မျက်လုံးယားခြင်းဆိုတာ ဘာလဲ
မျက်လုံးယားခြင်းဆိုတာ တစ်စုံတစ်ရာကြောင့် မျက်စိယားကာ နီရဲပြီး ရွစိရွစိနဲ့ ပူစပ်ပူလောင် ခံစားရခြင်းပင်။
ဘယ်လိုလက္ခဏာတွေ ပြလဲ
မျက်စိ နီရဲ မယ်။ ယားမယ်။ ပူစပ်ပူလောင်ဖြစ်မယ်။ မျက်လုံးကို တောက်လျှောက်ပွတ်ချင်မယ်။
ဘာတွေ ဆက်ဖြစ်လာနိုင်သလဲ
မျက်ခွံရဲ့ အစွန်းတွေပါ ရောင်လာနိုင်တယ် ။ ပိုးဝင်နိုင်တယ် ။ ထိုအခါ မျက်တောင် ကျွတ်နာ ဖြစ်မယ် ။ ယင်းသို့ ဖြစ်လျှင် မျက်စိနာမယ် ။ မျက်ကြည်လွှာခြောက်မယ်။ မျက်တောင်များပေါ်တွင် မျက်ဝတ် မျက်ချေးများ ကပ်ငြိနေမယ်။ မျက်လုံးတွေ ဖွင့်ရခက်မယ်။
ဘာတွေကြောင့် ဖြစ်တတ်သလဲ
အများအားဖြင့် ဓာတ်မတည့်လို့ ဖြစ်တတ်တယ် ။ မီးခိုး ၊ဖုန် ၊အမှုန်တို့ ၊ ကလိုရင်းခတ်ထားသော ရေမျက်စိ ထဲဝင်လို့ ၊ အလှကုန်ပစ္စည်းတို့ ၊ မျက်စဉ်းတချို့ တို့ ဓာတ်မတည့်လို့ မျက်စိယားခြင်း ဖြစ်တတ်တယ် ။ တချို့ကျတော့ မျက်စိပိုးဝင် ခြင်းကြောင့်ဖြစ်နိုင်တယ် ။ မျက်စိနာသူတွေမှာလည်း ဖြစ်တတ်တယ် ။ တစ်ခါတစ်ရံ ဦးရေပြားဗောက်ထသူတွေမှာ ပိုဖြစ်တတ်တယ် ။မျက်ကပ်မှန်သုံးသူတွေ ပိုဖြစ်တယ်။
ဘယ်အချိန်မှာ မိသားစု ဆရာဝန်နဲ့ ပြမလဲ
စောစောစီးစီး မိမိ မိသားစုဆရာဝန်နဲ့ ပြပါ ။ မျက်စိယားခြင်း အကြောင်းကို ရှာရပါ့မယ် ။ အနည်းဆုံး ၄၈ နာရီထက် နောက်မကျသင့်ပါ။
မိမိ ဘာသာ ဘာလုုပ်ထားနိုင်သလဲ
- မျက်လုံးယားလျှင် မပွတ်ရ ။ ပွတ်ပါက ပိုယား ၊ ပိုးဝင်တတ်တယ်။
- ရေခဲဖတ် ၊ရေခဲဝတ် ကပ်ပေးပါ ။ ယားခြင်း ၊ရောင်ခြင်းတို့ အတွက် ကောင်းပါတယ်။ မိနစ် အနည်းငယ်ကြာကပ်ပါ ။ရေခဲကို အဝတ်သန့်သန့် ဖြင့်သာ ကပ်ပါ။
- ဓာတ်မတည့်ခြင်းကြောင့် ယားက အယားပြေစေရန် ၊ဖုန် ၊ မီးခိုးတို့ကြောင့် ယားလျှင် မျက်ရည်တု ခတ်နိုင်တယ်။
- မျက်လုံးယားစေသည့် အကြောင်းကို ရှာပါ။
- မျက်လုံးယားစေသည့် အရာများ(အလှပြင်ပစ္စည်းများ) ဆက်မသုံးရ။
- အမျိုးအစား ပြောင်းသုံးပါ ။ တစ်မျိုးစီ အရင်သုံးပါ ။ပြဿနာမရှိမှ ဆက်သုံးပါ။
- မက်စ်ကာရာဆိုပါက ခြောက်လထက် ပိုမသုံးသင့် ။ရက်ကျော် အလှပြင်ပစ္စည်းများကို ဆက်မသုံးသင့်။
- မျက်ရည်တုများ-
- Tear naturale,Isopto tears
- ဂျဲလ်များ -Gel tears
- အွိုင့်မန်များ -Lacri-lube (အထူးသဖြင့် ညအိပ်ခါနီး ခတ်ပါ)
အထက်ပါတို့ကို ခတ်ပေးနိုင်ပါတယ်။
Author – ခေတ်သစ်ဇီဝက