မျက်ခုံးမွှေးထူထူ ပိုင်ရှင်ဖြစ်ဖို့
မျက်ခုံးမွှေးထူထူနဲ့ လှလှလေးကို အမျိုးသမီးတိုင်း ပိုင်ဆိုင်ချင်ကြပါတယ်။ တချို့အမျိုးသမီးတွေဆိုမျက်ခုံးပါးတဲ့အတွက် မျက်ခုံးမလှတဲ့အတွက် ပွဲသွားပွဲလာရှိတဲ့အခါ အပြင်ထွက်တဲ့အခါမှာ မျက်ခုံးမွှေး ဆွဲရလေ့ရှိပါတယ်။
ဒီလိုမျက်ခုံးမွှေးဆွဲတဲ့အခါမှာ ပုံစံဖော်ဖို့အတွက် အများအားဖြင့် မျက်ခုံးနှစ်ခုကြားက အမွှွေးတွေကိုနှုတ်ပစ်တတ်ကြပါတယ်။ ဒီလိုမျိုးလုပ်တာ ခဏခဏဆိုရင် မျက်ခုံးမွှေးဟာ ပါးလာပြီး မညီမညာပုံစံမကျဖြစ်တတ်ပါတယ်။
အလှအပကျွမ်းကျင်ပညာရှင်တွေရဲ့အဆိုအရ မျက်ခုံးမွှေးကို တလလောက်နေမှ တကြိမ်ပဲနှုတ်သင့်ပါတယ်။ နှုတ်တဲ့အခါမှာလည်း ရေနွေးနွေးလေးနဲ့ ရေချိုးပြီးမှ နှုတ်သင့်တယ်လို့ ပြောထားပါတယ်။ အခုခေတ်မှာ မျက်ခုံးမွှေးဆွဲတာအပြင် မျက်ခုံးတက်တူးထိုးတဲ့ နည်းလမ်းလည်း ရှိလာပါတယ်။
သို့သော်အဲ့ဒါက နာလည်းနာပြီး သဘာဝမဟုတ်တဲ့အတွက် ဆိုးကျိုးတွေရှိနိုင်ပါတယ်။ ဒါကြောင့်ဒီတပတ်မှာ သဘာဝအတိုင်း မျက်ခုံးထူထူရဖို့ မိမိအိမ်တွင် အလွယ်တကူပြုလုပ်နိုင်သော သဘာဝနည်းလမ်းတခုကိုရေးသားတင်ပြချင်ပါတယ်။
မျက်ခုံးမွေးထူထူလေးရဖို့အတွက် ညအိပ်ရာဝင်ခါနီးမှာ သံလွင်ဆီ သို့မဟုတ် ကြက်ဆူဆီ တမျိုးမျိုးကို မျက်ခုံးပေါ်လိမ်းပြီး မျက်ခုံးတဝိုက်ကို ညင်ညင်သာသာနှိပ်နယ်ပေးပါ။
ပြီးရင် နာရီဝက်လောက်ကြာအောင် ထားပါ။ ထို့နောက် မျက်နှာကို ရေနွေးနွေးလေးနဲ့ သစ်ပေးပြီး မျက်နှာသုတ်ပဝါအနုနဲ့ ညင်သာစွာသုတ်ပါ။ ဒီလိုမျိုးလုပ်တာကို နေ့တိုင်းမလုပ်နိုင်ရင်တောင် တပတ်ကို နှစ်ကြိမ်လောက်တော့ အနည်းဆုံးလုပ်ပါ။
၂ ပတ်ကနေ ၆ ပတ်အတွင်းမှာ မျက်ခုံးမွှေးထူထူလေးဖြစ်လာတာကို သတိထားမိပါလိမ့်မယ်။ အဆုံးသတ်အနေနဲ့ အကြံပေးချင်တာက ကြက်ဆူဆီနဲ့ သံလွင်ဆီမှာ ပိုပြီးထိရောက်တာကတော့ ကြက်ဆူဆီပါ။
ကြက်ဆူဆီမှာ Omega 6 fatty acids, Vitamin E နဲ့ Protein ဓါတ်တွေ အပြည့်အဝများစွာ ပါဝင်ပါတယ်။ ဒါ့အပြင် မှိုပိုး နဲ့ ဘက်တီးရီးယားပိုးတွေကို နိုင်တဲ့အစွမ်းသတ္တိ၊ မွေးညင်းပေါက်လေးတွေကို ကျယ်စေတဲ့ အစွမ်းသတ္တိတွေတွေကြောင့် ကြက်ဆူဆီဟာ မျက်ခုံးမွှေးကို ပိုရှည်လာအောင် ပိုထူလာအောင် ထိရောက်စွာကူညီပေးနိုင်ပါတယ်။ သံလွင်ဆီကတော့ မျက်ခုံးမွှေးထက်စာရင် ဆံပင်ကျန်းမာရေးကို ပိုအထောက်အကူပြုပါတယ်။
သို့သော် ကြက်ဆူဆီက တချို့သူတွေမှာ ဓါတ်မတည့်တာမျိုးတွေရှိတတ်လို့ အရင်ဆုံးလက်ဖမိုးပေါ်မှာ အနည်းငယ်လိမ်းကြည့်ပြီး ယားတာ၊ နီရဲရောင်ရမ်းတာတွေ မရှိမှ မျက်ခုံးပေါ်ကို လိမ်းသင့်ပါတယ်။
Dr 528