ဆံပင်ဆေးမဆိုးခင် စဉ်းစားစေချင်
ဆံပင်ကိုကောက်လိုက် ဖြောင့်လိုက် ဆေးဆိုးလိုက်နဲ့ အမျိုးမျိုး ပြင်ဆင်ခြယ်သလာကြပါတယ်။ ဒီလို ပြင်ဆင်ခြယ်သမှုတွေက ကျန်းမာရေးအတွက် ဘာတွေဖြစ်စေနိုင်လဲဆိုတာကို ပြောပြချင်ပါတယ်။
ဆံပင်ဆိုးဆေးတွေက ဖြစ်စေတဲ့ ကျန်းမာရေး ဆိုးကျိုးတွေ မပြောခင်မှာ ဆိုးဆေးအမျိုးအစားတွေကို အရင် ပြောပြချင်ပါတယ်။ ဆိုးဆေးကို အကြမ်းပျဉ်းအားဖြင့် ၃ မျိုး ခွဲခြားလို့ ရပါတယ်။ ယာယီဆိုးတဲ့ဆေး ဒီဆေးအမျိုးအစားက ဆံသားထဲကို ထိုးဖောက်ဝင်ရောက်တာမျိုး မရှိဘဲ ယာယီပဲ အရောင်ရှိစေတဲ့ ဆေးပါ။ ခေါင်းတစ်ကြိမ် နှစ်ကြိမ်လျှော်ရုံနဲ့ ဆိုးဆေးမရှိတော့ပါဘူး။ နောက်တစ်မျိုးကတော့ ယာယီဆိုးဆေးလောက်လည်း မဟုတ်ဘူး။ ဆံသားထဲကို တစ်ဝက်တစ်ပျက်လောက် ဆိုးဆေးဝင်ပါတယ်။ ဒါကြောင့် ၁ ကြိမ်လောက် လျှော်ရုံနဲ့တော့ အရောင်မပြောင်ပါဘူး။ ၅ ကြိမ် ၆ ကြိမ်လောက် လျှော်ပြီးရင်တော့ ဆိုးဆေးတွေ ပြယ်စပြုနေပါပြီ။
နောက်ဆုံးတစ်မျိုးကတော့ အခု အသုံးများနေတဲ့ ဆိုးဆေးပါ။ ဆံသားတွေကို လုံးဝအရောင် ပြောင်းဖြစ်တာပါ။ မကျွတ်မခြင်း ဒါမှမဟုတ် အသစ်မပေါက်မခြင်း အရောင်ရှိနေတာပါ။ ဒီလိုကြာရှည်ခံဖို့အတွက် chemical တွေ အများကြီးပါ ပါတယ်။ Hydrogen peroxide, aromatic amines နဲ့ phenols စတဲ့ ဓာတုပစ္စည်းတွေ ပါဝင်ပါတယ်။ ဆံပင် ဆေးဆိုးနေတဲ့အချိန်အတွင်းမှာ ပမာဏ အနည်းငယ်ဟာ ဦးရေပြားထဲ စိမ့်ဝင်သွားနိုင်ပါတယ်။ ရံဖန်ရံခါ ဆိုးခြင်းအတွက် ပြဿနာ မရှိလှပေမယ့် မကြာခဏ ဆိုးဆေးနဲ့ ထိတွေ့နေရသူတွေဆိုရင် ဒီလို ကင်ဆာရောဂါတွေ ဖြစ်လာနိုင်ချေ ရှိလို့နေပါတယ်။
• ဆီးအိမ်ကင်ဆာ
• သွေးကင်ဆာ
• ရင်သားကင်ဆာ
• လင်ဖိုမား (Lymphoma ) ကင်ဆာ ရောဂါတွေ တခြားသူတွေနဲ့ စာရင် ပိုပြီး ဖြစ်နိုင်ချေ ရှိပါတယ်။
ပြီးတော့ နောက်ထပ်အဖြစ်များတာ တစ်ခုကတော့ ဓာတ်မတည့်တာပါ။ ဆိုးဆေးတွေမှာပါတဲ့ ဓာတုပစ္စည်းတွေက ဦးရေပြားက ဆဲလ်တွေကို ဓာတ်မတည့်တာတွေ ဖြစ်စေနိုင်ပါတယ်။ ဆိုးဆေးတွေမှာပါတဲ့ PPD, ဒါမှမဟုတ် para-phenylenediamine ဟာ ဦးရေပြား အသားအရေတွေကို ပူလှောင်စေတဲ့အပြင် ခေါင်းကိုက်ခြင်းတွေကိုလည်း ဖြစ်ပေါ်စေနိုင်ပါတယ်။ ဒါ့အပြင် ခဲဓာတ်က ဦးနှောက်နဲ့ အာရုံကြောကို အန္တရာယ် ဖြစ်စေနိုင်သလို တခြားပါဝင်တဲ့ ပစ္စည်းတွေကြောင့်လည်း ကိုယ်ခံအားနည်းတာ ၊ အသက်ရှူလမ်းကြောင်းမှာ ပြဿနာဖြစ်တာတွေ ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် ဖြစ်နိုင်ရင် ဆံပင်အရောင်ဆိုးခြင်းကို မကြာခဏ မပြုလုပ်ကြဖို့ ၊ ဆံပင်အလှဆင်ခြင်းနဲ့ ပတ်သက်တဲ့ အသက်မွေးဝမ်းကြောင်း လုပ်နေသူတွေ အနေနဲ့လည်း ဆံပင်ဆေးဆိုးတဲ့အခါမှာ လက်အိတ်တွေ နှာခေါင်းစည်းတွေ သုံးစွဲကြဖို့ တိုက်တွန်းအပ်ပါတယ်။
Author : Dr. မေ