နှလုံးဆိုတာဟာ ခန္ဓာကိုယ်တစ်ခုလုံးကအင်္ဂါအစိတ်အပိုင်းတွေကို သွေးထောက်ပံ့ပို့ပေးနေတဲ့ ကိုယ်တွင်းအင်္ဂါမှန်း လူအတော်များများသိကြမှာပါ။တခြားအင်္ဂါအစိတ်အပိုင်းတွေကို သွေးထောက်ပံ့ပို့ပေးတဲ့နှလုံးဟာ သူ့ရဲ့လုပ်ငန်းတာဝန်တွေလုပ်နိုင်ရန်အတွက် သူကိုယ်တိုင်လည်း သွေးထောက်ပံ့မှုလိုပါတယ်။
နှလုံးကို Coronary Arteries လို့ခေါ်တဲ့ နှလုံးသွေးကြောတွေကနေ သွေးထောက်ပံ့ပေးထားပါတယ်။အဲ့နှလုံးသွေးကြောလေးတွေထဲမှာ အကြောင်းကြောင်းကြောင့် အဆီတွေစုပုံလာရာကနေ သွေးကြောနံရံထူလာတဲ့အခါ သွေးစီးလမ်းကြောင်းကျဥ်းသွားပါတယ်။ အဲဒီလိုဖြစ်တာကို နှလုံးသွေးကြောကျဉ်းတယ်လို့ခေါ်ပါတယ်။
နှလုံးသွေးကြောကျဉ်းရောဂါဟာ သွေးတွင်းအဆီဓာတ်များတာ၊သွေးတိုးဆီးချိုရောဂါအခံရှိတာ၊ ဆေးလိပ်သောက်တာ၊အရက်အလွန်အကျွံ့သောက်တာ၊ ကိုယ်အလေးချိန်များပြီးအဝလွန်တာ၊ အထိုင်များပြီး ကိုယ်လက်လှုပ်ရှားမှုမရှိတာ၊ အဆီအဆိမ့်အငန်အစားများတာ၊ အသက်၅၀ကျော်လာတာ၊ မိသားစုမျိုးရိုးမှာနှလုံးရောဂါရှိတာ၊ စိတ်ဖိစီးစရာများတာ စတဲ့အကြောင်းတွေကြောင့် ဖြစ်လေ့ရှိပါတယ်။
နှလုံးသွေးကြောကျဉ်းတဲ့အခါမှာ နှလုံးဟာ သွေးနဲ့အောက်စီဂျင်လုံလောက်စွာမရတဲ့အတွက် လှုပ်လှုပ်ရှားရှားလုပ်မိတဲ့အခါ၊စိတ်ဖိစီးစရာများတဲ့အခါ၊ ဒေါသထွက်တဲ့အခါမျိုးတွေမှာဆိုရင် ရင်ဘတ်အောင့်တာ၊ ရင်ဘတ်အောင့်တာနဲ့တဆက်တည်း လက်မောင်း၊လည်ပင်း၊ မေးရိုး၊ ကျောတွေပါအောင့်တာ၊ နာတာ ရင်ပူတာ ရင်တုန်တာ၊ မောတာ၊ အသက်ရှုမဝတာ စတဲ့ဝေဒနာတွေခံစားရနိုင်ပါတယ်။
အစပိုင်းရောဂါသိပ်မဆိုးသေးတဲ့အခြေအနေမှာဆိုရင် ဒီဝေဒနာတွေဖြစ်တဲ့အချိန်မှာ နားနားနေနေ နေလိုက်ပါက မိနစ်ပိုင်းလောက်သာကြာတတ်ပြီး ပြန်ပျောက်တတ်ပါတယ်။လှုပ်လှုပ်ရှားရှားလုပ်မိတဲ့အခါ၊ စိတ်ဖိစီးစရာများတဲ့အခါ၊ ဒေါသထွက်တဲ့အခါ၊ အခါမျိုးတွေမှာသာ ပြန်ပြန်ပေါ်တတ်ပါတယ်။
ရောဂါအခြေအနေဆိုးလာပြီး နှလုံးသွေးကြောကျဉ်းရာကနေ ပိတ်တဲ့အဆင့်ရောက်သွားရင်တော့ လှုပ်လှုပ်ရှားရှားလုပ်မိတာမျိုး၊စိတ်ဖိစီးစရာများတာ၊ ဒေါသထွက်တာမျိုးတွေမရှိဘဲ နားနားနေနေ နေရင်းနဲ့ကို ရင်ဘတ်အောင့်တာ၊ ရင်ဘတ်အောင့်တာနဲ့တစ်ဆက်တည်း လက်မောင်း၊လည်ပင်း၊မေးရိုး၊ကျောတွေပါအောင့်တာ၊ နာတာ ရင်ပူတာ၊ ရင်တုန်တာ၊ မောတာ၊ အသက်ရှုမဝတာ စတဲ့ဝေဒနာတွေခံစားရမယ့်အပြင် နှလုံးခုန်မမှန်တာ၊ အန်တာ၊ ဖျားတာ၊ ရုတ်တရက်သတိလစ်ပြီး အသက်သေဆုံးတာမျိုးတွေပါဖြစ်နိုင်ပါတယ်။
ဒါကြောင့် ရင်ဘတ်အောင့်တယ်ဆိုရင် မပေါ့ဆဘဲ ဆေးခန်းပြကာ ဆရာဝန်နဲ့ပြသစမ်းသပ်စစ်ဆေးကြည့်သင့်ပါတယ်။ စမ်းသပ်စစ်ဆေးလို့ နှလုံးသွေးကြောကျဉ်းရောဂါဖြစ်ပြီဆိုရင်လည်း သေချာကုသဖို့လိုပါတယ်။ သေချာမကုဘူးဆိုရင် နှလုံးသွေးကြောကျဉ်းရာကနေပိတ်ပြီး နှလုံးကြွက်သားပုပ်တဲ့အဆင့်(Myocardial Infarct)ရောက်သွားနိုင်လို့ပါ။
နှလုံးသွေးကြောကျဉ်းရောဂါဖြစ်ပွားနိုင်ခြေနည်းအောင် ကာကွယ်နည်းတွေအနေနဲ့ကတော့အဆီအဆိမ့်အငန်လျှော့စားပါ။ ကိုယ်လက်လေ့ကျင့်ခန်းပုံမှန်လုပ်ပါ။ ကိုယ့်ရဲ့ကိုယ်အလေးချိန်ကို ရှိသင်တဲ့အတိုင်းအတာအတွင်းမှာထိန်းပါ။ အဝမလွန်ပါစေနဲ့။ ဆေးလိပ်သောက်အရက်သောက်တတ်တယ်ဆိုရင် ဆေးလိပ်ဖြတ် အရက်ဖြတ်ပါ။ စိတ်ဖိစီးစရာတွေနည်းအောင်နေပါ။ တရားထိုင်ပါ။
Author: Dr 528