငါး၊ ဥအမျိုမျိုး၊နှင့် ထောပတ်စသည်တို့ကို စားသုံးပေးသင့်ပါတယ်။ ထို့ကြောင့် နေ့စဉ် ကိုယ်ခန္ဓာမှ လိုအပ်သော ဗီတာမင်ဓာတ်များ လုံလောက်စွာစားသုံးပေးသင့်ပါတယ်။
Dr. ပြည့်ရှင်း