ဆေးသောက်လို့ မပျောက်တဲ့ ဂရင်ဂျီနာ
ဂရင်ဂျီနာဖြစ်ပြီဆိုရင် ဖင်တစိုစိုနဲ့နေရထိုင်ရခက်ပြီး စိတ်ကသိကအောင့်ဖြစ်ရပါတယ်။
ဂရင်ဂျီနာ ဆိုတာဟာ စအိုပေါက်နားကအရေပြား(Perianal skin)မှာဖြစ်တဲ့ အနာပါ။
ဝမ်းသွားတဲ့အချိန် သို့မဟုတ် ဝမ်းသွားပြီးတဲ့အချိန်တွေမှာ အဲ့အနာပေါက်ကနေ သားငံရည်လို အချွဲရည်တွေ၊ပြည်တွေ၊သွေးအရည်ကြည်တွေ၊ဝမ်းအရည်တွေစိမ့်ထွက်နေတတ်ပါတယ်။
ဒီလိုစိမ့်ထွက်တဲ့အတွက် စအိုနားတဝိုက်အရေပြားတွေမှာ ယားတာ၊ နီရဲရောင်ရမ်းနေတာ၊နာကျင်တာတွေဖြစ်ပါတယ်။
ဘာလို့ဒီလိုစိမ့်ထွက်ရသလဲဆိုတော့ စအိုပေါက်နားကအရေပြားပေါ်ကအနာနဲ့ ခန္ဓာကိုယ်အတွင်းထဲက မစင်အိမ်(အစာဟောင်းအိမ်)တို့ကြားထဲမှာ ပုံမှန်မဟုတ်တဲ့လမ်းကြောင်းတခုဖြစ်ပြီး အတွင်းနဲ့အပြင်ဆက်သွယ်သွားလို့ဖြစ်ပါတယ်။
ဒါကြောင့်ဆေးပညာအရ ဂရင်ဂျီနာကို Fistula in ano လို့ခေါ်ပါတယ်။
ဂရင်ဂျီနာဖြစ်ရတဲ့အဓိကအကြောင်းရင်းကတော့ Anal glands လို့ခေါ်တဲ့စအိုတွင်းမှာရှိတဲ့ အရည်ထုတ်ဂလင်းလေးတွေပိတ်ပြီး ပြည်တည်နာဖြစ်လို့ပါ။
ကျွန်တော်တို့ရဲ့စအိုအတွင်းမှာ Anal glands ဆိုတဲ့ အရည်ထုတ်ဂလင်းလေးတွေအများကြီးရှိပါတယ်။တခါတရံမှာ အဲ့ဂလင်းလေးတွေဟာ အရည်မထုတ်နိုင်ဘဲပိတ်သွားတတ်ပါတယ်။အဲ့အခါမှာ ဘက်တီးရီးယားပိုးတွေပေါက်ပွားပြီး ပြည်တည်နာဖြစ်လာပါတယ်။
အဲ့ပြည်တည်နာကို စောစီးစွာမကုဘူးဆိုရင် နောက်ပိုင်းမှာ တဖြည်းဖြည်းနဲ့လှိုက်စားကာ စအိုနားအရေပြားကိုပါဖောက်ပြီး စအိုနားအရေပြားပေါ်မှာ အနာပေါက်လေးဖြစ်လာပါတယ်။
ခန္ဓာကိုယ်အတွင်းထဲက မစင်အိမ်(အစာဟောင်းအိမ်)တို့ကြားထဲမှာ ပုံမှန်မဟုတ်တဲ့လမ်းကြောင်းတခုဖြစ်ပြီး အတွင်းနဲ့အပြင်ဆက်သွယ်သွားကာ Fistula in ano လို့ခေါ်တဲ့ ဂရင်ဂျီနာဖြစ်လာပါတယ်။
ဂရင်ဂျီနာဖြစ်တာက Anal glands လို့ခေါ်တဲ့စအိုတွင်းမှာရှိတဲ့ အရည်ထုတ်ဂလင်းလေးတွေပိတ်ပြီး ပြည်တည်နာဖြစ်ရာကနေလှိုက်စားပြီးဖြစ်တာအပြင်
စအိုနားတဝိုက်ထိခိုက်ဒဏ်ရာရတာ၊အပူအစပ်တွေအစားများတာ၊ဓါတ်ကင်တာ၊ကင်ဆာရှိတာ၊တီဘီရောဂါပိုးရှိတာ၊အိတ်အိုင်ဗွီပိုးရှိတာ၊အူလမ်းကြောင်းရောင်ရမ်းတဲ့ရောဂါတခုခုရှိတာ၊ဆီးပိုးဝင်တာ စတဲ့အကြောင်းတွေကြောင့်လည်းဖြစ်နိုင်ပါတယ်။
ရောဂါလက္ခဏာတွေအနေနဲ့ကတော့ စစချင်းမှာတခါပြောခဲ့သလိုမျိုး ဝမ်းသွားတဲ့အချိန် သို့မဟုတ် ဝမ်းသွားပြီးတဲ့အချိန်တွေမှာ စအိုဘေးနားအရေပြားပေါ်ရှိ အနာပေါက်ကနေ သားငံရည်လို အချွဲရည်တွေ၊ပြည်တွေ၊သွေးအရည်ကြည်တွေ၊ဝမ်းအရည်တွေ စတဲ့အနံ့ဆိုးတဲ့အရည်တွေစိမ့်ထွက်တာ
စအိုနားတဝိုက်အရေပြားတွေယားတာ၊နီရဲရောင်ရမ်းတာ၊နာကျင်တာ တွေအပြင် အနာရှိန်ကြောင့်ဖျားတာ၊ဝမ်းသွားရတာ မကုန်သလိုခံစားရတာ စသဖြင့်လည်းဖြစ်နိုင်ပါတယ်။
ဒီလိုလက္ခဏာတွေခံစားရပြီဆိုရင် ပြည်သူ့ဆေးရုံကြီးပြင်ပလူနာဌာနမှာဖြစ်ဖြစ် သို့မဟုတ် အပြင်ဆေးခန်းက အထွေထွေခွဲစိတ်ကုဆရာဝန်နဲ့ဖြစ်ဖြစ် ပြဖို့လိုပါတယ်။
ဘာလို့လဲဆိုတော့ ဂရင်ဂျီနာဟာ သောက်ဆေးနဲ့တင် မပျောက်နိုင်လို့ပါ။
အတွင်းနဲ့အပြင်ဆက်သွယ်တဲ့ပုံမှန်မဟုတ်တဲ့လမ်းကြောင်းကို ပိတ်ဖို့လိုတဲ့အတွက် ခွဲစိတ်ဆရာဝန်နဲ့သေချာပြသဖို့လိုပါတယ်။
အညှော်ရှောင်ပါ။တွေ့ကရာဆေးမြီးတို တွေသုံးတာ၊ကြားဖူးနားဝအရပ်ဆေးနည်းတွေနဲ့ကုတာတွေရှောင်ဖို့လိုပါတယ်။
Dr 528