၀မ်းပျက်ဝမ်းလျှောရောဂါဟာ အစာအိမ်နဲ့အူလမ်းကြောင်းရောဂါတွေထဲမှာအဖြစ်များတဲ့ရောဂါတခုပါ။
ဝမ်းလျှောခြင်းဆိုသည်မှာ ၂၄နာရီ တ၇က် အတွင်းမှာ အ၇ည်ဝမ်းများ ၃ကြိမ်နဲ့အထက် သွားခြင်းလို့ ဆေးစာအုပ်မှာ သတ်မှတ်ထားပါတယ်
ဝမ်းအမာများ ခဏခဏသွားခြင်းကို ဝမ်းလျှောခြင်းလို့မသတ်မှတ်ပါ။
ဝမ်းလျှောခြင်းကိုဖြစ်စေတဲ့ရောဂါပိုးတွေကတော့
ဘက်တီးရီးယား(Bacteria)ပိုးမှာဆိုရင် အီးကိုလိုင်(E.coli)၊ဆာမွန်နဲလား(Salmonella)၊ရှီဂဲလား(Shigella)၊ကော်လာရာ(Vibrio Cholerae)
ဗိုင်းရပ်စ်ပိုး(Virus)မှာဆိုရင် ရိုတဗိုင်းရပ်စ်(Rota Virus)
ကပ်ပါးပိုး(Parasites)မှာဆိုရင် အမီးဘားပိုး( E.histolytica)
မှိုပိုး(Fungi)မှာဆိုရင် ကန်ဒီဒါ(Candida) စသဖြင့်အများကြီးရှိပါတယ်။
ဝမ်းပျက်ဝမ်းလျှောရောဂါက ရောဂါပိုးတွေကြောင့်အပြင် Disaccharidase deficiency လို့ခေါ်တဲ့ စားတဲ့အစားသောက်တွေထဲမှာပါတတ်တဲ့ Lactose ကိုမချေဖျက်နိုင်တဲ့ရောဂါရှိရင်သော်လည်းကောင်း ပိုးသေဆေးတွေ၊အစာအိမ်ဆေးတွေအသောက်များလို့ဘေးထွက်ဆိုးကျိုးအနေနဲ့သော်လည်းကောင်း ရောဂါတခုခုရဲ့နောက်ဆက်တွဲအနေနဲ့သော်လည်းကောင်း လည်းဖြစ်နိုင်ပါတယ်။
ဒီလိုဝမ်းပျက်ဝမ်းလျှောကိုဖြစ်စေတဲ့အကြောင်းတွေအများကြီးရှိတဲ့အနက်မှ
ပိုးကြောင့်ဖြစ်တဲ့ဝမ်းပျက်ဝမ်းလျှောရောဂါကတော့ လူတယောက်ကနေတယောက်ကို ကူးစက်ပြန့်ပွားနိုင်ပါတယ်။
ရောဂါပိုးတွေဟာ ရောဂါဖြစ်ပွားသူရဲ့ဝမ်းနဲ့အန်ဖတ် များထဲမှာပါရှိကာ မသန့်ရှင်းသောအစားစာတွေ၊ရေတွေကိုသောက်မိသုံးမိရာမှတဆင့် ကူးစက်ပါတယ်။
ဒါကြောင့် မသန့်ရှင်းတဲ့ရေတွေကိုသောက်သုံးမိရင်၊ရေကိုကျိုချက်မသောက်ရင်၊မသန့်ရှင်းတဲ့ရေများဖြင့် အိုးခွက်ပန်းကန်တွေဆေးကြောရင်၊မလတ်ဆတ်တဲ့အစားအသောက်များ၊ယင်နားစာများကိုစားသုံးရင်၊ယင်လုံအိမ်သာအသုံးမပြုဘဲ မြစ်၊ချောင်းများအနီးတွင် မစင်စွန့်ရင်၊မစင်စွန့်ပြီးချိန်နဲ့ အစားအစာတွေကို မကိုင်တွယ်မှီအချိန်တွေမှာ လက်ကိုစင်ကြယ်အောင်ဆပ်ပြာနဲ့သေချာမဆေးရင် ရောဂါပိုးဝင်ရောက်ကူးစက်ခံရပြီး ဝမ်းပျက်ဝမ်းလျှောရောဂါကိုခံစားရနိုင်ပါတယ်။
ဝမ်းပျက်ဝမ်းလျှောဖြစ်ရင် ဝမ်းအရည်တွေသွားတာ၊အော့အန်တာတွေအပြင် ဆုံးရှုံးသွားသော ရေနဲ့ဓါတ်ဆားဓါတ်များကို အချိန်မှီမဖြည့်တင်းနိုင်ပါက ကြွက်တက်တာ၊သတိလစ်သွားတာကနေ အသက်သေဆုံးသည်အထိ အန္တရာယ်ရှိနိုင်တဲ့အတွက် မပေါ့ဆပဲ ဖြစ်ဖြစ်ချင်းနီးစပ်ရာဆေးရုံ ဆေးခန်းမှာပြသတာအကောင်းဆုံးပါ။
ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားနိုင်ခြေနည်းအောင် တကိုယ်ရေသန့်ရှင်းရေးကို ဂရုပြုဆောင်ရွက်ခြင်း၊ယင်လုံအိမ်သာအသုံးပြုခြင်း၊လူနာကိုကိုင်တွယ်ပြီးချိန်၊ကလေးကိုပြုစုပြီးချိန်နဲ့အိမ်သာအသုံးပြုပြီးချိန်များတွင် လက်ကို ဆပ်ပြာဖြင့်စနစ်တကျ ဆေးကြောသန့်စင်ခြင်း၊ရေကောင်းရေသန့်ရရှိစေရေးအတွက်ရေကိုကျိုချက်သောက်သုံးခြင်းတွေကိုပြုလုပ်ရပါမယ်။
မြစ်ချောင်းများအနီးမစင်စွန့်တာ၊ယင်နားစာတွေစားတာတွေကိုရှောင်ရပါမယ်။
ဒါ့အပြင် မိမိဝမ်းပျက်ဝမ်းလျှောဖြစ်နေချိန်မှာ အစားအစာများကို ပြင်ဆင်ချက်ပြုတ်တာ နဲ့ ကိုင်တွယ်ရောင်းချတာမျိုးတွေမလုပ်သင့်ပါဘူး။
ဝမ်းပျက်ဝမ်းလျှောဖြစ်နေသူရဲ့ အဝတ်အစားတွေကို သောက်သုံးရေကန်နဲ့ရေတွင်းများအနီးမှာ လျှော်ဖွတ်ခြင်းတွေကိုလည်းရှောင်ရပါမယ်။
Dr 528