ယခုခေတ်သည် ပြိုင်ဆိုင်မှုများ ၊ လိုအပ်ချက်များများပြားလာသည်နှင့် တကွ စိတ်ဖိစီးမှုများနှင့် လူတိုင်းတွေ့ကြုံရင်ဆိုင်နေရသည် ။ ထိုစိတ်ဖိစီးမှုများသည် အဝလွန်ရောဂါများ ၊ သွေးတိုးရောဂါများ ၊ နှလုံးရောဂါများ ၊ စိတ်ဓာတ်ကျခြင်းများကို ဖြစ်စေရုံမျှမကအစာအိမ်နာရောဂါများကိုလည်းဖြစ်စေနိုင်ပါသည် ။
လူတစ်ယောက် စိတ်ဖိစီးမှုများတွေ့ကြုံရသည့် အခါတွင် ခန္ဓာကိုယ်အတွင်းဟော်မုန်းများ ထွက်စေသည် ။ ထိုဟော်မုန်းများသည် နှလုံးခုန်မြန်စေခြင်း ၊ သွေးဖိအားမြင့်မားစေခြင်း ( သွေးတိုးခြင်း ) များ ဖြစ်စေသည့်အပြင် အစာအိမ်အတွင်းအက်ဆစ်ထွက်ခြင်းများကိုများပြားစေခြင်းဖြင့် အစာအိမ်ယောင်ရမ်းခြင်းများကို ဖြစ်ပေါ်စေနိုင်ပါသည်။
ထို့အပြင် စိတ်ဖိစီးမှုများသည် ခေါင်းကိုက်ခြင်းကိုလည်း ဖြစ်ပေါ်စေတတ်ပြီးထိုခေါင်းကိုက်ခြင်းကိုပျောက်ကင်းစေသည့် အကိုက်အခဲပျောက်ဆေးများသည်လည်းအစာအိမ်ယောင်ရမ်းခြင်းကို ဖြစ်ပေါ်စေနိုင်သည်။
အစာအိမ်ယောင်ရမ်းလျှင် မည်သို့ခံစားရမည်နည်း?
-ရင်ပြည့်ရင်ကယ်ဖြစ်ခြင်း
-အစာမကြေခြင်း
-ပျို့အန်ခြင်း
-လေပွခြင်း
-ရင်ပူခြင်း
-ကြို့ထိုးခြင်း
-ဗိုက်အောင့် ဗိုက်နာခြင်း
-အစာစားချင်စိတ်မရှိခြင်း
ရောဂါဆိုးဝါးလျှင် ကော်ဖီရောင်အန်ခြင်း ၊ ကတ္တရာစေးကဲ့သို့ ဝမ်းမဲမဲများသွားခြင်းများ ဖြစ်တတ်ပါသည်။
အစာအိမ်ယောင်ရမ်းလျှင် မည်သို့ပြုလုပ်သင့်သနည်း ?
နီးစပ်ရာဆေးရုံဆေးခန်းများမှ တတ်ကျွမ်းနားလည်သည့် ဆရာဝန်များနှင့် ဆွေးနွေးတိုင်ပင် ကုသခြင်း
-အပူအစပ်ပါသောအစားအစာများကိုရှောင်ကြဉ်ခြင်း
-အဆာမခံခြင်း ( အစားအစာများကိုနည်းနည်းနှင့် မကြာခဏစားပေးခြင်း )
-ဆေးလိပ်နှင့် အရက်သေစာများကိုရှောင်ကြဉ်ခြင်း
-အစာစားချိန် ပုံမှန်ထားရှိခြင်းများအပြင်
-စိတ်ဖိစီးမှု လျော့ချခြင်းများကိုလည်း ပြုလုပ်သင့်သည်။
-စိတ်ဖိစီးမှုများကိုမည်ကဲ့သို့ လျော့ချမည်နည်း။
-အိပ်ချိန် လုံလောက်စွာထားရှိခြင်း
-လေ့ကျင့်ခန်းပြုလုပ်ခြင်း
-အာဟာရ မျှတစွာစားသုံးခြင်း
-အနားယူချိန် ထားရှိခြင်း ( သီချင်းနားထောင်ခြင်း ၊ စာအုပ်ဖတ်ခြင်း )
-အသက်ရှု လေ့ကျင့်ခန်းပြုလုပ်ခြင်း
-တရားထိုင်ခြင်း
-အရာရာအပေါ်တွင် အကောင်းမြင်စိတ်မွေးမြူခြင်း
-မိတ်ဆွေ သူငယ်ချင်းအပေါင်းအသင်းများနှင့် စကားပြောခြင်း
ဤကဲ့သို့သောနည်းလမ်းများအားဖြင့် မိတ်ဆွေများ၏ စိတ်ဖိစီးမှုများကိုလျော့ချနိုင်ကြပြီးစိတ်ဖိစီးမှုများကြောင့် ဖြစ်ပွားသောအစာအိမ်ရောဂါများကင်းဝေးနိုင်ကြစေရန် ဆုမွန်ကောင်းတောင်းအပ်ပါသည်။
Author – Win May