မင်္ဂလာပါ ပျိုမေလေးတို့ရေလို့ မမဒေါက်တာမှိုပွင့်လေးက ဒီနေရာကနေ နှုတ်ခွန်းဆက်လိုက်တယ်နော်။ မမတို့ရဲ့ ပတ်ဝန်းကျင်မှာ သဘာဝကပေးအပ်တဲ့ လက်ဆောင်တွေဖြစ်တဲ့ အသီးအနှံတွေက အလျှံအပယ်ပါပဲ နော်။ ဒီလိုသဘာဝရဲ့လက်ဆောင်တွေကို အကျိုးရှိရှိအသုံးချတတ်ရင်တော့ တကယ့်ကို သာယာပျော်ရွှင်စရာ ကောင်းတဲ့ ကမ္ဘာလောကကြီး ဖြစ်လာမှာအမှန်ပါပဲ။ ဒီစာမူလေးထဲမှာတော့ အိမ်တော်တော်များများရဲ့ မီးဖို ချောင်တွေ၊ ရေခဲသေတ္တာတွေမှာ အလွယ်တကူတွေ့မြင်နိုင်တဲ့ သံပုရာသီးရဲ့ အလှအပရေးရာအတွက် အသုံး ဝင်ပုံနည်းလမ်းတွေကို မမချစ်ခင်ရတဲ့ စာဖတ်သူ ပျိုမေလေးတို့ကို ဝေမျှပေးလိုက်ပါတယ်။
(၁) အမဲစက်များကို အရောင်ဖျော့စေနိုင်၊ လျော့နည်းစေနိုင်
ပျိုမေလေးတွေ နေလောင်ခြင်းကြောင့် ဖြစ်ပေါ်လာတတ်တဲ့ မျက်နှာပေါ်က အမဲစက်တွေ၊ အညိုစက် တွေကြောင့် စိတ်ညစ်နေပြီလား။ ပျိုမေလေးတို့ လက်မြှောက်တိုင်း ချိုင်းသားတွေမဲနေလို့ ကိုယ့်ကိုယ်ကို ယုံကြည်မှုပျောက်ဆုံးနေပြီလား။ စိတ်မပူပါနဲ့။ နည်းလမ်ကောင်းရှိပါတယ်။ သံပုရာရည် သုံးလေးစက်ခန့်ကို ဂွမ်းလုံးလေးနဲ့တို့ပြီး ညိုမည်းနေတဲ့ နေရာတွေပေါ် မိနစ် ၃၀ လောက်သုတ်လိမ်းပြီး ရေဆေးချလိုက်ပါ။ တစ်ပတ်ကို နှစ်ကြိမ်နှုန်းဖြင့် အထက်ပါနည်းလမ်းအတိုင်း သေချာလုပ်ပေးမယ်ဆိုရင် ညိုမည်းနေတဲ့နေရာတွေ မှာ တဖြည်းဖြည်း အရောင်မှိန်လာတာကို အံ့အားသင့်စွာ တွေ့မြင်ရမှာပါ။
(၂) ဝက်ခြံတွေလည်း ကင်းဝေးစေ
ပျိုမေလေးတို့ ညည်းညူနေကျ အရေပြားပြဿနာတွေထဲမှာ ထိပ်ဆုံးကနေရာယူထားတာ ဝက်ခြံပါ။ အပူအစပ်တွေ အလွန်အကျွံစားမိတာမျိုး၊ ဓမ္မတာရာသီလာတဲ့အခါမျိုး တွေဆို တစ်ပူပေါ်နှစ်ပူဆင့် ဆိုသလို ဝက်ခြံဆိုတဲ့ အမျိုးကပါ မဖိတ်ခေါ်ဘဲ အဖော်လိုက်လာတတ်ပါတယ်။ ဒီလိုဝက်ခြံတွေကို နှိမ်နှင်းဖို့အတွက်ဆို သံပုရာရည် ထမင်းစားဇွန်းနှစ်ဇွန်းနဲ့ ပျားရည်စားပွဲတင်ဇွန်း သုံးဇွန်းရောစပ်ပြီး မျက်နှာပေါ်သုတ်လိမ်းပေးရပါ မယ်။ ပျားရည်ရဲ့ ဘက်တီးရီးယားပိုးကို တိုက်ဖျက်ပေးနိုင်တဲ့ အစွမ်းနဲ့ သံပုရာသီးရဲ့ အဆီလျော့နည်းစေတဲ့ အစွမ်းပေါင်းစပ်ပြီး ဝက်ခြံဆိုတာဘာလဲလို့ မေးယူရတဲ့အထိ ဖြစ်လာပါလိမ့်မယ်။
(၃) နုနယ်ပျိုမြစ်စေနိုင်
အမျိုးသမီးတွေဟာ အသက်ကြီးလာတာနဲ့အမျှ နေရောင်ခြည်ကိုထိတွေ့တာ များလာပြီး အသားအရေ ညိုညစ်ရင့်ရော်လာတတ်ကြပါတယ်။ သံပုရာသီးရဲ့ အခွံလေးကိုလဲ အထင်မသေးလိုက်ပါနဲ့။ သံပုရာသီးရဲ့ အခွံ နဲ့ မျက်နှာအနှံ့ပွတ်လိမ်းပြီး နှိပ်နယ်ပေးခြင်းအားဖြင့် အရေပြားပေါ်က ဆဲလ်အသေတွေကွာပြီး ဆဲလ်အသစ် တွေ ပြန်လည်ဖြစ်ပေါ်ပြီး နုနယ်ပျိုမြစ်တဲ့ အသွင်ကိုပိုင်ဆိုင်ကြရမှာပါ။ သံပုရာရည်ကို ပျားရည်နဲ့ရောပြီး ရေကြက်သီးနွေးထဲထည့်ပြီး မနက်တိုင်းပုံမှန်သောက်သုံးခြင်းဖြင့်လည်း အသားအရေကို ကြည်လင်ဝင်းပစေ နိုင်ပါတယ်။
(၄) ခန္ဓာကိုယ်အနံ့အသက်ဆိုးခြင်းမှ ကာကွယ်နိုင်
ချိုင့်နဲ့ ချွေးနံ့တွေ ပြင်းထန်ဆိုးရွားလွန်းလို့ လူတောထဲမတိုးဝံ့ဖြစ်နေတဲ့ ပျိုမေလေးတွေအတွက်လည်း မမကနည်းလမ်းကောင်းပေးမယ်နော်။ ပျိုမေလေးတို့ ရေချိုးမယ့် ရေချိုးကန် ဒါမှမဟုတ် ရေထဲမှာ သံပုရာရည် ကိုညှစ်ထည့်ပြီး ချိုးခြင်းအားဖြင့် ခန္ဓာကိုယ် အနံ့အသက်ဆိုးခြင်းကနေ ကာကွယ်ပေးနိုင်ပါသေးတယ်။ မယုံမရှိ နဲ့နော်။
(၅) ဆံသားတွေလဲ ဗောက်ကင်းစင်
သံပုရာသီးရဲ့အစွမ်းကတော့ ခန္ဓာကိုယ် တစ်ခုလုံးတင်မက ဆံသားကျန်းမာရေးမှာပါ အထောက်အကူ ပြုပါတယ်။ ဗောက်ထလို့ စိတ်ညစ်နေတဲ့ပျိုမေတို့ရေ။ သံပုရာသီးကို ထက်ခြမ်းလှီးပြီး ဦးရေပြားကို ပွတ်လိမ်းပြီး တဲ့နောက် ရေဆေးချရပါမယ်။ တစ်ခုသတိထားရမှာက သံပုရာရည်က ဆံသားကို အနည်းငယ်ခြောက်သွေ့စေ နိုင်လို့ ခေါင်းလျှော်ပြီးတဲ့နောက်မှာ အုန်းဆီ (သို့) သံလွင်ဆီလေး လိမ်းပေးထားသင့်ပါတယ်။
ပျိုမေလေးတို့ရေ။ အခုဆို သံပုရာသီးရဲ့ အလှအပရေးရာ အသုံးဝင်ပုံအကြောင်းလေးကတော့ ပြည့်စုံလောက်ပြီ ထင်ပါရဲ့။ တန်ဆေးလွန်ဘေးဆိုတဲ့ စကားလည်းရှိသေးတာမို့ အထက်က နည်းလမ်းလေးတွေအတိုင်း ချင့်ချိန်ပြီး အသုံးချရင်း သဘာဝတရားရဲ့ လက်ဆောင်နဲ့ အစွမ်းကုန်လှပနေမယ့် ပျိုမေလေးတို့ ဖြစ်နိုင်ပါစေလို့ ဆုတောင်းပေးလိုက်ပါတယ်နော်။
အလှအပကိုမြတ်နိုးတယ်
AUTHOR – ဒေါက်တာမှိုပွင့်လေး (ဆေး -၁)