ငါးမျက်စိဆိုတာ အရေပြားပေါ်မှာ အနီရောင်၊ အကြည်ရောင် သို့မဟုတ် အရေပြားအရောင်ရှိတဲ့ အဖုသေးသေးလေးတွေ ဖြစ်လာတာကို ပြောတာပါ။
Molluscum Contagiosum Virus ( MCV ) ဝင်ရောက် ကူးစက်ခံရလို့ ဖြစ်တာပါ။
ရောဂါပိုးရှိသူရဲ့အနာ သို့မဟုတ် ခန္ဓာကိုယ်ကထွက်တဲ့ အရည်နဲ့ မိမိအရေပြားနဲ့ ထိတွေ့တာ၊ ရောဂါပိုးရှိသူရဲ့ တဘက်၊ ပုဝါ၊ အဝတ်အစား စတဲ့အသုံးအဆောင်ပစ္စည်းတွေနဲ့ထိတွေ့မိတာ၊ ရောဂါပိုးရှိသူနဲ့လိင်ဆက်ဆံတာ စတဲ့နည်းလမ်းတွေနဲ့ တယောက်ကနေတယောက်ကို ကူးစက်နိုင်ပါတယ်။
အသက် ၁ နှစ်ကနေ ၅ နှစ်အတွင်း ကလေးငယ်တွေ၊ ရောဂါကြောင့် သို့မဟုတ် အကြောင်းအမျိုးမျိုးကြောင့် ကိုယ်ခံအားနည်းသူတွေ၊ လိင်ဆက်ဆံဖက်များသူတွေမှာ ဒီ MCV ဗိုင်းရပ်စ်ပိုးဟာ ဝင်ရောက်ကူးစက်နိုင်ခြေ များပါတယ်။
ငါးမျက်စိအဖုလေးတွေဟာ အရေပြားရဲ့ ဘယ်နေရာမှာမဆိုဖြစ်နိုင်ပေမယ့် မျက်နှာ၊ လည်ပင်း၊ ရင်ဘတ်၊ လက်၊ ပေါင်ခြံ၊ မျိုးပွားအင်္ဂါ စတဲ့နေရာတွေမှာ အများအားဖြင့် ပေါက်လေ့ရှိပါတယ်။
ခြေဖဝါး၊ လက်ဖဝါး၊ မျက်ခွံနဲ့ ပါးစပ်ထဲမှာ ပေါက်တာမျိုးတော့ ရှားပါတယ်။
ငါးမျက်စိဟာ တခြားသူကိုကူးစက်နိုင်သလို စစဖြစ်တဲ့ အရေပြားနေရာကနေ တခြားအရေပြားနေရာတွေဆီကိုလည်း ပျံ့နှံ့နိုင်ပါတယ်။
အများအားဖြင့်ကတော့ ငါးမျက်စိဟာ ကိုယ်ခံအားကောင်းတဲ့ သူတွေမှာဆိုရင် ဖြစ်ပြီး သုံးလေးပတ် လောက်အကြာမှာ သူ့ဘာသာသူပျောက်သွားနိုင်ပါတယ်။ တချို့သူတွေမှာတော့
လချီ နှစ်ချီကြာနေတာမျိုးလည်း ရှိတတ်ပါတယ်။
သူ့ဘာသာသူ ပျောက်ပေမယ့်လည်း လူမြင်ကွင်းနေရာမှာ ငါးမျက်စိပေါက်တဲ့အခါ သူသူကိုယ်ကိုယ် အမြန်ဆုံးပျောက်ချင်ကြပါတယ်။
ဒီလိုဆိုရင်တော့ အောက်ပါ ကုသနည်းလမ်းများကို အသုံးပြုနိုင်ပါတယ်။
- Salicylic acid ပါတဲ့ လိမ်းဆေးလိမ်းတာ
- ထုံဆေးပေးပြီး ခွဲထုတ်တာ
- ငါးမျက်စိအဖုကို ခြစ်ထုတ်တာ
- အေးခဲစေပြီး ကုသခြင်း (Cryotherapy)
- Diathermy နဲ့ တို့ပြီး အဖုကို ဖျက်ဆီးတာ စသဖြင့် လုပ်နိုင်ပါတယ်။
ဒီနည်းတွေထဲကမှ လိမ်းဆေးလိမ်းကြည့်တာကတော့ ဆရာဝန်နဲ့ ပြသဖို့မလိုဘဲ မိမိဘာသာဝယ်လိမ်းလို့ ရတယ်လို့ ပြောပေမယ့်လည်း ငါးမျက်စိလိမ်းဆေးတွေရဲ့ အာနိသင်ကပြင်းတော့ ကိုယ်လိမ်းရမယ့်ပမာဏနဲ့ လိမ်းပုံလိမ်းနည်းမသိဘဲ လိမ်းမိရင် မလိုလားအပ်တဲ့ ဘေးထွက်ဆိုးကျိုးတွေ ရနိုင်လို့ပါ။
အထူးသဖြင့် အရမ်းငယ်တဲ့ ကလေးတွေ ငါးမျက်စိပေါက်တဲ့အခါ ဆရာဝန်နဲ့မပြဘဲ အရပ်ထဲကကောင်းတယ်လို့ ပြောတဲ့လိမ်းဆေးတွေ လျှောက်လိမ်းပေးတာမျိုး ရှောင်သင့်ပါတယ်။
တချို့ကလဲ ငါးမျက်စိပေါက်ရင် ပေါက်တဲ့အဖုတွေကို အထဲက အဆံပါထွက်အောင်ညှစ်ထုတ်တဲ့နည်းကို သုံးတတ်ကြပါတယ်။ ဒီနည်းဟာ တကယ်ဆိုရင် အန္တရာယ်များပါတယ်။ ညှစ်ထုတ်တဲ့အခါ လက်မသန့်ရင် အခန့်မသင့်ရင် တခြားပိုးတွေပါဝင်ပြီး ပိုဆိုးနိုင်ပါတယ်။
ဒါ့အပြင် ညစ်ထုတ်လိုက်လို့ထွက်လာတဲ့ အရည်နဲ့ အဆံတွေကို သေချာမစွန့်ပစ် မရှင်းလင်းပါက တခြားအရေပြားနေရာတွေနဲ့ မိမိနဲ့ အနီးကပ်နေတဲ့သူတွေကိုပါ ကူးစက်နိုင်ခြေပိုများပါတယ်။
ဒါကြောင့် အဆုံးသတ်အနေနဲ့ အကြံပေးရရင် ငါးမျက်စိဖြစ်ပါက အရေပြားကျွမ်းကျင်ဆရာဝန်နဲ့ ပြသပါ။ ပြသခဲ့တဲ့ဆရာဝန်ကညွန်ကြားတဲ့ ကုထုံးအတိုင်း အပိုအလိုမရှိလိုက်နာပါ။ ဆရာဝန်က ပြန်လာပြရန်ချိန်းတဲ့ ရက်ချိန်းအတိုင်းမှန်မှန်ပြပါ။
ဖြစ်တဲ့အရေပြားနေရာကနေ တခြားအရေပြားနေရာတွေဆီ မပျံ့နှံ့အောင် အဖုတွေကို မကုတ်ပါနဲ့။ ယားလို့ မတော်တဆ ကုတ်မိပါကလည်း ကုတ်မိပြီးရင် ချက်ချင်းလက်ကို ဆပ်ပြာနဲ့သေချာဆေးပါ။
မိမိနဲ့ အနီးကပ်နေတဲ့သူတွေနဲ့ တခြားသူတွေကို ကူးစက်နိုင်ခြေနည်းအောင် ရောဂါမပျောက်မချင်း တခြားသူတွေနဲ့ အသုံးအဆောင်ပစ္စည်းတွေ မျှဝေသုံးစွဲတာ အများသုံးရေကူးကန်နဲ့ ရေချိုးခန်းတွေမှာ ရေချိုးတာ ရေကူးတာတွေကို ရှောင်ပါ။
Dr 528