ဆရာဝန်တွေ စကားများသလား
ဆေးရုံပဲဖြစ်ဖြစ် ဆေးခန်းတွေမှာဖြစ်ဖြစ် အခုလို ondr မှာ ကျန်းမာရေးမှာ တိုင်ပင်ဆွေးနွေးတာပဲဖြစ်ဖြစ် ရောဂါတစ်ခုကိုအစပြုမိပြီဆို ရောဂါရာဇဝင်ရောဂါကွင်းဆက်ဆိုတာကို ပေါ်လာဖို့လိုပါတယ်
အရေးပေါ်သေရေးရှင်ရေးလူနာတွေမှာတော့ လူနာကိုဖြစ်စေ အတူပါလာတဲ့ လူနာရှင်ကိုဖြစ်စေ လိုသလောက်မေးပြီး စစ်ဆေးကုသမှုကို အမြန်ဆုံးလုပ်ရပါတယ် ဒါကအရေးပေါ်လူနာအတွက်ပါ အရေးပေါ်လူနာတွေမှာက လူနာအသက်ရှင်ဖို့အတွက် တွေ့နေရတဲ့လူနာအခြေအနေပေါ်မူတည်ပြီး လူနာအတွက်အကောင်းဆုံးဖြစ်မှာကို လုပ်ပိုင်ခွင့်ရှိပါတယ်
အရေးပေါ်လူနာမှာတောင် အသက်အန္တရာယ်ကင်းသွားပြီဆိုရင် လူနာကိုယ်တိုင်ကိုဖြစ်စေ လုနာစောင့်ကိုဖြစ်စေ ရောဂါနဲ့ပက်သက်ပြီး အသေးစိတ်ပြန်မေးရပါတယ်
ပုံမှန်လူနာတွေမှာ အသက်နဲ့နီးတဲ့ အခြေအနေမရှိတာကြောင့် လူနာနဲ့စတွေ့တဲ့အခါမှာ လူနာခံစားနေရတဲ့ ဝေဒနာအကြောင်းကို အသေးစိတ်မေးမြန်းဖို့လိုပါတယ် ရောဂါရာဇဝင်မေးတယ်လို့ခေါ်ပါတယ် ဒီလိုသေချာမေးမြန်းမှုကနေ ရောဂါလက္ခဏာအရ ဘယ်ရောဂါအဖြစ်နိုင်ဆုံးလဲဆို ပေါ်လွင်လာတတ်ပါတယ်
ရောဂါတစ်ခုလို့ စိတ်ထဲကထင်လိုက်တာနဲ့ လိုအပ်တာတွေစမ်းသပ်ပြီး စစ်ဆေးမှုတွေကိုလည်း လိုသလောက်ပဲ လုပ်ရလွယ်ပါတယ် ရောဂါကုသမှုပိုင်းမှာလည်း စမ်းတဝါးဝါးမဖြစ်ဘဲ ပိုပြီးထိရောက်စေပါတယ်
တစ်ချို့တစ်ချို့သောရောဂါတွေမှာတော့ ရောဂါရာဇဝင်သေချာမေးပြီးသည့်တိုင်အောင်ဘသို့လောသို့လောလေးတွေရှိတတ်ပါတယ် ရောဂါနှစ်မျိုးသုံးမျိုးလောက်ဖြစ်နိုင်ချေလေးတွေဖြစ်နေတတ်ပါတယ် ဒီလိုအခါတွေဆိုရင်တော့ စစ်ဆေးမှုအပိုင်းမှာ ပိုမိုလိုအပ်လာတတ်ပါတယ်
ဒီလိုရောဂါရာဇဝင်မေးမြန်းမှုအပေါ် တစ်ချို့လူနာတွေ ပါရမီဖြည့်ပေးတာ အလွန်ကောင်းပါတယ် ရောဂါအကြောင်းကို သေချာပြောပြနိုင်တယ် ရောဂါကိုမေးမြန်းတာတစ်ခုနဲ့တင် ပေါ်လွင်စေနိုင်တဲ့အထိ အဆင်ပြေသွားစေပါတယ် ရောဂါပေါ်မူတည်ပြီး ဘာတွေစစ်ဆေးဖို့လိုတယ် ဘယ်လိုတော့ဖြင့်ကုထားမယ်ဆိုပြီး ဆေးနဲ့ အစပ်အဟပ်တည့်တယ်ပဲပြောရပါမယ်
တစ်ချို့လူနာတွေကတော့ စိတ်မရှည်တတ်ဘူး နည်းနည်းလေးမေးရသေးတယ် ဒီဆရာဝန်ကစကားများတယ် အမေးမြန်းထူတယ် ကုမှာဖြင့်မကုဘူး ဆိုတာမျိုးတွေ လာတတ်ကြတယ် ဖြေနေရင်းမှာပဲ ဆရာ ကျွန်တော်ကျွန်မတို့က ဆေးပဲလိုချင်တာ ဆေးအရင်ပေးပါတို့ လူနာကမောနေပြီတို့ နာပါတယ်ဆိုမှ မေးခွန်းတွေဖြေနေရသေးတယ်တို့ ဒီဆရာဝတ် စကားများတယ်တို့ စသဖြင့် အစုံပြောတတ်ကြတယ်
ဆရာဝန်မဟုတ်ဘဲ ဆေးဆိုင်မှာ စပ်ဆေး သွားဝယ်သောက်တာကမှ မြန်ဦးမယ်လို့ပြောတာတွေ ရပ်ကွက်ထဲမှာ ဆရာဝန်ဆရာမမဟုတ်ဘဲ ဆေးလိုက်ထိုးပေးတယ်တို့ဆိုတာ ရောဂါအကြောင်း သေချာမသိဘဲ ပေးရတာမှာ ဆေးပြင်းတွေပါနိုင်တယ် တစ်ခုခုပြဿနာဖြစ်ရင် လူနာအတွက်ဘာအထောက်အထားမှမရှိဘူး နာတာကတော့ လူနာပဲဖြစ်မှာပါ
ဆရာဝန်တွေဘက်ကနေ မေးခွန်းတွေမေးတဲ့အခါ သူတို့ဘာကိုဦးတည်ပြီးမေးနေလဲဆိုတာ စိတ်ထဲမှာ တစ်ခုပြီးတစ်ခုရှိပါတယ် လူနာအဖြေတိုင်းကို လိုချင်ပါတယ် ရှိသမျှမေးခွန်းတွေ ဆက်တိုက်မေးလို့မရပါဘူး အဲဒီလိုမေးလိုက်ရင် လူနာအများစုက နောက်ဆုံးမေးခွန်းကိုပဲ ဖြေသွားပါလိမ့်မယ်
ဒီဘက်ခေတ်မှာ ဆေးကုရတာ ပိုခက်ပါတယ် ရောဂါရာဇဝင်သေချာမသိလိုက်ဘဲ ဆေးပေးလို့မသက်သာရင် ပေးလိုက်တဲ့ဆေးနဲ့ မတည့်ခဲ့ရင် ဒီဆရာဝန်လူနာကိုဆွဲကုတယ်တို့ လူနာကိုသေချာဂရုမစိုက်ဘူးဆိုတာတွေ ဖြစ်လာကြတယ် တရားစွဲဖို့လည်း လက်မနှေးကြတော့ဘူး နည်းနည်းလေးမှ အတိမ်းစောင်းမခံပါဘူး
ဒါကြောင့်လည်း ဆရာဝန်တွေက အရေးပေါ်လူနာကလွဲရင် စကားများတဲ့ဆရာဝန်တွေပဲဖြစ်မှာပါ ဆရာဝန်တွေ စကားများတယ်ဆိုတာ လူနာအတွက်ပါ ရောဂါသေချာသိသွားတယ်ဆိုရင် အကျိုးရှိမှာလူနာပါ သေချာမမေးဖြစ်လိုက်လို့ ကုသမှုပိုင်းမှားယွင်းသွားတယ်ဆိုရင်လည်း ဆိုးကျိုးရမှာ လူနာအရင်ဆုံးပါပဲ ဒါကြောင့်လူနာတွေကို တစ်ခါပြန်ပြီးတောင်းဆိုလိုတာက အရေးပေါ်လူနာမဟုတ်သေးရင်တော့ စိတ်ရှည်စေချင်ပါတယ်။
Dr. CST