လက်တုန်ခြေတုန်ရောဂါ(Parkinson’s Disease)
Parkinson’s Disease (ပါကင်ဆန်ရောဂါ) ကို လက်တုန်၊ ခြေတုန်ရောဂါ လို့ အရပ်ထဲမှာခေါ်လေ့ရှိပါတယ်။
ဒီရောဂါနာမည်ဟာ ၁၈၇၁ ခုနှစ်တုန်းက လက်တုန်၊ ခြေတုန် ဖြစ်ခြင်းအကြောင်း လေ့လာပြီး စာတမ်းပြုစုခဲ့သူ အင်္ဂလိပ်လူမျိုးဒေါက်တာ James Parkinson (ဂျိမ်းစ် ပါကင်ဆန်) အား ဂုဏ်ပြုသောအားဖြင့် Parkinson’s Disease (ပါကင်ဆန်ရောဂါ) လို့ မှည့်ခေါ်ထားခြင်းဖြစ်ပါတယ်။
လေ့လာချက်တွေအရ ၂၀၁၅ ခုနှစ်မှာ ပါကင်ဆန်ရောဂါခံစားနေရသူဦးရေဟာဆိုရင် တစ်ကမ္ဘာလုံးအနေနဲ့ ၆ ဒသာမ ၂ သန်းခန့်ထိရှိနေပါတယ်။ အဲ့ထဲကမှ လူဦးရေ တသိန်းနှစ်သောင်းနီးပါးဟာ ဒီရောဂါနဲ့ အသက်သေဆုံးခဲ့ရပါတယ်။
ဒါပေမယ့်ဒီရောဂါဟာ ခုချိန်ထိကို လူထုအကြားမှာစိတ်ဝင်စားမှုနည်းနေပါတယ်။
ဒါကြောင့် ပါကင်ဆန်ရောဂါ လူထုကသတိထားအလေးထားမိအောင် နှစ်စဉ် ဧပြီလ ၁၁ ရက်နေ့ကို ကမ္ဘာ့ပါကင်ဆန်နေ့အဖြစ်သတ်မှတ်ထားပြီး ရောဂါရဲ့သင်္ကေတအနေနဲ့ကတော့ အနီရောင်ကျူးလစ်ပန်း ကိုသတ်မှတ်ကာ နှစ်စဉ်အဲ့နေ့မှာ ပါကင်ဆန်ရောဂါအကြောင်းစာတမ်းဖတ်ပွဲတွေ၊ ဟောပြောမှုတွေ၊ လှုံ့ဆော်မှုတွေ၊ ဇာတ်လမ်းတွေလွှင့်တာမျိုးတွေလုပ်ကြပါတယ်။
ပါကင်ဆန်ရောဂါ ဟာ အသက် ၆၀ ကျော် အရွယ်တွေမှာ အဖြစ်များလေ့ရှိပြီး အမျိုးသားတွေမှာ ပိုအဖြစ်များပါတယ်။
ပါကင်ဆန်ရောဂါဟာ ခန္ဓာကိုယ်ရဲ့လှုပ်ရှားသွားလာမှုတွေကို ထိန်းချုပ်တဲ့ ဗဟိုအာရုံကြောစနစ်ကို ထိခိုက်ပျက်စီးစေတဲ့ ဦးနှောက်နဲ့အာရုံကြောဆိုင်ရာရောဂါတစ်မျိုးဖြစ်ပါတယ်။
ရောဂါလက္ခဏာတွေအနေနဲ့ကတော့
- လှုပ်ရှားမှုတွေနှေးပြီး စနစ်မကျတာ
- အနားယူနေချိန် (ထိုင်နေချိန်၊ အိပ်နေချိန်)တွေမှာ ခြေလက်တွေ၊ မေးစေ့မေးရိုးတွေအလိုလိုလှုပ်နေတာတုန်နေတာ
- ကြွက်သားတွေတောင့်တင်းပြီး နာကျင်နေတာ
- ကိုယ်ခန္ဓာဟန်ချက်မညီတာမထိန်းနိုင်တာကြောင့် လမ်းလျှောက်တဲ့အခါချော်လဲကျမတတ်ဖြစ်တာ
- ကိုယ်တစ်ခြမ်းမှာ ကတုန်ကယင်ဖြစ်လာတာ
- လက်ရေးလက်သားပြောင်းသွားတာ
- လမ်းလျှောက်တဲ့အခါ လက်မောင်းတဖက်က တခြားတဖက်လိုမျိုး လွဲလို့မရတာ
- အနံ့ကောင်းစွာခံမရတော့တာ
- စကားသံကြားနိုင်စွမ်းနဲ့ နားလည်နိုင်စွမ်းတွေခက်ခဲတာ တွေ ခံစားရနိုင်ပါတယ်။
- ရောဂါပိုဆိုးလာတဲ့အခါမှာ မှတ်ဉာဏ်တွေချို့ယွင်းလာတာ၊ စိတ်ကျရောဂါဖြစ်လာတာတွေပါ ခံစားရနိုင်ပါတယ်။
ပါကင်ဆန်ရောဂါကို ဖြစ်စေသော အကြောင်းအရင်းအတိအကျကိုတော့ ခုထိသေချာမသိသေးပါ။
သို့သော် ပါကင်ဆန်ရောဂါဟာ မိမိ မိသားစုထဲမှာ ဒီရောဂါဖြစ်ဖူးတဲ့မိသားစုရာဇဝင်ရှိသူတွေ၊ ပိုးသတ်ဆေး၊ ပေါင်းသတ်ဆေး စတဲ့ဓါတုအဆိပ်တွေနဲ့ထိတွေ့နေရတဲ့သူတွေ၊ အရင်က ခေါင်းမှာထိခိုက်ဒဏ်ရာရဖူးတဲ့သူတွေ မှာဆိုရင် ပိုဖြစ်နိုင်ခြေများတယ်လို့ သုတေသနပညာရှင်တွေကပြောထားပါတယ်။
ဒီရောဂါဟာ အခြားရောဂါတွေလို ရောဂါဟုတ်မဟုတ်သိဖို့ လုပ်လို့ရတဲ့စစ်ဆေးမှုတွေ မရှိပါဘူး။
အခြားရောဂါနဲ့ခွဲဖို့ စီတီရိုက်တာ၊ အမ်အာအိုင်ရိုက်တာမျိုးတော့ရှိပါတယ်။
ရောဂါဟုတ်မဟုတ်ကိုတော့ လူနာအခြအနေရယ်၊ ရောဂါလက္ခဏာတွေပေါ်ရယ်ပဲ မူတည်ပြီးဆုံးဖြတ်ရပါတယ်။
ဒါကြောင့် သင့်မှာအထက်က ဖော်ပြထားတဲ့လက္ခဏာတွေထဲကအချို့ ခံစားနေရပြီဆိုရင် ဦးနှောက်နဲ့အာရုံကြောဆရာဝန်နဲ့ သုံးလေးကြိမ်လောက် စမ်းသပ်စစ်ဆေးဖို့လိုပါတယ်။
ကုသမှုအနေနဲ့ပြောရရင်လည်း ပါကင်ဆန်ရောဂါက အရှင်းပျောက်အောင်ကုသလို့မရတဲ့ရောဂါပါ။
ဒါပေမယ့် ခံစားနေရတဲ့ရောဂါလက္ခဏာတွေဖြစ်တဲ့ ခြေတုန်တာ၊ လက်တုန်တာ၊ ဟန်ချက်မညီတာတွေသက်သာအောင် သောက်ဆေးသောက်တာ၊ထိုးဆေးထိုးတာ၊ ခွဲစိတ်တာ၊ ကိုယ်ကာယပြန်လည်သန်စွမ်းရေးဆရာဝန်နဲ့ပြသပြီး လေ့ကျင့်ခန်းတွေလုပ်တာတွေ လုပ်လို့ရပါတယ်။
ဒီလိုတွေကုသမှုခံယူမယ်ဆိုရင် ခံစားနေရတဲ့လက္ခဏာတွေအထိုက်အလျောက်သက်သာပြီး သက်တမ်းစေ့နေနိုင်ဖို့များပါတယ်။
Dr. 528