အသားအရေခြောက်သွေခြင်းမှ ကာကွယ်နိုင်မယ့် နည်းလမ်းများ
အသားအရေခြောက်သွေ့ခြင်းဟာ ဆောင်းတွင်းမှာသာဖြစ်တတ်တာ မဟုတ်ပါဘူး။ အဲယားကွန်းအခန်းထဲမှာ အနေများရင် ပတ်ဝန်းကျင်ရာသီဥတုပူလွန်း အေးလွန်းရင် ပတ်ဝန်းကျင်လေထုစိုထိုင်းဆ နည်းလွန်းရင်လည်းဖြစ်နိုင်ပါတယ်။
ဒီလို အသားအရေခြောက်သွေ့တာမျိုးဖြစ်တဲ့အချိန်မှာ အသားအရေထိန်းသိမ်းမှုကို သေချာမလုပ်ဘူးဆိုရင် အသားပတ်တာ၊ ယားတာ၊ နောက်ဆုံး အသားအရေအက်ကွဲလာပြီး သွေးများပါထွက်လာတဲ့အထိ ဖြစ်စေနိုင်ပါတယ်။
ဒါကြောင့် အသားအရေခြောက်သွေ့ခြင်းမှ ကာကွယ်နိုင်မယ့် နည်းလမ်းလေးတွေကို အခုတပတ်မှာ တင်ပြပေးချင်ပါတယ်။
၁။ မီးဖို၊ ဘွိုင်လာ၊ အင်ဂျင်စက် စတဲ့ အပူငွေ့တွေထုတ်တဲ့ အရာတွေနားမှာ မနေပါနဲ့။
၂။ ရေချိုး၊မျက်နှာသစ်ပြီးပါက Moisturizer အစိုဓါတ်ပါတဲ့ ခရင်လိမ်းပါ။
၃။ ရေပူနဲ့ ရေချိုးခြင်းကို ရှောင်ပါ။ အထူးသဖြင့် ဆောင်းတွင်းဘက်အေးလို့ ရေချိုးရာမှာ ရေပူအစား ခပ်နွေးနွေးရေကိုပဲ သုံးပြီး ချိုးသင့်ပါတယ်။ ဆယ်မိနစ်ထက်ပိုပြီး ရေအကြာကြီးမချိုးပါနဲ့။ နူးညံ့တဲ့ ကိုယ်တိုက်ဖတ်ကိုသာ သုံးပါ။ ဖုန်နဲ့ အညစ်အကြေးတွေကို သေသေချာချာသန့်စင်ပါ။
၄။ လိုးရှင်း (Lotion) အစား အဆီတခုခု သို့မဟုတ် ခရင်မ် တခုခု လိမ်းပါ။
၅။ အလုပ်များလို့ပဲဖြစ်ဖြစ် သို့မဟုတ် တခြားအကြောင်းတွေကြောင့်ပဲဖြစ်ဖြစ် ရေမကြာခဏသောက်ဖို့ကို မေ့နေတာ ပျက်ကွက်နေတာတွေကလည်း အသားအရေခြောက်သွေ့နိုင်စေတာမျိုးဖြစ်စေတတ်ပါတယ်။
အစိုဓါတ်ကိုဖြည့်ပေးဖို့အတွက် ရေဓါတ်က အရေးကြီးပါတယ်။ ခန္ဓာကိုယ်မှာ ရေဓါတ်ပြည့်ဝနေဖို့ လိုပါတယ်။
သောက်ရေ အမြဲမသောက်ချင်သူတွေအတွက်ကတော့ လီမွန်လေးနဲ့ ရေနွေးနွေးလေးနဲ့သောက်တာက တပြိုင်နက်တည်းနဲ့ လန်းဆန်းမှုရော၊ ရေဓါတ်ပါ ရရှိစေနိုင်ပါတယ်။
၆။ ဓါတုပစ္စည်း (Chemicals) တွေ ဥပမာ ဓါတ်မြေသြဇာ သို့မဟုတ် အိမ်သာရေချိုးခန်းဆေးကြောသန့်စင်ရည်တွေကို ကိုင်တွယ်အသုံးပြုရာမှာဖြစ်ဖြစ် သို့မဟုတ် ဆောင်းတွင်းဘက်မှာ ရေကိုင်တွယ်အသုံးပြုရာမှာဖြစ်ဖြစ် လက်အိတ်ကိုသုံးပေးပါ။
၇။ အဲယားကွန်း အခန်းထဲမှာ အနေများသူတွေဆိုရင် အခန်းတွင်း လေထုစိုထိုင်းဆထိန်းသိမ်းဖို့အတွက် Humidifier ခေါ် ရေငွေ့ပေးစက်ကို အသုံးပြုပေးပါ။
၈။ အပူအစပ်တွေကို လျှော့စားပြီး အရည်ရွှမ်းတဲ့ သစ်သီးဝလံတွေ၊ လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်တွေကို များများစားပါ။
Dr 528