သွေးလွန်တုပ်ကွေးအကြောင်းသိကောင်းစရာ အပိုင်း(၁)
ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကြီး (World Health Organization- WHO) ရဲ့ လေ့လာမှုတွေအရ ကမ္ဘာတဝန်းမှာ နှစ်စဉ် လူဦးရေသန်းပေါင်းများစွာဟာ သွေးလွန်တုပ်ကွေးရောဂါကို ခံစားနေကြရကာ အဖြစ်များဆုံးနေရာတွေကတော့ အရှေ့တောင်အာရှဒေသတွေပဲဖြစ်တယ်လို့ ဆိုပါတယ်။
ကျွန်တော်တို့ မြန်မာနိုင်ငံအနေနဲ့ကတော့ ၂၀၁၅ ခုနှစ်မှာ သွေးလွန်တုပ်ကွေး ရောဂါဟာ ကပ်ရောဂါအသွင် ဖြစ်ပွားခဲ့ပြီး တနိုင်ငံလုံး၏ ဆေးရုံမှတ်တမ်း များအရ ဖြစ်ပွားသူ ဦးရေ ၄ဝဝဝဝ ကျော်ရှိကာ ၁၅ဝ ဦးခန့် သေဆုံးခဲ့ကြောင်း၊ ဖြစ်ပွားမှု အများဆုံးမှာ စစ်ကိုင်းတိုင်း ဒေသကြီး ဖြစ်ပြီး အနည်းဆုံးမှာ ချင်းပြည်နယ် ဖြစ်ကြောင်း ထုတ်ပြန်ခဲ့တဲ့သတင်းတွေအရသိရပါတယ်။
သွေးလွန်တုပ်ကွေး ကို ဆေးပညာအရ Dengue Hemorrhagic Fever (DHF) လို့ခေါ်ပါတယ်။
သွေးလွန်တုပ်ကွေးရောဂါဟာ အသက်အရွယ်မရွေး၊ကျားမ မရွေး၊ ရာသီဥတုမရွေး ဖြစ်ပွားနိုင်ပါတယ်။
အသက် ၁၅ နှစ်အောက်အရွယ်တွေနဲ့ မိုးရာသီမှာ အများဆုံးဖြစ်ပွားလေ့ရှိပါတယ်။ ရေကြီး ရေလျှံမှုဖြစ်ပွားတဲ့ဒေသတွေမှာ ပိုမိုဖြစ်ပွားနိုင်ပါတယ်။
သွေးလွန်တုပ်ကွေးရောဂါကိုဖြစ်ပွားစေတဲ့ပိုးကတော့ Flavi virus ခေါ် DHF virus ဗိုင်းရပ်ပိုးဖြစ်ပါတယ်။ DHF virus serotype 1, 2, 3, 4 ဆိုပြီး အမျိုးအစားကွဲလေးမျိုးရှိတဲ့အတွက် အရင်ကသွေးလွန်တုပ်ကွေး တကြိမ်ဖြစ်ဖူးတဲ့သူက ဖြစ်ခဲ့တဲ့ရောဂါပိုးတမျိုးကို ခံနိုင်ရည်ရှိပေမဲ့ ကျန်တဲ့သုံးမျိုးကို ခုခံနိုင်စွမ်းမရှိပါဘူး။
ဒါကြောင့် ဖြစ်ခဲ့တဲ့ရောဂါပိုးနဲ့မတူတဲ့ ကျန်တဲ့မျိုးကွဲဗိုင်းရပ်စ်ပိုးဝင်ခဲ့မယ်ဆိုရင် သွေးလွန်တုပ်ကွေးပြန်ဖြစ်နိုင်ပါတယ်။
သွေးလွန်တုပ်ကွေးဟာ ရေကျောက်တို့ ဝက်သက် တို့လို တခါဖြစ်ပြီးလို့ ခုခံအားရသွားပါကနောက်ထပ်ပြန်မဖြစ်တဲ့ ရောဂါအမျိုးအစားထဲမှာ မပါပါဘူး။
သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ပိုးတွေ သယ်ဆောင်ထားသော အေးဒီးစ် (Aedes aegypti) ခြင်ကျားအမျိုးအစားကိုက်ခံရခြင်းမှတဆင့် သွေးလွန်တုပ်ကွေးဗိုင်းရပ်စ်ပိုးတွေ ကူးစက်ခံရကာ သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားပါတယ်။ ထိုခြင်ကျားတွေက ရေကြည်ရေသန့်တွေမှာ ပေါက်လေ့ရှိပြီး နေ့ဘက်အချိန်တွေမှာသာ ကိုက်လေ့ရှိပါတယ်။
ရောဂါပိုးကူးစက်ခံရပြီး အကြမ်းအားဖြင့် နှစ်ပတ်လောက်အတွင်းမှာ ရောဂါလက္ခဏာစပြပါတယ်။
ဖြစ်နိုင်တဲ့ ရောဂါလက္ခဏာတွေကတော့
ရုတ်တရက် ကိုယ်အပူချိန်က ၁၀၄ ဒီဂရီ ဖာရင်ဟိုက်ထက်မြင့်တက်လာကာ ၅ ရက်လောက်ထိကို ကိုယ်ပူ မကျခြင်း
ခေါင်းတအားကိုက်ခြင်း၊ပျို့အန်ခြင်း
မျက်လုံးအတွင်းဖက်နာခြင်း
အရိုးအဆစ်ကြွက်သားတွေကိုက်ခဲခြင်း
ခန္ဓာကိုယ်မှာ အနီစက်များထွက်ခြင်း
ဖျားတဲ့ဒုတိယရက်မှာ လက်ဖျံနေရာမှာ သွေးပေါင်ချိန်တဲ့ကိရိယာနဲ့ ငါးမိနစ်လောက်ညှစ်ထားပြီးနောက် စစ်ဆေးကြည့်ပါက ပေါ်လာတဲ့ အနီစက်လေးတွေဟာ တလက်မပတ်လည်စက်ဝိုင်းအတွင်းမှာ အစက် ၂၀ ထက်ပိုများနေခြင်းတို့ ဖြစ်ပါတယ်။
ဒါတွေအပြင် ရောဂါအဆင့်ပြင်းထန်ပါက
သွေးကြောတွေထိခိုက်မှုဖြစ်ပြီး နှာခေါင်းနဲ့ပါးစပ်တို့မှ သွေးထွက်တာ၊ ဝမ်းဗိုက်အတွင်းသွေးယိုတာ၊ အရေပြားပေါ်မှာ သွေးခြေဥသလို အညိုကွက်တွေဖြစ်တာ စတဲ့ အတွင်းအပြင်သွေးယိုစီးမှုတွေဖြစ်လာနိုင်ပါတယ်။
အဲ့လိုသွေးယိုစီးတာတွေဖြစ်လာရင် လူနာက အပြင်းဖျားရာမှ ရုတ်တရက် အဖျားကျသွားတာ၊
ပုံမှန်ဆိုအဖျားကျရင် လူလန်းရမယ့်အစား အဖျားကျပေမယ့် လူနာ မလန်းဆန်းတဲ့အပြင် စားချင်သောက်ချင်စိတ်လည်းမရှိဘဲ မှိန်းနေတာ သို့မဟုတ် ကယောင်ကတမ်းတွေပြောလာတာ၊
ကိုယ်ကချွေးတွေထွက်ပြီး ခြေဖျားလက်ဖျားတွေအေးစက်လာတာ၊ ဝမ်းဗိုက်ရုတ်တရက်နာလာတာ၊ ဝမ်းမည်းမည်းသွာတာ၊ သွေးအန်တာတွေ စတဲ့ ရှော့ခ် (Shock) ခေါ် အသက်အန္တရာယ်စိုးရိမ်ရတဲ့ လက္ခဏာတွေ ခံစားရနိုင်ပါတယ်။ ဒီအခြေအနေမျိုးက
အများအားဖြင့် စဖျားတဲ့ရက်ကနေတွက်ရင် သုံးရက်မြှောက် ကနေ ငါးရက်မြှောက်အတွင်းမှာ ဖြစ်နိုင်လေ့ရှိပါတယ်။
ဒီလိုဖြစ်လာရင်တော့ အရေးပေါ်ဆေးကုသမှုခံယူဖို့အတွက် ဆေးရုံကိုအမြန်ဆုံးပို့ဖို့လိုပါတယ်။
ဆေးကုသမှုခံယူဖို့နောက်ကျခဲ့ပါက နောက်ဆက်တွဲအနေနဲ့ ဦးနှောက်ထိခိုက်တာ၊ အသည်းနှလုံးကျောက်ကပ်စတဲ့ အင်္ဂါတွေထိခိုက်တာ၊ နောက်ဆုံးမှာ သွေးတအားထွက်ပြီး အသက်သေဆုံးတာတွေထိဖြစ်တတ်ပါတယ်။
ခြုံပြောရရင်တော့ သွေးလွန်တုပ်ကွေးဖြစ်တဲ့သူတွေမှာ တချို့ကအသက်အန္တရာယ်စိုးရိမ်ရတဲ့အထိ ဖြစ်တာရှိသလို တချို့ကတော့ သာမန်အအေးမိတာဖျားတာလောက်ပဲ ခံစားရတာမျိုးလည်းရှိပါတယ်။
သွေးလွန်တုပ်ကွေးဖြစ်ရင် ဘယ်လိုကုမလဲ နဲ့ မဖြစ်အောင်ဘယ်လိုကြိုတင်ကာကွယ်မလဲ ဆိုတာတွေကိုတော့ အသေချာပြောရမှာဖြစ်ပြီး ရေးသားတင်ပြစရာလည်းတအားများလို့ အပိုင်း (၂) မှာဆက်လက်ဖော်ပြပါမယ်။
Dr 528