ခဏခဏ “အင်ပြင်” ထတတ်တာ ဘာကြောင့်လဲ
အင်ပြင်ထတယ်ဆိုတာဟာ အရေပြားပေါ်မှာ ယားယံလာပြီး အနီရောင်ပြင်ထူထူဖီးဖီးအကွက်တွေ ဖြစ်ပေါ်လာတာပါ။
အင်ပြင်ထတာကို ဆေးပညာအရ Hives သို့မဟုတ် Urticaria လို့ခေါ်ပါတယ်။
ထိုအနီပြင်ထူထူအကွက်နေရာတွေက မခံမရပ်နိုင်အောင် ယားယံလေ့ရှိပါတယ်။ ကုတ်လေ ပိုယားလေပါပဲ။
အင်ပြင်ထရတဲ့ အကြောင်းတွေကတော့ အများကြီးပါ။
မိမိနဲ့ ဓါတ်မတည့်တဲ့ ဆေးဝါး၊ အစားသောက် တို့ကို စားမိသောက်မိတဲ့အခါ၊ မိမိနဲ့ဓါတ်မတည့်တဲ့ အငွေ့အမှုန်တွေကို ရှုမိတဲ့အခါ၊ မိမိနဲ့ဓါတ်မတည့်တဲ့ အရာတွေကို ထိမိတဲ့အခါတွေမှာ မိမိခန္ဓာကိုယ်ကနေ histamine (ဟစ်စတာမင်း) ခေါ် ဓါတ်ပစ္စည်းတမျိုး ထွက်လာခြင်းကြောင့် ဖြစ်နိင်သလို
ဗိုင်းရပ်စ်ပိုး၊ ဘက်တီးရီးယားပိုး ဝင်ရောက်ကူးစက်ခံရပြီး ခန္ဓာကိုယ်ခုခံအားစနစ်က ထိုပိုးတွေကို တိုက်ထုတ်ရာမှ ဘေးထွက်ဆိုးကျိုးအနေနဲ့လည်း ဖြစ်နိုင်ပါတယ်။
ဒါ့အပြင် အကောင်ကိုက်မိတာကြောင့်၊ ရေအေးအေးချိုးမိတာကြောင့်၊ စိတ်လှုပ်ရှားမှု များတာကြောင့်၊ တုန်ခါမှုကြောင့် စတဲ့အကြောင်းတွေကြောင့်လည်း အင်ပြင်ထနိုင်ပါတယ်။
အင်ပြင်ထတဲ့အခါမှာ အများအားဖြင့် ရက်တိုတိုနဲ့ပြန်ပျောက်သွားလေ့ရှိပါတယ်။
သို့သော် တခါတရံမှာ လနဲ့ချီ နှစ်နဲ့ချီပြီး နာတာရှည်လိုမျိုးလည်းဖြစ်တတ်ကာ ဘာကြောင့်ဒီလို နာတာရှည်ဖြစ်ရတာလဲဆိုတဲ့ အကြောင်းရင်းကိုလည်း ရှာမရတတ်ပါဘူး။
အင်ပြင်ထတဲ့အခါ ယားယံပြီး အနီပြင်အကွက်တွေထတာအပြင် နှလုံးခုန်မြန်တာ ရင်တုန်တာ အသက်ရှုကြပ်လာကာ မူးမေ့လဲတာတွေအထိပါဖြစ်နိုင်ပါတယ်။
အဲ့ဒါမျိုးတွေဖြစ်လာပြီဆိုရင်တော့ နီးစပ်ရာဆေးရုံကို အမြန်ဆုံး သွားဖို့လိုပါတယ်။
သာမန်ယားပြီး အနီပြင်ထတာမျိုးလောက်ဆိုရင်တော့ အယားသက်သာအောင်ရေခဲ သို့မဟုတ် ရေအေးဖတ် (Wet tissue) ကပ်နိုင်ပါတယ်။
မကုတ်မိအောင် သတိထားနေပါ။
လိမ်းဆေးအနေနဲ့ကတော့ Caladyl သို့မဟုတ် Calamine သို့မဟုတ် Mezincal lotion တခုခုလိမ်းနိုင်ပါတယ်။
သောက်ဆေးအနေနဲ့ကတော့ ဆေးဆိုင်တွေမှာ အလွယ်တကူဝယ်ယူရရှိနိုင်သော ယားယံပျောက်ဆေး တွေဖြစ်တဲ့ Cetirizine သို့မဟုတ် Burmeton တပြားသောက်နိုင်ပါတယ်။ဘေးထွက်ဆိုးကျိုးအနေနဲ့ကတော့ အိပ်ငိုက်တာမျိုးဖြစ်စေနိုင်ပါတယ်။
ဒီလိုမျိုးတွေလုပ်လို့မှ မသက်သာရင် သို့မဟုတ် နာတာရှည်လိုမျိုးဖြစ်နေရင်တော့ ပိုပြီးထိရောက်တဲ့ကုသမှုတွေလိုအပ်လို့ အရေပြားဆရာဝန်နဲ့ပြဖို့လိုပါတယ်။
အင်ပြင်ထခြင်း ဖြစ်ပွားနိုင်ခြေနည်းအောင်ကတော့ အငွေ့အမှုန်ရှောင်ပါ။အပြင်ထွက်ရင်နှာခေါင်းစည်းတပ်ပါ။ မိမိနဲ့ဓါတ်မတည့်တာတွေရှိပါက သေချာမှတ်သားထားပြီး မစားမသောက်မိ မထိမိအောင် ရှောင်ပါ။ လေးလတကြိမ် ပုံမှန်သန်ချပါ။ ဗိုက်တာမင်စီတနေ့တပြားသောက်ပါ။
Dr 528