လှချင်လျက်နှင့် ဝက်ခြံဖျက်နေသူများအတွက် ဝက်ခြံအကြောင်း သိကောင်းစရာ
လှချင်သော ပျိုမေများနှင့် သန့်ချင်၊ ခန့်ချင်သော ညီမောင်များအတွက် ဝက်ခြံပေါက်ခြင်းဟာ အိပ်မက်ဆိုးတစ်ခု ဖြစ်နေတတ်ပါတယ်။ ဒါကြောင့် ဒီတခါမှာ Dr.Z ကဝက်ခြံ အကြောင်းကို စုံစုံလင်လင် ဖော်ပြပေးလိုက်ရပါတယ်။
ဝက်ခြံဆိုတာ ဘာလဲ?
– ဝက်ခြံဆိုတာ ကြာရှည် အရေပြားရောင်ရမ်းခြင်းကြောင့် မျက်နှာ၊ ပခုံး၊ ကျောကုန်း၊ ရင်ဘတ်နှင့် လက်တို့ တွင် အဖု အစက်များ ဖြစ်ခြင်းကို ခေါ်ပါတယ်။
– အများအားဖြင့်ဝက်ခြံဟာ လူတွင် အဆီကျိတ်ဂလင်းများ စတင်ပေါ်ပေါက်လာရာ အချိန်ဖြစ်တဲ့ လူပျိုဖော်၊ အပျိုဖော် ဝင်စတွင် အဖြစ်များသော်လည်း ဘယ်အရွယ်မဆိုဖြစ်နိုင်ပါတယ်။ ဝက်ခြံသည် အန္တရာယ် မရှိသော်လည်း အမာရွတ် ကျန်ခဲ့နိုင်ပါတယ်။
– အသက် ၁၁ နှစ်မှ ၃၀ အထိ လူ ၄ ယောက်တွင် ၃ ယောက်မှာ ဝက်ခြံပေါက်သည် အထိအဖြစ်များပါတယ်။
ဝက်ခြံ ဘာလို့ပေါက်ရတာလဲ?
– လူ့အရေပြား၏မှာ အရေပြားအောက်တွင် ရှိသော အဆီကျိတ်ဂလင်းလေးများသို့ ဆက်ပေးတဲ့ အပေါက်သေးသေး လေးများရှိပါတယ်။
– ထိုအပေါက် သေးသေးလေးများမှတဆင့် အရေပြားဆဲလ်အသေများကို သယ်ဆောင်လာသော Sebum လို့ခေါ်တဲ့ အဆီများထွက်လေ့ရှိပါတယ်။
– ထိုအပေါက်ကလေးများ ပိတ်ဆို့သွားတဲ့အခါ ဆဲလ်အသေ၊ အဆီနဲ့ အမွှေးများ စုပေါင်းပြီး အခဲဖြစ်သွားတတ်ပါတယ်။ ထိုအခဲအား ပိုးဝင်သွားတဲ့ အခါမှာတော့ ရောင်ပြီး ဝက်ခြံ အဖြစ်ပြောင်းလဲသွားပါတယ်။
– Propionibacterium acnes (P. acnes) ဆိုတာကတော့ အရေပြားမှာ နေပြီး ဝက်ခြံ ဖြစ်စေတဲ့ ဗက်တီးရီးယားပိုး ပဲဖြစ်ပါတယ်။
– ဟော်မုန်းကလည်း အဓိကနေရာက ပါဝင်နေပါတယ်။
– လူပျိုဖော်၊ အပျိုဖော်ဝင်ချိန်တွင် androgen (အန်ဒရိုဂျင်) ပမာဏများပြားလေ့ရှိပါတယ်။ အမျိုးသမီး များတွင် အဆိုပါ androgen မှ oestrogen (အီစရိုဂျင်) အဖြစ်သို့ပြောင်းပါတယ်။
– အဆိုပါ androgen မှာ အဆီဂလင်းအား ကြီးထွားစေပြီး sebum အဆီပိုမို ထုတ်ပါတယ်။ အဆီများပြားလာလျှင် အပေါက်လေးများ ၏ ဆဲလ်နံရံကို ပျက်စီးစေပြီး ဗက်တီးရီးယား ပေါက်ဖွားမှုကို အားပေးစေပါတယ်။
ထို့အပြင် အခြားအရာ များက လည်း ဝက်ခြံပေါက်ခြင်းကို အားပေးပါတယ်။ အဆိုပါအရာတွေကတော့
• androgen နဲ့ lithium ပါသောဆေးများ
• အဆီများသော အလှကုန်များ
• စိတ်ဖိစီးမှုများခြင်း
• ဟော်မုန်း မညီမျှခြင်း
• ရာသီလာခြင်း တို့ဖြစ်ပါတယ်။
ဝက်ခြံဘယ်နှမျိုးရှိလဲ?
– ဝက်ခြံအား အရွယ်၊ အရောင် နဲ့ နာကျင်မှုအပေါ်မူတည်ပြီး
၁. Whiteheads: အရေပြားအောက်တွင် အဖုအသေးလေးအနေဖြင့်ရှိသော ဝက်ခြံ
၂. Blackheads:အမဲရောင်ဖြစ်ပြီး အရေပြားပေါ်တွင်ပေါ်နေသောဝက်ခြံ
၃. Papules: ပန်းရောင်ဖြစ်ပြီး အရေပြားပေါ်တွင်ရှိသော ဝက်ခြံ
၄. Pustules: အနီရောင်ဖြစ်ပြီး ထိပ်တွင်ပြည်ရှိသော ဝက်ခြံ
၅. Nobules: ကြီးမား၊ နာကျင်စေပြီး အရေပြားပေါ်တွင်ရှိသော ဝက်ခြံခဲ ကြီး
၆. Cysts: အရေပြားပေါ်တွင်ရှိပြီး နာကျင်စေကာ ပြည်များ နှင့် ပြည့်နေသော ဝက်ခြံ ဖြစ်ပြီး အမာရွတ်ဖြစ်စေတတ်သော ဝက်ခြံ စသည်ဖြင့် ၆ မျိုးခွဲထားပါတယ်။
ဝက်ခြံကိုဘယ်လိုကုသလဲ?
– ဝက်ခြံ ၏ အခြေအနေပေါ်မူတည်ပြီးကုလေ့ရှိပါတယ်။
• ဝက်ခြံအပျော့စား
ဝက်ခြံ အပျော့စားများ အတွက်မူ ဆေးဆိုင်တွင်ရနိုင်သော ဝက်ခြံပျောက် ဆေးများနှင် ကု၍ရပါတယ်။ ဝက်ခြံပျောက်ဆေးတွေကတော့
– Resorcinol : Whitehead နှင့် Blackhead အမျိုးအစားများကို ပျောက်ကင်းသက်သာစေပါတယ်။
– Benzoyl Peroxide: ဗက်တီးရီးယားများ ကို သေစေပြီး sebum အဆီ ထုတ်လုပ်မှုကို လျှော့ချပေးပါတယ်။
– Salicylic Acid : Blackheads နှင့် Whiteheads များကိုသက်သာစေပြီး ရောင်ရမ်း မှုကို သက်သာစေပါတယ်။
– Retin-A : အရေပြားရှိ ပေါက်လေးများ ပိတ်ခြင်းကို ဆဲလ်အသစ်လဲ ခြင်းဖြင့် ပြန်ပွင့်စေပါတယ်။
– Azelaic Acid : ဆဲလ်များကို ခိုင်မာစေပြီး ဗက်တီးရီးယားများကို လျှော့ချပေးပါတယ်။
စတင်လိမ်းမည်ဆိုလျှင် ဘေးထွက်ဆိုးကျိုး အနည်းငယ်ရှိနိုင်သောကြောင့် အပျော့စားသာ အသုံးပြုသင့်ပါတယ်။
• ဝက်ခြံအပြင်းစားများ
ဝက်ခြံအပြင်းစားများအား အရေပြားအထူကုနှင့် သွားရောက်တိုင်ပင်ပြီးကုသမှုခံယူသင့်ပါတယ်။ ဝက်ခြံအပြင်းစားများ အတွက်ကုထုံးများ
– Corticosteroid Injection (စတီးရွိက်ထိုးဆေး) :ရောင်ရမ်းခြင်းကို သက်သာစေကာ အမာရွတ်ဖြစ်ခြင်းကို ကာကွယ်ပေးသည့်အပြန် အနာကျက်ခြင်းကို မြန်စေပါတယ်။
– ပိုးသတ်ဆေး: ဗက်တီးရီးယား များကိုသေစေကာ Erythromycin နှင့် Tetracycline အသုံးများလေ့ရှိပါတယ်။
– သန္ဓေတားဆေး : အမျိုးသမီးများတွင် အဆီဂလင်းများလျော့ကျစေရန် သုံးလေ့ရှိပါတယ်။
– Antimicrobial လိမ်းဆေးများ : Clindamycin နှင့် sodium sulfacetamide တို့ သုံးလေ့ရှိပြီး P.acnes အရေအတွက် ကိုလျော့ကျရန်သုံးလေ့ရှိပါတယ်။
– Isotretinoin : retinoid အပြင်းစား ဖြစ်ပြီး Cysts ဝက်ခြံ အမျိုးအစား နှင့် အခြားသော ဆေးများဖြင့် မပျောက်ကင်းသော ဝက်ခြံ အမျိုးအစားတွင်သုံးလေ့ရှိပါတယ်။ ဘေးထွက်ဆိုးကျိုးများသောကြောင့် ဆရာဝန်၏ တိကျသော ညွှန်ကြားချက်ဖြင့်သာ အသုံးပြုသင့်ပါတယ်။
• အိမ်တွင်းကုသမှုများ
– အစားအသောက် : ဗီတာမင် အေ၊ အီး နှင့် ဇင့် ဓါတ်ကြွယ်ဝသော အစားအစာများ က ဝက်ခြံထွက်မှုကို လျော့ကျစေပါတယ်။
– Moisturizer လိမ်းခြင်း : ရှားစောင်း ပါသော moisturizer များမှာ ဝက်ခြံကို ကာကွယ်စေပြီး ဝက်ခြံ အရောင်ကျစေကြောင်း စမ်းသပ်မှု တစ်ခုကဆိုထားပါတယ်။
ဝက်ခြံ မပေါက်အောင်ဘယ်လို ကာကွယ်မလဲ?
– ရေနွေးနှင့်မျက်နှာ မှန်မှန်သစ်ပါ။ သို့သော် ၂ကြိမ်ထက်ပိုမသစ်ပါနှင့်။
– ဝက်ခြံအား မထိ၊မကုတ်၊ မဖဲ့မိစေရန်သတိပြုပါ။ ရောဂါပိုးဝင်နိုင်သောကြောင့်ဖြစ်ပါတယ်။
– ဖုန်းပြောလျှင် မျက်နှာ အနီးသို့ကပ်ပြောခြင်းမှ ရှောင်ကျဉ်သင့်ပါတယ်။
– မိတ်ကပ်မလိမ်းမီ လက်သေချာဆေးပါ။
– မျက်မှန်တက်ရပါက မျက်မှန်ကို မကြာခဏ ဆေးသင့်ပါတယ်။
– ကျောကုန်း၊ ရင်ဘတ် နှင့် လက်တို့တွင် ဝက်ခြံပေါက်ပါက ပွပွချောင်ချောင် အဝတ်များသာဝတ်သင့်ပါတယ်။
– စိတ်ဖိစီးပါက ဝက်ခြံ ထွက်မှုကိုအားပေးသော cortisone နှင့် adrenaline ဓါတ်ကို တက်စေသည့်အတွက် စိတ်ဖိစီးမှုကို လျော့ချရပါမယ်။
ပျိုမေ ညီမောင်တို့ ဝက်ခြံကင်းပြီး လှပသော မျက်နှာလေးတွေ ပိုင်ဆိုင်ပါစေလို့ Dr.Z ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်….
Dr.Z