အသားအရေခြောက်သွေ့ခြင်းဟာ ဆောင်းတွင်းမှာသာဖြစ်တတ်တာ မဟုတ်ပါဘူး။ အဲယားကွန်းအခန်းထဲမှာ အနေများရင် ပတ်ဝန်းကျင်ရာသီဥတုပူလွန်း အေးလွန်းရင် ပတ်ဝန်းကျင်လေထုစိုထိုင်းဆနည်းလွန်းရင်လည်းဖြစ်နိုင်ပါတယ်။ ဒီလိုအသားအရေခြောက်သွေ့တာမျိုးဖြစ်တဲ့အချိန်မှာ အသားအရေထိန်းသိမ်းမှုကိုသေချာမလုပ်ဘူးဆိုရင် အသားပတ်တာ၊ယားတာ၊နောက်ဆုံး အသားအရေအက်ကွဲလာပြီး သွေးများပါထွက်လာတဲ့အထိ ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့်အသားအရေခြောက်သွေ့ခြင်းမှ ကာကွယ်နိုင်မယ့်နည်းလမ်းလေးတွေကို တင်ပြပေးချင်ပါတယ်။
၁။ မီးဖို၊ဘွိုင်လာ၊အင်ဂျင်စက် စတဲ့ အပူငွေ့တွေထုတ်တဲ့အရာတွေနားမှာ မနေပါနဲ့။
၂။ ရေချိုး၊ မျက်နှာသစ်ပြီးပါက Moisturizer အစိုဓါတ်ပါတဲ့ခရင်လိမ်းပါ။
၃။ ရေပူနဲ့ရေချိုးခြင်းကိုရှောင်ပါ။ အထူးသဖြင့် ဆောင်းတွင်းဘက်အေးလို့ ရေချိုးရာမှာ ရေပူအစား ခပ်နွေးနွေးရေကိုပဲ သုံးပြီး ချိုးသင့်ပါတယ်။ ဆယ်မိနစ်ထက်ပိုပြီး ရေအကြာကြီးမချိုးပါနဲ့။ နူးညံ့တဲ့ကိုယ်တိုက်ဖတ်ကိုသာသုံးပါ။ ဖုန်နဲ့ အညစ်အကြေးတွေကို သေသေချာချာသန့်စင်ပါ။
၄။ လိုးရှင်း(Lotion) အစား အဆီတစ်ခုခု သို့မဟုတ် ခရင်မ် တစ်ခုခု လိမ်းပါ။
၅။ အလုပ်များလို့ပဲဖြစ်ဖြစ် သို့မဟုတ် တစ်ခြားအကြောင်းတွေကြောင့်ပဲဖြစ်ဖြစ် ရေမကြာခဏသောက်ဖို့ကို မေ့နေတာ ပျက်ကွက်နေတာတွေကလည်း အသားအရေခြောက်သွေ့နိုင်စေတာမျိုးဖြစ်စေတတ်ပါတယ်။ အစိုဓါတ်ကိုဖြည့်ပေးဖို့အတွက် ရေဓါတ်က အရေးကြီးပါတယ်။ ခန္ဓာကိုယ်မှာရေဓါတ်ပြည့်ဝနေဖို့လိုပါတယ်။ သောက်ရေ အမြဲမသောက်ချင်သူတွေအတွက်ကတော့ သံပုရာစိပ်လေးကိုရေနွေးနွေးလေးနဲ့သောက်တာက လန်းဆန်းမှုရော၊ ရေဓါတ်ပါရရှိစေနိုင်ပါတယ်။
၆။ ဓါတုပစ္စည်း (Chemicals)တွေ ဥပမာ- ဓါတ်မြေသြဇာ သို့မဟုတ် အိမ်သာရေချိုးခန်းဆေးကြောသန့်စင်ရည်တွေကို ကိုင်တွယ်အသုံးပြုရာမှာဖြစ်ဖြစ် သို့မဟုတ် ဆောင်းတွင်းဘက်မှာ ရေကိုင်တွယ်အသုံးပြုရာမှာဖြစ်ဖြစ် လက်အိတ်ကိုသုံးပေးပါ။
၇။ အဲယားကွန်း အခန်းထဲမှာ အနေများသူတွေဆိုရင် အခန်းတွင်း လေထုစိုထိုင်းဆထိန်းသိမ်းဖို့အတွက် Humidifier ခေါ် ရေငွေ့ပေးစက်ကို အသုံးပြုပေးပါ။
၈။ အပူအစပ်တွေကိုလျှော့စားပြီး အရည်ရွှမ်းတဲ့ သစ်သီးဝလံတွေ၊လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်တွေကို များများစားပါ။
Dr 528