Osteoarthritis ရောဂါ
အသက်ကြီးလာတာနဲ့အမျှ ကိုယ်ခန္ဓာကနေ အလိုလိုဖြစ်လာတဲ့ ရောဂါတွေထဲမှာ OA လို့ခေါ်တဲ့ Osteoarthritis ဆိုတဲ့ အရိုးအဆစ်ရောဂါတစ်မျိုးလည်း ပါဝင်ပါတယ်။ မြန်မာလိုပြန်ဆိုတာမျိုးတော့မရှိပေမယ့် တစ်ချို့ကျတော့လည်း ကျီေးပါင်းလို့ပဲ အလွယ်ခေါ်ပါတယ် တစ်ကယ်တော့ကျီးပေါင်းအစစ်လည်းမဟုတ်ပါဘူး။
ဆေးပညာမှာ itis နဲ့ စာလုံးပေါင်းဆုံးတာက ယောင်နေတာကို ပြောတာပါ။ ဒါပေမယ့် Osteoarthritis ကတော့အဆစ်ယောင်တာမဟုတ်ပါဘူး အဆစ်တွေမှာရှိတဲ့ အရည်တွေနည်းလာပြီး အဆစ်တွေကြားထဲ လှုပ်ရှားမှုမကောင်းတာမျိုးပါ အသက်ကြီးလို့ ပျက်စီးလာတဲ့ ဖြစ်စဉ် wear and tear process ပါ။
အသက် ၆၀ ကျော်လာပြီးဆိုရင် OA ရောဂါ ဖြစ်လွယ်လာပါတယ်။ အလိုလိုဖြစ်တာလည်းရှိသလို အဆစ်မှာ ပြဿနာတစ်ခုခုရှိထားရင်လည်းဖြစ်တတ်ပါတယ်။ OA ရောဂါက ဝိတ်ကို တောင့်ခံပေးတဲ့ အဆစ်တွေမှာ ပိုဖြစ်နိုင်တာကြောင့် ဝိတ်များတဲ့ သူတွေမှာ ပိုဖြစ်နိုင်ပါတယ် တင်ပဆုံအဆစ်တွေ ဒူးဆစ်တွေ ခြေကျင်းဝတ်အဆစ်တွေမှာ အဖြစ်များပါတယ်။ လက်ဆစ်လေးတွေနဲ့ လက်မောင်းအဆစ်မှာလည်းဖြစ်တတ်ပါတယ်။
OA ရောဂါခံစားရတဲ့သူတွေက အစပိုင်းမှာတော့ အဆစ်နာရုံပဲ လှုပ်ရှားတာတွေမှာ ပိုနာတတ်ပါတယ်။ တောက်လျှောက်လှုပ်ရှားထားပြီဆို နာတာပိုဆိုးပါတယ် နားလိုက်ရင်တောင် ဆက်ပြီးနာတတ်ပါတယ် စပြီးပြန်လှုပ်ရှားချင်းချင်းမှာ အဆစ်တွေ ခဏလောက်တောင့်နေတတ်ပါတယ်။ လှေကားအတက်အဆင်းတွေ ခက်လာတယ် လှုပ်ရှားတဲ့ အခါမှာ အဆစ်ထဲကအသံ မြည်သလိုမျိုး ခံစားရတတ်ပါတယ်။
တစ်ချို့တွေမှာတော့ အဆစ်တွေပါ ကြီးလာတတ်တယ် အလုံးတွေဖြစ်လာတာကြောင့် ပုံပျက်လာတာရော အဆစ်တွေ ကောင်းကောင်းလှုပ်မရတာမျိုးရော ဖြစ်လာတတ်တယ်။ ကွေးမရတာ မျိုးတွေ ဖြစ်လာတတ်တယ်။ လက်ဆစ်တွေမှာလည်း ပုံပျက်ပြီး အလုံးတွေ ဖြစ်လာတတ်တယ်။
OA လို့ထင်ပြီဆို အရင်ဆုံး ဖြစ်တဲ့အဆစ်ကို ဓာတ်မှန်ရိုက်ကြည့်ပါတယ်။ ဓာတ်မှန်ရိုက်တဲ့အခါ အဆစ်ကြားထဲမှာ ပုံမှန်ရှိသင့်တဲ့ နေရာလွတ်ကတစ်ဖြည်းဖြည်းကျဉ်းနေတတ်ပါတယ်။ အရိုးအတက်လေးတွေလည်းထွက်တတ်ပါတယ်။ အဆစ်တွေမှာလည်း သိပ်သည်းမှုနည်းလာတာတွေကို တွေ့ရတတ်ပါတယ် တစ်ခြားစစ်ဆေးတာတွေကတော့ လိုအပ်သလိုစစ်ကြရပါတယ်။
OA က အပြီးပျောက်နိုင်တဲ့ ရောဂါတော့မဟုတ်ပါဘူး အရမ်းဆိုးဝါးတဲ့ရောဂါလည် မဟုတ်ပါဘူး ဒါပေမယ့် တစ်ချို့တွေမှာတော့ လှုပ်ရှားမှုတွေကိုပါ ထိခိုက်လာစေနိုင်ပါတယ်။
OA ဖြစ်တဲ့ သူတွေကို အရင်ဆုံးပြောဖို့လိုတာက နေထိုင်စားသောက်မှုပုံစံပြင်ဖို့ပါပဲ နာနေတဲ့ အဆစ်အတွက် ပုံမှန်လေ့ကျင့်ခန်းလုပ်ပေးဖို့ လိုပါတယ်ကိုယ်အလေးချိန်များတဲ့သူတွေဆို ဝိတ်ချပေးရပါမယ်။ဆေးသောက်တဲ့အခါလည်း သူ့အဆင့်အတိုင်း သေချာသောက်စေချင်ပါတယ် မသက်သာဘူးဆိုမှ တစ်ဆင့်ချင်းတစ်ဖြည်းဖြည်းတိုးကုရပါမယ် ဒါမှရောဂါကိုပုံမှန်ဆက်ထိန်းထားနိုင်မှာပါ။
ဆေးအနေနဲ့ကတော့ပထမဆုံးမှာ ရိုးရိုးပါရာစီတမောပဲ အစားနဲ့တွဲသောက်ဖို့လိုပါတယ် ဒါလေးနဲ့ထိန်းနိုင်တယ်ဆို စောင့်ကြည့်လို့ရပါတယ်။ ဒါနဲ့မှမသက်သာရင်တော့ အကိုက်အခဲပျောက်ဆေး လိမ်းဆေးတွေ တွဲသုံးမှာပါ ဒါနဲ့ မသက်သာမှ ပိုဆိုးလာမှ တစ်ခြားသောဆေးတွေ ထည့်မှာပါ နောက်ပိုင်းလိုအပ်လာရင်တော့ ထိုးဆေးတွေပါအသုံးပြုလာတတ်ကြပါတယ်။
OA ရောဂါက သောက်ဆေးလိမ်းဆေးထိုးဆေးနဲ့ပဲတော့ မပြီးတတ်ပါဘူး အဆစ်တွေမှာ ပုံပျက်ပန်းပျက်နဲ့ အလုံးတွေဖြစ်လာပြီး လှုပ်ရှားမှုတွေကို ထိခိုက်စေနိုင်တာကြောင့် လေ့ကျင့်ခန်းတွေတွဲလုပ်ပေးဖို့လိုပါတယ်။
လမ်းလျှောက်တာခက်ခဲလာတာနဲ့အမျှ လမ်းလျှောက်တုတ်အကူအညီယူလာရတတ်တယ် အပူ အအေးတွေကပ်ပေးဖို့လိုတတ်တယ် နောက်ဆုံးမှာတော့ လိုအပ်ရင် အဆစ် အစားထိုးကုသရတာမျိုးတွေ အထိ ဖြစ်လာနိုင်ပါတယ်။
OA လို့ခေါ်တဲ့ Osteoarthritis ရောဂါက အသက်ကိုဒုက္ခပေးတဲ့ ရောဂါတော့မဟုတ်ပေမယ့် လှုပ်ရှားမှုတွေကို အခက်အခဲဖြစ်စေနိုင်တာကြောင့် နေထိုင်မှုဘဝပုံစံကို ထိခိုက်စေပါတယ် ဒါကြောင့် OA ရယ်လို့ ဖြစ်ပြီဆိုတာနဲ့ လိုအပ်တဲ့ ဆေးကုသမှုများကို စနစ်တကျခံယူဖို့ အရေးကြီးပါတယ်။
Dr. CST