မိတ်ကပ်တွေလိမ်းပြီး မဖျက်တဲ့အခါ
ဒီနေ့ခေတ်မှာ အလှအပရေးရာ ပစ္စည်းတွေဟာ အတော်ကို ပေါများလာပါတယ်။ မျက်နှာတစ်ခုလုံးကို ပြင်တဲ့ မိတ်ကပ်ပစ္စည်းမျိုးတွေရှိသလို မျက်နှာ အစိတ်အပိုင်း တစ်ခုချင်းစီအတွက် ခန္ဓာကိုယ်အစိတ်အပိုင်း တစ်ခုချင်းစီအတွက် ပြင်တဲ့ အလှအပ ပစ္စည်းတွေဟာလည်း တံဆိပ်မျိုးစုံ ပါပဲ။
Make up tutorial တွေ ကြည့်ပြီး ကိုယ့်ဘာသာ မိတ်ကပ်တွေ လိမ်းတဲ့အခါမှာပဲဖြစ်ဖြစ် အလှပြင်ဆိုင်တွေမှာ လိမ်းတဲ့အခါမှာပဲဖြစ်ဖြစ် မိတ်ကပ်လိမ်းလိုက်ပြီဆိုရင်တော့ ညမအိပ်ခင် ပြန်ဖျက်ရမှာပါပဲ။ အမှန်တကယ်က မျက်နှာ အစိတ်အပိုင်းတစ်ခုချင်းစီအတွက် တစ်လွှာချင်းဆီ လိမ်းထားတဲ့ မိတ်ကပ်တွေကို သူ့အစိတ်အပိုင်း အလိုက် စနစ်တကျ ပြန်ဖျက်ပြီးမှ အိပ်ရမှာပါပဲ။
တစ်ခါတစ်လေ အလုပ်ပင်ပန်းလွန်းလို့ မိတ်ကပ်မဖျက်မိတာဟာ တစ်ရက်နှစ်ရက်လောက်တော့ ရှိတတ်ပါတယ်။ တစ်ရက်နှစ်ရက်လောက်ကတော့ ပြဿနာမဖြစ်နိုင်ပေမဲ့ အချိန်မရလို့ နေ့တိုင်းလိုလို မိတ်ကပ်မဖျက်မိဘူး ဆိုရင်တော့ အသားအရည်တွေ ပျက်စီးလာမှာ အမှန်ပါပဲ။ ဒီလိုမျိုး ဖြစ်နေမယ် ဆိုရင်တော့ မိတ်ကပ်မလိမ်းဘဲ အသားအရည်ကို ထိန်းသိမ်းပေးနိုင်တဲ့ Basic Skin Care လောက်ကို လိမ်းဖို့သာ အကြံပြုလိုပါတယ်။
ဘာကြောင့်လဲဆိုတော့ မိတ်ကပ်တွေကို လိမ်းပြီး မဖျက်မိရင် ဒါတွေ ဖြစ်လာနိုင်လို့ပါပဲ။
၁။ ဝက်ခြံတွေ ဖြစ်ပြီဆိုရင် ဖြစ်နေတဲ့ အချိန်မှာ အလှအပ ပျက်စီးစေသလို တစ်ခါတစ်လေမှာ အမာရွတ်တွေပါ ကျန်ခဲ့တတ်တော့ ဝက်ခြံမပေါက်ဖို့ကို ပျိုမေတိုင်း အလေးထားတတ်ကြပါတယ်။
ဒါပေမဲ့ မျက်နှာပေါ်က မိတ်ကပ်တွေကို မဖျက်ပဲ အိပ်မယ်ဆိုရင်တော့ ဝက်ခြံတွေကို ဖြစ်စေနိုင်ပါတယ်။
ဘာကြောင့်လဲဆိုရင်တော့ အလှအပအတွက် လိမ်းရတဲ့ ဒီအလှပြင်ပစ္စည်းတွေဟာ မဖျက်ပဲထား ခဲ့ရင် ကြာလာတဲ့အခါမှာ မျက်နှာပေါ်က ချွေးပေါက်တွေကို ပိတ်စေသလို ဒါတွေကြောင့် မျက်နှာပေါ်က ဆဲလ်သေတွေကိုလည်း ကောင်းကောင်းမဖယ်ရှားနိုင်တော့တဲ့ အတွက်ပါပဲ။
၂။ မျက်နှာပေါ်က ချွေးပေါက်တွေကို ပိတ်စေတာဟာ ဝက်ခြံတွေကို ဖြစ်စေရုံသာမကပဲ မျက်နှာအလှအပကို ဖျက်ဆီးတတ်တဲ့ အမဲစက်တွေကိုလည်း ဖြစ်စေနိုင်ပါတယ်။
၃။ မျက်တောင်ကော့ဆေးတွေကိုမဖျက်ပဲ အကြာကြီးထားမိတဲ့ အခါ မျက်တောင်တွေပါးလာပြီး ကျွတ်ထွက်လာနိုင်ပါတယ်။
၄။ ထို့အတူ မျက်တောင်ကော့ဆေးတွေ၊ eye shadow တေ၊ွ eye liner တွေကို မဖျက်ပဲအိပ်သွားမိခဲ့ရင် အိပ်နေတဲ့အခါ မသိလိုက်ပဲ လက်နဲ့ပွတ်မိတဲ့အချိန်မျိုးမှာ မျက်စိစပ်တာ မျက်စိထဲတစ်ခုခုဝင်သွားသလိုမျိုး ခံစားရတာတွေ ဖြစ်တာတွေ ရှိနိုင်ပါတယ်။ အဆိုးဆုံးကတော့
အခန့်မသင့်ရင် မျက်လုံးထဲ ပိုးဝင်သွားနိုင်ပြီး အမြင်အာရုံပါ ပျက်စီးသွားနိုင်ပါတယ်။
၅။ နှုတ်ခမ်းနီတွေ မဖျက်ပဲအိပ်မိတဲ့အခါမျိုးမှာလည်း နှုတ်ခမ်းတွေဟာ ခြောက်သွေ့ ပျက်စီးလာနိုင်ပါတယ်။ နှုတ်ခမ်း အရေပြားတွေ လန်တဲ့အထိ ဖြစ်နိုင်လို့ နဂို ဘာမှမလိမ်းပဲထားတဲ့ နှုတ်ခမ်းကတောင် ပိုပြီးလှပမယ်လို့ တောင် သင့်ကို ခံစားလာရစေမှာပါ။
၆။ မိတ်ကပ်တွေကို မဖျက်ပဲ Skin care တွေလိမ်းမယ်ဆိုရင်တော့ အလကားပိုက်ဆံ ဖြုန်းတီးနေသလိုဖြစ်မှာပါပဲ။ မဖျက်ပဲ ထားမိတဲ့ ဒီမိတ်ကပ်တွေဟာ Skin care စုပ်ယူမှုကို နှောင့်ယှက်တဲ့အတွက် Skin care အာနိသင်ကို အပြည့်အဝ သင်ရမှာ မဟုတ်ပါဘူး။ Skin care ကထိန်းသိမ်းပေးမယ့် အစိုဓာတ်တွေ မရတဲ့အခါ အသားခြောက်တာတွေ ဖြစ်လာပါလိမ့်မယ်။
၇။ မိတ်ကပ်တွေမှာ ပါတဲ့ ဓာတုဓါတ်ပေါင်းတွေကို အရေပြားပေါ်မှာ ကြာကြာထားမယ်ဆိုရင်တော့ အရွယ်မတိုင်ခင် အိုမင်းရင့်ရော်ခြင်းကိုလည်း ဖြစ်စေမှာပါပဲ။
ဒါကြောင့် ဒီလိုတွေ မဖြစ်ရအောင် မိတ်ကပ်တွေလိမ်းပြီးရင် စနစ်တကျ ပြန်ဖျက်ကြဖို့ တိုက်တွန်းလိုပါတယ်။
Dr.မွှေး