ကျား/မ မရွေး ဖြစ်ပွားခံစားနေရသည့် အလှအပဆိုင်ရာ ကျန်းမာရေးပြဿနာ တခုဟုဆိုလျှင် ဝက်ခြံပြဿနာဟုပင် ဆိုနိုင်မည်ဖြစ်သလို ဖြစ်ပွားနေစဉ် အလွန် နေရခတ်နိုင်သလို ဖြစ်ပွားပြီးလျှင်လည်း အမဲစက်များ ကျန်နေနိုင်သည့် စိတ်ကသိ ကအောင့် ဖြစ်ရသည့် ပြဿနာတရပ်ဖြစ်သည်။ လူတဦးနှင့်တဦး အသားအရည်ပုံစံ မတူသလို ဖြစ်ပွားစေတတ်သည့် အကြောင်းအရင်းများလည်း များစွာရှိပြီး ကုသနိုင်မည့် နည်းလမ်းများ အနေနှင့်လည်း တဦးနှင့်တဦး မတူညီနိုင်ပေ။
ဈေးကွက်အတွင်း အလွယ်တကူဝယ်ယူရရှိနိုင်သည့် ဝက်ခြံသက်သာ ပျောက်ကင်းစေသည့် ဆေးဝါးများ၊ အလှကုန်များ များစွာရှိနေသော်လည်း ဖြစ်ပွားရသော အကြောင်းအရင်းအလိုက် သင့်တော်သော နည်းလမ်းများ၊ ဆေးဝါးများကို ရွေးချယ် အသုံးပြုမှသာ သက်သာမည်ဖြစ်သဖြင့် အခြားလူတဦးတွင် သက်သာပျောက်ကင်းတိုင်း မိမိတွင်ပါ သက်သာပျောက်ကင်းလိမ့်မည်ဟု တထစ်ချ ယူဆ၍ ရမည်မဟုတ်ပေ။ မိမိတွင်ဖြစ်ပွား ခံစားနေရသော ဝက်ခြံပြဿနာ ပျောက်ကင်းသက်သာရန်အတွက် မိမိတွင်သာ တာဝန်ရှိသည်ဖြစ်သဖြင့် မိမိနှင့် သင့်တော်သော နည်းလမ်းကို စနစ်တကျ ရွေးချယ်အသုံးပြုတတ်ရန်လိုသည်။
ဖြစ်ပွားစေတတ်သည့် အခြေအနေနှင့် သက်သာစေသည့် နည်းလမ်းများ
- လူပျို / အပျိုဖော်ဝင်စတွင် ဟော်မုန်းများ ပြောင်းလဲခြင်းကြောင့်ဖြစ်သော ဝက်ခြံများ
- သားဆက်ခြားဆေးဝါးများ၏ နောက်ဆက်တွဲကြောင့်ဖြစ်တတ်သော ဝက်ခြံများ
- အချို့သော အမျိုးသမီး မီးယမ်ရောဂါများတွင်ဖြစ်သော ဝက်ခြံများ
- အဆီပြန်သော အရေပြားတွင်ဖြစ်တတ်သော ဝက်ခြံများ
- စိတ်ဖိစီးမှုများခြင်းကြောင့် ဖြစ်တတ်သော ဝက်ခြံများ
- ဖုန်မှုန့်၊ သဲမှုန့်များ ကပ်ညိခြင်းကြောင့်ဖြစ်သော ဝက်ခြံများ
- အလှကုန်ပစ္စည်းများ မှားယွင်းစွာအသုံးပြုမိခြင်းကြောင့် ဝက်ခြံများဖြစ်တတ်ခြင်း
- အချို့သော ဆေးဝါးများကြောင့်ဖြစ်တတ်သော ဝက်ခြံများ
စသည်ဖြင့် ဖြစ်ပွားရသော အကြောင်းအရာများ များစွာရှိသည်။ ဆယ်ကျော်သက် အရွယ်များတွင် အမျိုးသားများက အမျိုးသမီးများထက်ပိုမိုဖြစ်ပွားနိုင်ခြေရှိသော်လည်း အပျိုဖော်ဝင်ပြီးချိန်မှစ၍ အမျိုးသမီးများတွင် ပိုမို၍ဖြစ်ပွားခံစားရနိုင်သည်။ အထူးသဖြင့် မျိုးရိုးအတွင်း ဝက်ခြံပြဿနာ ခံစားနေရသူများတွင် ပိုမိုဖြစ်ပွားလွယ်သည်။
ဖြစ်ပွားရသော အကြောင်းအရင်းကိုလိုက်၍ အချိန်ကြာမြင့်စွာ ခံစားနေရလျှင် အလွယ်တကူ ပျောက်ကင်းနိုင်ခြင်းမရှိသည့် အမာရွတ်များဖြစ်ပေါ်လာနိုင်ပြီး စိတ်ဓာတ်ကျဆင်းလာနိုင်ခြင်း၊ မိမိကိုယ်မိမိ ယုံကြည်မှုလျော့နည်းလာခြင်း၊ စိတ်ဖိစီးမှု များလာနိုင်ခြင်း စသည်ဖြင့် ခံစားရနိုင်သည်။
ဝက်ခြံပြဿနာ ခံစားနေရလျှင်
- တကိုယ်ရည်သန့်ရှင်းမှုကို ဂရုစိုက်ရန် အလွန်အရေးကြီးပြီး
- ရေများများသောက်ပေးခြင်း၊
- မျက်နှာအားလက်ဖြင့် ကိုင်တွယ်မှုမပြုခြင်း၊
- လက်ဆေးခြင်း၊
- ညအိပ်ယာဝင်ခါနီးတိုင်း မျက်နှာသစ်ပေးခြင်း၊
- အိပ်ရေးဝဝ အိပ်စက်ခြင်း၊
- သင့်တင့် မျှတသော အစားအသောက်များကိုသာ ရွေးချယ်စားသုံးခြင်းနှင့်
- မိမိနှင့်သင့်တော်သော အလှကုန်ပစ္စည်းများကိုသာ ရွေးချယ် အသုံးပြုခြင်း
စသည်တို့ဖြင့် ဝက်ခြံ ပြဿနာကို သက်သာပျောက်ကင်း စေနိုင်သည်။
မသက်သာသူများ အနေနှင့် နားလည် တတ်ကျွမ်းသောအထွေထွေရောဂါကု ဆရာဝန် / ပြင်းထန်လွန်းလျှင် အရေပြားအထူးကု ဆရာဝန် တိုင်ပင်ပြီး လိုအပ်သော ဆေးဝါးများဖြင့် (လူးဆေး၊ သောက်ဆေးများ) ကုသမှု ခံယူရနိုင်သည်။
ဆေးဝါးများဖြင့် မသက်သာသူ၊ အမာရွတ်များထင်ကျန်နေသူများအနေနှင့် နောက်ဆုံးပေါ် လေဆာဖြင့်ကုသသောနည်းလမ်းများဖြင့်ကုသမှုခံယူနိုင်သည်။
ဈေးကွက်အတွင်း အလွယ်တကူဝယ်ယူရရှိနိုင်သည့် ဝက်ခြံပျောက်ကင်းစေသည့် လူးဆေး၊ သောက်ဆေးများတွင် မျက်နှာအရေပြားအတွက် မသင့်တော်သည့် ဓာတ်ပစ္စည်းများ ပါဝင်နေနိုင်ပြီး ဓာတ်မတည့်မှုဖြစ်ခြင်းနှင့် အစပိုင်းတွင် သက်သာသလို ဖြစ်နေနိုင်သော်လည်း အချိန်ကြာလာသည်နှင့် ပိုမိုဆိုးရွား ပြင်းထန်စွာ ခံစားရလာခြင်းများ ဖြစ်နိုင်သဖြင့် မည်သည့် ဆေးဝါးကိုမဆို အသုံးမပြုမီ နီးစပ်ရာ ဆရာဝန်နှင့် တိုင်ပင်ပြီးမှသာ အသုံးပြုသင့်သည်။
ဝက်ခြံပြဿနာအတွက် သင့်တော်သော နည်းလမ်းဖြင့် သက်သာပျောက်ကင်းကြပါစေ။
Dr. တင့်တယ်