ထိပ်ကပ်နာရောဂါ ဆင်ခြင်စရာ
ထိပ်ကပ်နာ ဖြစ်ခြင်းဆိုသည်မှာ အသက်ရှူလမ်းကြောင်း စိုစွတ်နေစေရန် နှာရည်များ ထုတ်ပေးလျက်ရှိသည့် နှာခေါင်းအတွင်းပိုင်း ပတ်လည်တွင်ရှိသော အရိုးပွများရောင်ရမ်း လာခြင်းနှင့် ၎င်းတို့အတွင်း ပိုးမွှားများနှင့် နှာရည်များ ပိတ်မိခြင်းတို့ကြောင့် ခံစားရသော ပြဿနာတရပ် ပင်ဖြစ်သည်။ ထိပ်ကပ်နာ (နှာခေါင်းပိတ်ခြင်း) ပြဿနာသည် ကလေး/လူကြီးမရွေး ခံစားရနိုင်သည့် အသက်ရှူ လမ်းကြောင်းဆိုင်ရာ ပြဿနာတရပ်ဖြစ်ပြီး ကိုယ်ခံအားနည်းသည့် ကလေးများတွင် ပိုမိုဖြစ်ပွားနိုင်ချေရှိသည်။ အထူးသဖြင့် ဖုန်၊ သဲ စသည်တို့ကို ရှူမိခြင်းကြောင့် နှာစေးခြင်း၊ ဓာတ်မတည့်မှု တခုခုကြောင့် ဖြစ်သော နှာစေး၊ နှာရည်ယိုခြင်းနှင့် ဖျားနာပြီးနောက်ပိုင်းတွင် ထိပ်ကပ်နာရောဂါ ဖြစ်ပွားခံစားရနိုင်သည်။
ရောဂါဖြစ်ပွားစေသော အကြောင်းအရင်းများ
နှာခေါင်းဘေးပတ်လည်တွင် ဘယ်/ညာ အရိုးပွအခန်း (၄) စုံခန့်ရှိကာ အတွင်းနံရံများမှနေ၍ ပုံမှန်အရည်များထုတ်ပေးလျက်ရှိပြီး အပေါက်ငယ်လေးများမှ တဆင့် နှာခေါင်းအတွင်းစီးဝင်စေကာ အသက်ရှူလမ်းကြောင်းအတွင်း စိုစွတ်မှု ရှိနေစေရန် ပြုလုပ်ပေးသည်။ ဖျားနာခြင်းနှင့် အချို့သော ဓာတ်မတည့်မှု ဖြစ်ခြင်းများတွင် နှာချေခြင်း၊ နှာရည်များ ပိုထွက်လာခြင်းနှင့် နှာခေါင်းအတွင်း နံရံများ ရောင်ရမ်းလာနိုင်ပြီး အဆိုပါ အပေါက်ငယ်လေးများ ပိတ်သွားနိုင်သည်။
ပိတ်သွားသော အရိုးပွအခန်းများအတွင်း ပိုးမွှားများ၊ မှိုများနှင့် နှာရည်များ စုလာပြီး ထိပ်ကပ်နာခေါ် နှာခေါင်းပိတ်ခြင်းပြဿနာကို ခံစားရစေနိုင်သည်။
ရောဂါလက္ခဏာများ
ငယ်ရွယ်သောကလေးများတွင် နှာခေါင်းပိတ်ခြင်း၊ နှာစေးခြင်း၊ ကိုယ်အနည်းငယ် ပူနိုင်ခြင်းနှင့်အတူ ဖျားနာခြင်း၏ လက္ခဏာများဖြစ်သည့် ကလေးအီနေခြင်း၊ မလန်းခြင်း၊ နို့မစို့ခြင်း၊ အစားမစားခြင်းနှင့် မှိန်းနေခြင်း စသည့် လက္ခဏာများ ခံစားရနိုင်သည်။
ကျောင်းနေအရွယ်ကလေးများ အဆိုပါလက္ခဏာများ ခံစားရပါက ထိပ်ကပ်နာရောဂါအပြင် အခြားအသက်ရှူလမ်းကြောင်းဆိုင်ရာရောဂါများဖြစ်သည့် လေပြွန်ရောင်ခြင်း၊ အဆုတ်ရောင်ခြင်းနှင့် ဖျားနာခြင်းများလည်း ဖြစ်နေနိုင်သဖြင့် နီးစပ်ရာဆရာဝန်နှင့်တိုင်ပင်ပြီး လိုအပ်သော ကုသမှုခံယူသင့်သည်။
ဆယ်ကျော်သက်လူငယ်များနှင့် လူကြီးများတွင် ဖျားနာခြင်း၊ အချိန်ကြာမြင့်စွာ နှာပိတ်ခြင်း၊ အသက်ရှူရာတွင် မကောင်းသော အနံ့များရနေခြင်း၊ သွားကိုက်ခြင်း၊ ပါးစောင်နှင့် မေးရိုးများနာခြင်းစသည်တို့ကို ခံစားရနိုင်သည်။ အထူးသဖြင့် မျက်နှာပေါ်ရှိ အရိုးပွရှိသော နေရာများဖြစ်သည့် ပါးရိုးများ၊ နှာခေါင်းထိပ်ရှိ နဖူးရိုးနေရာများ နာနေခြင်း စသည်တို့ကို ခံစားရနိုင်သည်။ အချို့သောလူနာများတွင် ကိုယ်လက် မအီမသာ ဖြစ်ခြင်း၊ ခေါင်းကိုက်ခြင်း၊ မျက်လုံးများ နာနေခြင်းနှင့် နှာရည်များ အစာအိမ်အတွင်း ရောက်သွားနိုင်ကာ ဗိုက်နာခြင်းကဲ့သို့သော ရောဂါလက္ခဏာများ ခံစားရနိုင်သည်။
ရောဂါ၏ နောက်ဆက်တွဲပြဿနာများ အနေနှင့် မကောင်းသော အနံ့ဆိုးများရနေခြင်း၊ အနံ့လုံးဝမရတော့ခြင်း၊ နှာအမြဲစေးနေခြင်း၊ ပါးစပ်အတွင်း အနံ့နံခြင်း၊ အဆုတ်ရောင်ခြင်း၊ အဆုတ်ပွခြင်းနှင့် မကြာခဏဗိုက်နာခြင်း စသည်တို့ ဖြစ်လာနိုင်သဖြင့် မပေါ့ဆသင့်သော ရောဂါတမျိုးလည်း ဖြစ်သည်။
ထိပ်ကပ်နာရောဂါခံစားရလျှင်
ထိပ်ကပ်နာရောဂါခံစားရလျှင် အရိုးပွများ ရောင်ရမ်းကိုက်ခဲခြင်းနှင့် ကိုယ်လက်ကိုက်ခဲခြင်းများ ခံစားရနိုင်သဖြင့် Paracetamol ကဲ့သို့သော အကိုက်အခဲပျောက် ဆေးဝါးများကို လူနာ၏ အသက်အရွယ်ကိုလိုက်၍ (သို့မဟုတ်) ဆရာဝန်ညွှန်ကြားချက်အတိုင်း သောက်သုံး ပေးနိုင်သည်။ မျက်နှာပေါ်ရှိ နာကျင်သော နေရာများကိုလည်း ရေနွေးအိတ်၊ ရေနွေးဘူးများ ကပ်ပေးခြင်းဖြင့် နာကျင်ခြင်း သက်သာနိုင်သည်။
ဗိုင်းရပ်ပိုးကြောင့်ဖြစ်သော ဖျားနာခြင်းများနှင့် နှာခေါင်းပိတ်ခြင်းများအတွက် သာမန်အကိုက်အခဲ ပျောက်ဆေးများ သောက်သုံးပေးခြင်းဖြင့် ရောဂါလက္ခဏာများ သက်သာပျောက်ကင်း သွားနိုင်သော်လည်း မသက်သာပဲ အချိန်ကြာမြင့်စွာ ဖျားနာပြီး ထိပ်ကပ်နာဖြစ်ရခြင်းသည် ဘတ်တီးရီးယားပိုးများကြောင့်ဖြစ်ပွားရခြင်း ဖြစ်နိုင်သဖြင့် လိုအပ်သော ပဋိဇီဝ ပိုးသတ်ဆေးဝါးများ သောက်သုံးရန် လိုသည့်အတွက် နီးစပ်ရာ ဆရာဝန်နှင့် သွားရောက် ပြသသင့်သည်။ အထူးသဖြင့် အချိန်ကြာမြင့်စွာ နှာခေါင်းပိတ်နေသော ကလေးများနှင့် ဖျားနာခြင်းကို (၁) ပတ်ထက်ပို၍ ခံစားနေရသော ကလေးများကို နီးစပ်ရာ ဆရာဝန်နှင့် အမြန်ဆုံး တိုင်ပင်ပြသပြီး ကုသမှု ခံယူရန်လိုသည်။
ကာကွယ်ရန်အတွက်
ထိပ်ကပ်နာရောဂါသည် ကူးစက်နိုင်သော ရောဂါတမျိုး မဟုတ်သော်လည်း ထိပ်ကပ်နာဖြစ်စေသော ဘတ်တီးရီးယားပိုးမွှားများ၊ ဗိုင်းရပ်ပိုးမွှားများနှင့် မှိုများသည် နှာချေခြင်း၊ လက်ကိုင်ပဝါ၊ လက်သုတ်ပဝါ၊ မျက်နှာသုတ်ပဝါ သောက်ရေခွက်နှင့် အခြားတကိုယ်ရည်သုံးပစ္စည်းများမှတဆင့် ကူးစက်နိုင်သည့်အတွက် အဆိုပါ ပိုးမွှားများ ကူးစက်ရခြင်းမရှိအောင် ကာကွယ်ရမည် ဖြစ်သည်။ မိသားစုဝင်များကို ကူးစက်နိုင်ချေအမြင့်ဆုံးဖြစ်သဖြင့် မိသားစုအတွင်း ဖျားနာသော လူနာရှိပါက တကိုယ်ရည်သုံးပစ္စည်းများ မျှဝေသုံးစွဲခြင်း ရှောင်ကျဉ်ရမည်ဖြစ်သည်။
မိမိမှတဆင့် အခြားလူများသို့ ကူးစက်ခြင်းကို ရှောင်ရှားနိုင်ရန်အတွက် မလိုအပ်ပဲ အပြင်ထွက်ခြင်းမျိုး ရှောင်ကျဉ်ရမည်ဖြစ်သလို ကလေးလူနာများကို လူထူထပ်သော နေရာများ ခေါ်ဆောင်သွားခြင်းကို ရှောင်ကျဉ်သင့်သည်။ ဖျားနာလူနာများအနေနှင့် လက်မကြာခဏဆေးခြင်းနှင့် ချောင်းဆိုး၊ နှာချေရာတွင် လက်ကိုင်ပဝါကို အသုံးပြုခြင်းများ ပြုလုပ်သင့်သည်။ ကလေးများကိုလည်း အဆိုပါ အမူအကျင့်များ ငယ်စဉ်ကပင် လေ့ကျင့် ပေးထားသင့်သည်။
ထိပ်ကပ်နာဖြစ်ခြင်း ကင်းဝေးကြပါစေ။
တင့်တယ်