ဘယ်လိုလူတွေမှာ အမာရွတ်ဖြစ်ရင် သေရာပါတတ်လဲ
ခြင်ကိုက်လို့ ကုတ်ရာကနေ အမာရွတ်ဖြစ်တာ၊ဝက်ခြံရေကျောက်ပေါက်ပြီးအမာရွတ်ကျန်တာ၊ထိခိုက်ဒဏ်ရာရပြီး အမာရွတ်ဖြစ်တာ၊ခွဲစိတ်ရာကနေအမာရွတ်ဖြစ်တာ စသဖြင့် အမာရွတ်ဖြစ်ရခြင်းအကြောင်းတွေအများကြီးရှိပါတယ်။
ဘာကြောင့်ပဲဖြစ်ဖြစ် ဖြစ်လာတဲ့အမာရွတ်ဟာ ပုံမှန်အသားရောင်နဲ့မတူတဲ့အတွက် ကြည့်ရတာ အမြင်မလှပါဘူး။တချို့အမာရွတ်တွေဆိုချိုင့်ခွက်လိုချိုင့်ဝင်နေတာမျိုးလည်းရှိပါတယ်။
တချို့သောသူတွေမှာဆိုရင် ကံမကောင်းစွာနဲ့ပဲ အမာရွတ်နေရာမှ အသားလုံးပိုတွေ ထွက်လာကာ အမာရွတ်နေရာကသိသိသာသာအပေါ်ဘက်ကိုပဲမို့တက်လာတာ သို့မဟုတ် အမာရွတ်အရွယ်အစားဧရိယာကဘေးဘက်ကိုပြန့်ကားကြီးလာတာ မျိုးတွေဖြစ်တတ်ပါတယ်။
အရပ်အခေါ်အနေနဲ့တော့ မန်းသီးထတယ်လို့ခေါ်ကြပါတယ်။
ဆေးပညာအရတော့ အမာရွတ်နေရာကနေ သိသိသာသာအပေါ်ဘက်ကိုပဲမို့တက်လာတာကို Hypertophic scar လို့ခေါ်ပြီး အမာရွတ်အရွယ်အစားဧရိယာကဘေးဘက်ကိုပြန့်ကားကြီးလာတာကိုတော့ Keloid လို့ ခေါ်ပါတယ်။
နှစ်မျိုးလုံးက ကိုင်ကြည့်ရင်မာမာဖုဖုကြီးဖြစ်ပြီး ပန်းရောင် သို့မဟုတ် အနီရောင်ရှိကာ ယားယံတာ၊နာကျင်တာတွေဖြစ်တတ်ပါတယ်။
Keloid က Hypertrophic scar ထက်ပိုပြီးကြည့်ရဆိုးကာ ပျောက်ဖို့လည်းခက်ပါတယ်။
Hypertrophic scar,Keloid နှစ်ခုလုံးဟာ မိမိရဲ့ကိုယ်ခံအားစနစ်က အလွန်အကျွံ့တုံ့ပြန်သောကြောင့် အနာဖြစ်တဲ့နေရာမှာ ကော်လာဂျင်အမျှင်(Collagen)တွေ လိုအပ်တာထက် ပိုပြီးစုပုံလာရာကနေ ဖြစ်လာတာပါ။
ခွဲစိတ်ရတာ၊တက်တူးထိုးတာ၊နားဖောက်တာ အစရှိတဲ့ အရေပြားထိခိုက်ဒဏ်ရာ တခုခုရရာကနေ ဖြစ်လေ့ရှိပါတယ်။တချို့တွေမှာဆိုရင် ခြင်ကိုက်တာကို ကုတ်ရာကနေတဆင့်ဖြစ်တာမျိုးလည်းရှိပါတယ်။
ခန္ဓာကိုယ်ရဲ့မည်သည့်နေရာမှာမဆိုဖြစ်နိုင်ပါတယ်။ လှုပ်ရှားရတဲ့အဆစ်အမြစ်နေရာတွေမှာဖြစ်ပါက ထိုအဆစ်အမြစ်ရဲ့လှုပ်ရှားမှုကို အဟန့်အတားဖြစ်စေပြီး အကွေးအဆန့် လုပ်ရခက်နိုင်ပါတယ်။
အသက်အရွယ်မရွေး၊ကျားမမရွေးဖြစ်တတ်ပါတယ်။
အသက်၁၀ နှစ်ကနေ ၂၀ ကြားအရွယ်တွေ
အသားအရောင်ရင့်တဲ့သူတွေ
မိဘမျိုးရိုးထဲမှာ Keloid,Hypertrophic scar ဖြစ်ဖူးတဲ့ရာဇဝင်ရှိသူတွေ
မှာဆိုရင် ဖြစ်နိုင်ခြေပိုများပါတယ်။
အများအားဖြင့်တော့ အသက်အန္တရာယ်ထိခိုက်တာမျိုးတော့မရှိပါ။သို့သော် အမာရွတ်ကြီးထွားလာတဲ့နှုန်းက တအားမြန်တယ်ဆိုရင်တော့ ကင်ဆာအတွက် အသားစစစ်ဆေးဖို့လိုနိုင်ပါတယ်။
ကုသမှုအနေနဲ့ကတော့ Keloid,Hypertrophic scar ဖြစ်တဲ့နေရာကို စတီးရွိုက်ဆေးထိုးတာ၊လိမ်းဆေးလိမ်းတာ၊လေဆာနဲ့ပစ်တာ၊ဓါတ်ရောင်ခြည်နဲ့ထိုးတာ၊ခွဲစိတ်လှီးထုတ်ပြီးဆေးထိုးတာ၊Cryotherapy ခေါ် အအေးဓါတ်ကုထုံးနဲ့ကုတာ စသဖြင့် နည်းတွေအများကြီးရှိပါတယ်။
Keloid,Hypertrophic scar တခါဖြစ်ဖူးတဲ့သူတွေမှာ နောက်တခါအရေပြားထိခိုက်ဒဏ်ရာရရင် Keloid,Hypertrophic scar ထပ်ဖြစ်နိုင်ခြေဟာ ပိုများတတ်ပါတယ်။
ဒါကြောင့်အဆုံးသတ်အနေနဲ့အကြံပေးချင်တာက Keloid,Hypertrophic scar တခါဖြစ်ဖူးတဲ့သူတွေ နဲ့ ဖြစ်နိုင်ခြေများတဲ့သူတွေဆိုရင် နားဖောက်တာ၊တက်တူးထိုးတာ၊ကျန်းမာရေးအတွက်မလိုအပ်ဘဲ အလှအပအတွက် ခွဲစိတ်တာမျိုးတွေ လုံးဝမလုပ်သင့်ပါဘူး။ခြင်ကိုက်တဲ့အခါမျိုးမှာဆိုရင်လည်း မကုတ်မိအောင်အတတ်နိုင်ဆုံးဂရုစိုက်ရပါမယ်။
ကျန်းမာရေးအရခွဲစိတ်ရတဲ့အခါတွေမှာဆိုရင်လည်း Keloid,Hypertrophic scar တခါဖြစ်ဖူးတဲ့သူတွေအနေနဲ့ မခွဲခင်မှာ ခွဲစိတ်ဆရာဝန်ကို ဒီလိုဖြစ်ဖူးတဲ့အကြောင်း ကြိုပြောပြထားဖို့လိုပါတယ်။
Dr 528











