လိင်လမ်းရေယုံ အကြောင်းသိကောင်းစရာ
လိင်လမ်း ရေယုံဆိုတာဘာလဲ?
-လိင်လမ်းရေယုံဆိုတာ လိင်မှတဆင့်ကူးစက်တတ်သောရောဂါဖြစ်ပါတယ်။ နာကျင်စေသော ရေယုံဖုလေးများ ပေါက်စေတတ်သော ရောဂါဖြစ်ပြီး WHO စစ်တမ်းများ အရ အသက် ၁၄ မှ ၄၉ နှစ်ရှိသော လူများ၏ ၁၆ ရာခိုင်နှုန်းမှာ လိင်လမ်းရေယုံဖြစ်ပွားနေကြောင်းတွေ့ရပါတယ်။
-လိင်လမ်းရေယုံ ဖြစ်စေသော ဗိုင်းရပ်စ် ၂ မျိုးရှိပါတယ်။ HSV-1 နှင့် HSV-2 တို့ဖြစ်ပါတယ်။ အဆိုပါဗိုင်းရပ်စ်များမှာ ခန္တာကိုယ်ရှိ အကျိအချွဲ အလွှာ (လိင်အင်္ဂါ၊ နှာခေါင်း နှင့် ပါးစပ်) မှတဆင့် ဝင်ရောက်နိုင်ပါတယ်။
-HSV-1 နှင့် HSV-2 ကို ရောဂါရှိသူ၏
- တံတွေး
- သုတ်ရည် နှင့်
- မိန်းမကိုယ် အစရှိသော ခန္တာကိုယ်မှထွက်သော အရည်များတွင်တွေ့ရှိနိုင်ပါတယ်။
ဘယ်လိုကူးစက်တတ်လဲ?
-ရောဂါရှိသူ အသုံးပြုထားသော ပစ္စည်းအားကိုင်တွယ်ခြင်း၊ တပါတ်အတူသုံးခြင်း စသည့်နည်းများဖြင့်မကူးစက်နိုင်ပါ။ အဓိကအားဖြင့်အောက်ပါနည်းလမ်းများဖြင့်ကူးစက်နိုင်ပါတယ်။
- အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်း
- ပါးစပ်ဖြင့်ဆက်ဆံပေးခြင်း
- လိင်ဖျော်ဖြေရေးပစ္စည်းများအားအတူမျှသုံးခြင်း တို့ဖြင့်ကူးနိုင်သည့် အပြင် ရောဂါရှိသူ ကိုယ်ဝန်ဆောင်မိခင်မှာ မွေးဖွားစဉ် အနာပေါက်နေပါက ကလေးအားကူးစက်နိုင်ပါတယ်။
ဘယ်လိုရောဂါလက္ခဏာတွေပြတတ်လဲ?
ရောဂါလက္ခဏာပြရန် ၂ ရက်မှ လပိုင်း အထိကြာတတ်ပါတယ်။
-အမျိုးသားများတွင် လိင်အင်္ဂါ၊ ကပ္ပါယ်အိတ် နှင့် တင်ပါး တဝှိုက်တွင် အရည်ကြည်ဖုများပေါက်ခြင်း
-အမျိုးသမီးများတွင် မိန်းမကိုယ်၊ စအို နှင့် တင်ပါးတွင် အရည်ကြည်ဖု ပေါက်ခြင်းတို့ ဖြစ်တတ်ပါတယ်။
-အမျိုးသားရော အမျိုးသမီး များပါဖြစ်တတ်တဲ့ ရောဂါတွေကတော့
- ပါးစပ်၊ နှုတ်ခမ်း၊ မျက်နှာ နှင့် အခြားသော နေရာများ (အထူးသဖြင့် ရောဂါနှင့် ထိတွေ့မိသောနေရာများ) တွင် အရည်ကြည်ဖုများပေါက်ခြင်း
- တခါတရံ အရည်ကြည်ဖု မပေါက်ခင် အဆိုပါနေရာများ ဦးစွာ ယားယံတတ်ခြင်း
- အရည်ကြည်ဖု များပေါက်ပြီး အနာဖြစ်ခြင်း
- ပြန်ရည်ကျိတ်ကြီးခြင်း
- ခေါင်းကိုက်ခြင်း၊ ဖျားခြင်း နှင့် ကိုယ်လက်များ နာကျင်ကိုက်ခဲ ခြင်းတို့ဖြစ်တတ်ပါတယ်။
ထို့အပြင် ရေယုံဖြင့် မွေးသောကလေးများ (ပုံမှန်မွေးရာတွင် အမေမှ ကူးစက်ခံရသော ကလေးငယ်များ) ၏ မျက်နှာ၊ ခန္တာကိုယ် နှင့် လိင်အင်္ဂါတို့တွင် အနာများ ပေါက်လာတတ်ပါတယ်။ လိင်လမ်းရေယုံဖြင့်မွေးဖွားလာသောကလေးများမှာ
- မျက်စိကွယ်ခြင်း
- ဦးနှောက်ပျက်စီးခြင်း
- သေဆုံးခြင်း အစရှိသော ပြင်းထန်သည့်ဆိုးကျိုးများဖြစ်နိုင်သောကြောင့် ကိုယ်ဝန်ဆောင်အမေ များ အနေဖြင့် မိမိတွင် လိင်လမ်းရေယုံ ရှိကြောင်းဆရာဝန်အားကြိုတင်အသိပေးထားသင့်ပါတယ်။ ထိုမှသာ မွေးလာမည့် ကလေးအားရောဂါ မကူးစက်စေရန် ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။
ဘယ်လိုကုသမလဲ?
-ရောဂါ သက်သာစေရန် ကုသ၍ရသော်လည်း အရှင်းပျောက်ရန် ကုသမှုမရှိပေ။
-ဗိုင်းရပ်စ်သက်ဆေးများသည် ရောဂါသက်သာစေမှုကိုမြန်ဆန်စေပါတယ်။ ရောဂါလက္ခဏာ ဦးစွာပြသချိန်တွင် စတင်သောက်သုံးသင့်ပါတယ်။
-နာကျင်မှု သက်သာရန် အတွက် အကိုက်အခဲပျောက်ဆေးသောက်သုံးနိုင်ပါတယ်။
-အနာအားရေချိုးစဉ် ပိုးသတ်ဆေးအပျော့စားနှင့်ဆေးသင့်ပါတယ်။
-ရေနွေးနှင့်ချိုးသင့်ပါတယ်။
-ထို့အပြင် အနာနေရာအား သန့်ရှင်းခြောက်သွေ့အောင်ထားသင့်ပါတယ်။
-အနာရှိသောနေရာတွင် အဝတ်အစား ကြပ်ကြပ် မဝတ်သင့်ပါ။ ပွပွချောင်ချောင်သာဝတ်ဆင်သင့်ပါတယ်။
လိင်လမ်းရေယုံရှိလျှင်ရေရှည်လုပ်ဆောင်ရမည့်အရာများ
-အကာအကွယ်မဲ့ လိင်ဆက်ဆံခြင်းကိုရှောင်ကျဉ်သင့်ပါတယ်။ လိင်ဆင်ဆံတိုင်း ကွန်ဒုံးအသုံးပြုသင့်ပါတယ်။
-ရောဂါလက္ခဏာပြသစဉ်တွင် မည်သည့်လိင်ဆက်ဆံမှုမှမပြုသင့်ပါ။
-တစ်လင်တစ်မယား စနစ်ကျင့်သုံးသင့်ပါတယ်။(လိင်ဆက်ဆံဖော် အများအပြားမထားသင့်ပါ)
-လိင်လမ်းရေယုံသည်ပျောက်အောင်ကုသ၍ မရပေ။ ရောဂါသည် ငုပ်နေတတ်ပြီး ပင်ပန်းလျှင်၊ ဖျားလျှင် နှင့် ကိုယ်ခံအားနည်းလျှင်ပေါ်လာတတ်သောကြောင့် ကိုယ်ခံအားမကျ စေရန်သတိပြုရမည်ဖြစ်ပါတယ်။
Dr. Z