အာလူးက အမဲစက် ပျောက်တယ်ဆိုတာ တကယ်လား
အလှတရားဆိုတာ လူတိုင်း စိတ်ဝင်စားတဲ့ အရာတစ်ခုပါ။ ဒါကြောင့်လည်း ယောက်ျားလေးသုံး မိန်းကလေးသုံး အလှပြင်ပစ္စည်းမျိုးစုံ အသားအရေ ထိန်းသိမ်းတဲ့ ပစ္စည်းမျိုးစုံ ပေါ်လာတာပေါ့။ တချို့ကျလည်း ဈေးကြီးကြီးပေးဝယ်ကြတယ်။ တချို့ကျလည်း ဈေးကြီးကြီးပေးဝယ်သုံးဖို့ ဘဝအခြေအနေနဲ့ အဆင်မပြေတာတွေ ရှိတယ်။ ဒါကြောင့် အားလုံးအတွက် အသားအရေ လှပစေတဲ့ အာလူးအကြောင်းလေးကို ပြောပြချင်ပါတယ်။
အာလူးဆိုတာ ဈေးနှုန်းအနေနဲ့လည်း သက်သာပြီး အိမ်တိုင်းနီးပါးရဲ့ မီးဖိုချောင်မှာ ရှိနေတဲ့ အသီးအနှံတစ်ခုပါ။ အာလူးမှာ ကာဗွန်ဟိုက်ဒရိတ် ၊ ဗီတာမင် စီ ၊ ဗီတာမင် ဘီ 6 နှင့် ပိုတက်စီယမ်ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်ပါတယ်။ အာလူးမှာပါတဲ့ ကာဗွန်ဟိုက်ဒရိတ်ဟာ အသားအရေအတွက် ဆေးစွမ်းတစ်လက်ပါပဲ။
အသားအရေပေါ်မှာရှိတဲ့ မကောင်းတဲ့ ဆဲလ်အသေတွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ဒါကြောင့် အာလူးမှာ မှဲ့ခြောက်တွေ အမဲစက်တွေနဲ့ လည်ပင်းနားမှာ ရှိတဲ့ မဲနေတဲ့နေရာတွေကို ဖယ်ရှားပေးနိုင်တဲ့ အစွမ်းရှိနေတာပါ။
ဘယ်လိုလုပ်ရမလဲဆိုရင် အာလူးကို အခွံခွာပါ။ ပြီးရင် ကြိတ်စက်နဲ့ပဲဖြစ်ဖြစ် ထောင်းပြီးပဲဖြစ်ဖြစ် အရည်ရအောင် ပြုလုပ်ပါ။ အရည်ကို အမဲစက်ရှိတဲ့နေရာကို လိမ်းပေးပါ။ ၁၅ မိနစ် လောက်ထားပြီး ညင်သာစွာ နှိပ်နယ်ပေးပါ။ ပြီးရင် ရေအေးလေးနဲ့ ဆေးချပေးပါ။
နေ့စဉ်ပုံမှန် ပြုလုပ်ခြင်းဖြင့် အမဲစက်တွေ လျော့ပါးပြီး အသားအရေ ကြည်လင်တောက်ပလာပါလိမ့်မယ်။ လည်ပင်းက မဲနေတဲ့နေရာကို ဖြူချင်တယ်ဆိုရင်လည်း ထိုနည်းအတိုင်းလုပ်လို့ ရပါတယ်။ မိနစ် ၂၀ လောက်တော့ ထားပေးသင့်ပါတယ်။
မျက်ကွင်းညှိနေလို့လည်း စိတ်ညစ်စရာမလိုပါဘူး။ အာလုံးလေးသုံးပြီး မျက်ကွင်းညှိတာကို သက်သာအောင်လုပ်လို့ ရပါတယ်။ လုပ်ရတဲ့နည်းကလည်း လွယ်ကူပါတယ်။ အာလူးကို သန့်စင်အောင် ရေဆေးပါ။ ပါးပါးလေးတွေ လှီးပြီး မျက်ကွင်းညှိတဲ့နေရာလေးတွေကို ကပ်ပေးရုံပါပဲ။ ၁၀ မိနစ်လောက်ထားပြီးသွားရင်တော့ ရေနဲ့ ဆေးချလိုက်ပါ။
နောက်တစ်နည်းကတော့ အာလူးကို အရည်ထွက်အောင် ချေလိုက်ပါ။ ထွက်လာတဲ့ အာလူးရည်နဲ့ သံလွင်ဆီ အနည်းငယ်ရောကာ မျက်ကွင်းညှိတဲ့ နေရာတွေကို လူးပေးပါ။
ဝက်ခြံပေါက်ပြီးလို့ အမာရွတ်တွေ ကျန်ခဲ့ရင်လည်း အာလူးကို အသုံးပြုပြီး ပျောက်အောင် လုပ်ပေးလို့ ရပါတယ်။ အာလူးကို ချေပြီးရတဲ့ အရည်နဲ့ မျက်နှာကို လိမ်းပေးပါ။ ၁၅ မိနစ်ခန့် ထားပေးပါ။ နေ့စဉ်ပြုလုပ်ပေးခြင်းဖြင့် အမာရွတ်တွေ တဖြည်းဖြည်းပါးသွားပါလိမ့်မယ်။
နုပျိုလန်းဆန်းမှုတွေအတွက်လည်း အာလူးကို အသုံးပြုလို့ ရပါတယ်။ ချေထားတဲ့အာလူး လက်ဖက်စားဇွန်း တစ်ဇွန်းနဲ့ ဒိန်ချဉ်လက်ဖက်စားဇွန်း တစ်ဇွန်းရောပါ။ မိနစ် ၃၀ လောက်နှပ်ထားပေးပါ။ ပြီးရင်တော့ မျက်နှာကို နှံအောင် သုတ်လိမ်းပေးပါ။ မိနစ် ၂၀ လောက်နေရင် ရေနဲ့ ဆေးချပေးပါ။ အသားအရေကို နုပျိုလန်းဆန်းစေပြီး အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းမှ ကာကွယ်ပေးပါလိမ့်မယ်။
ငယ်ငယ်လေးနဲ့ ဆံပင်ဖြူမှာ စိုးရိမ်နေသူတွေအတွက်လည်း အာလူးရှိနေပါပြီ။ အာလူးအခွံကို ရေနဲ့ ၁၀ မိနစ်ခန့် ပြုတ်ပါ။ ရလာတဲ့ရေကို အအေးခံပြီး ခေါင်းလျှော်ရည် ထည့်ပြီးတဲ့အချိန်မှာ အဲ့ရေနဲ့ ပြန်ဆေးချပါ။ အရွယ်မတိုင်ခင် ဆံပင်ဖြူခြင်းကို ကာကွယ်ပေးပါလိမ့်မယ်။
ဒါ့အပြင် နေပူထဲထွက်လို့ နေလောင်လာပါသလား။ အာလူးလေးကို ပါးပါးလှီးပြီး နေလောင်တဲ့နေရာကို ၁၅ မိနစ်လောက် ကပ်ထားလိုက်ပါ။ နီရဲတာ စပ်ဖျင်းဖျင်း ဖြစ်တာတွေ သက်သာသွားပါလိမ့်မယ်။
ကဲ ဒီလောက်ဆို အလှအပအတွက် ဆေးစွမ်းထက်တဲ့ အာလူးရဲ့ အသုံးဝင်ပုံတွေနဲ့ သုံးပုံသုံးနည်းလေးကို အားလုံးသိလောက်ပြီထင်ပါတယ်။ ကျန်းမာလှပမှုတွေကို အားလုံးပိုင်ဆိုင်နိုင်ကြပါစေလို့ ဆုမွန်ကောင်းတောင်းရင်း ………..
Dr. မေ