မင်းသမီးတွေလို အရွယ်တင်အောင် ဘယ်လိုလုပ်မလဲ
ဘယ်လောက်ပဲ တန်ဖိုးကြီးတယ်ဆိုတဲ့ အဝတ်အထည်ဖြစ်ဖြစ်၊ ဘယ်လောက်ပဲ တာရှည်ခံပါတယ်ဆိုတဲ့ အဝတ်အထည်ဖြစ်ဖြစ် ဝတ်ပါများလာတဲ့အခါ ရေလျှော်ပါများလာတဲ့အခါ မူလတုန်းကနဲ့တော့ သိပ်မတူနိုင်တော့ပါဘူး။
ဒီလိုမျိုးပါပဲ သင့်ရဲ့အသားအရေဟာလည်း သင်နဲ့အတူတူ နေပူမိုးရွာ မခွဲအတူ နှစ်ပေါင်းများစွာ တည်ရှိနေတာဖြစ်တဲ့အတွက် အသက်အရွယ်ရလာလေလေ ချို့ယွင်းချက်လေးတွေ ရှိလာလေလေ ပဲဖြစ်ပါတယ်။ အသက်အရွယ်ကြီးရင့်လာတဲ့အခါ မျိုးရိုးဗီဇနဲ့ ပတ်ဂန်းကျင်အခြေအနေတွေရဲ့ အသားအရေပေါ် သက်ရောက်မှုတွေဟာ ပိုမိုပြီးထင်သာမြင်သာ ရှိလာကြပါတယ်။
အရေးအကြောင်းတွေပေါ်လာတာ၊ အသားအရောင်ပြောင်းလဲသွားတာနဲ့ အသားအရေတင်းတင်းရင်းရင်းမရှိတော့တာ အစရှိသဖြင့်ပေါ့။ အထူးသဖြင့် အရေပြားကို တင်းတင်းရင်းရင်းဖြစ်စေတဲ့ Elastin fibres တွေ ယိုယွင်းပျက်စီးလာတာကြောင့် မျက်နှာတွေမှာပါ အရေးအကြောင်းတွေ များလာနိုင်ပါတယ်။
ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက်တွေဟာ အသက်အရွယ်နဲ့အတူ နှေးကွေးလာပြီး အရေပြားဆဲလ်အသေတွေကိုလည်း အချိန်မှီပြန်လည် အစားမထိုးနိုင်တော့ပါဘူး။ Collagen နဲ့ Elastin အသစ်ထုတ်လုပ်နိုင်နှုန်း ကျဆင်းလာတာကြောင့် အရေးအကြောင်းတွေ အတွန့်အခေါက်တွေ ပိုပြီးထင်ရှားလာပါတယ်။
အပေါ်ယံအရေပြားအလွှာ တဖြည်းဖြည်း ပါးလှပ်လာပြီး ပြင်ပအမှုန်အမွှားတွေကို တားဆီးနိုင်စွမ်း၊ အစိုဓာတ်ကို ထိန်းသိမ်းနိုင်စွမ်းတွေ လျော့ကျလာတာကြောင့် အရေပြားတွေ ခြောက်သွေ့လာပြီး အိုမင်းရင့်ရော်လာပါတယ်။ အခုပြောခဲ့တာတွေကတော့ အသက်အရွယ်ကြီးရင့်မှုကြောင့် ဖြစ်လာနိုင်တဲ့ အသားအရေ အိုမင်းရင့်ရော်မှုတွေပဲ ဖြစ်ပါတယ်။
အသက်အရွယ်အပြင် အသားအရေကို မြန်မြန်အိုမင်းရင့်ရော်စေတဲ့ တခြားသောအချက်တွေ ရှိပါသေးတယ်။ အထူးသဖြင့် နေရောင်ခြည်မှာပါလာတဲ့ UV (ခရမ်းလွန်ရောင်ခြည်) တွေပါ။ ဒီ UV တွေဟာ အရေပြားရဲ့ တင်းရင်းမှုကို လျော့ကျစေတဲ့အပြင် ကျန်းမာတဲ့ဆဲလ်တွေကို ဒုက္ခပေးမဲ့ free rdicals တွေကိုလည်း ထွက်ပေါ်စေပါတယ်။
UV ရောင်ခြည်တွေဟာ အရေပြားရဲ့ ရောင်ခြည်ဆဲလ် ထုတ်လုပ်မှုကို ဆိုးရွားစွာ ထိခိုက်စေသလို အရေပြားရဲ့ ခုခံမှုစနစ်ကိုလည်း ပျက်ယွင်းစေပါသေးတယ်။ အချိန်မတိုင်အရွယ်မရင့်ခင်မှာပဲ အရေးအကြောင်းတွေ ပေါ်လာတာ အရေပြားရောဂါတွေ ဖြစ်ပွားရတတွေရဲ့ အဓိကတရားခံတွေထဲမှာ UV တွေနဲ့ တိုက်ရိုက်ထိတွေ့မှုလည်း ပါဝင်ပါတယ်။
ဆေးလိပ်သောက်တာ၊ စိတ်ဖိစီးမှုများတာတွေကြောင့်လည်း အိုမင်းရင့်ရော်မှုကို ဖြစ်ပေါ်စေနိုင်ပါတယ်။ အသားအရေ အိုမင်းရင့်ရော်မှုရဲ့ ၈၀% ကတော့ နေရောင်ခြည်နဲ့ ထိတွေ့မှုကြောင့် လို့်ဆိုပါတယ်။ အသားအရေ အိုမင်းရင့်ရော်တာနဲ့အတူတူ အရေးအကြောင်း၊ အတွန့်အခေါက်တွေ များလာတာ၊ အသားအရေ တင်းတင်းရင်းရင်း မရှိတော့တာ အသားအရောင် ရင့်လာတာနဲ့ ရေဓာတ်ခမ်းခြောက်တာတွေပါ တွဲလာကြပါတယ်။
ကျန်းမာပြီး နုပျိုတဲ့အသားအရေ ရရှိဖို့ဘယ်လိုလုပ်ရမလဲ။ အသက်ကြီးမလာအောင်တော့ လုပ်လို့ရမှာမဟုတ်ပါဘူး။ ဒါပေမဲ့ အရွယ်မတိုင်မီအိုမင်းရင့်ရော်စေတဲ့ အကြောင်းအရင်းတွေ၊ အမူအကျင့်တွေကိုတော့ ပြင်ဆင်ပြုပြင်လို့ရပါတယ်။
(၁) နေရောင်ခြည်တိုက်ရိုက်ထိတွေ့မှုမှ ကာကွယ်ခြင်း။
– အရွယ်မတိုင်မီ အိုမင်းရင့်ရော်စေတဲ့ ခရမ်းလွန်ရောင်ခြည်တွေနဲ့ မထိတွေ့ရအောင် သတိထားရပါမယ်။ မဖြစ်မနေ နေပူထဲထွက်ရမယ်ဆိုရင် SPF 30 နဲ့အထက်ပါဝင်တဲ့ နေရောင်ကာခရင်မ် (sunscreen) တခုခုလိမ်းပြီးမှသွားပါ။
(၂) အသားအရေ အစိုဓာတ်ကို ထိန်းသိမ်းပါ။
– သင့်တော်တဲ့ Moisturizer တခုခု နေ့စဉ် သုံးပေးခြင်းအားဖြင့် စိုပြေတဲ့ အသားအရေကို ရရှိနိုင်ပါတယ်။
(၃) မျက်နှာသစ်တဲ့အခါမျိုးမှာ ကြမ်းကြမ်းတမ်းတမ်း ပွတ်တိုက်ခြင်းကို ရှောင်ကြဉ်ပါ။
(၄) Vit A, C, E တွေကြယ်ဝတဲ့ လတ်ဆက်တဲ့ သစ်သီးနဲ့ ဟင်းသီးဟင်းရွက်တွေ စားပါ။
(၅) လေ့ကျင့်ခန်း အပျော့စားလေးတွေ ပုံမှန်လုပ်ပေးပါ။
(၆) အရက်သောက်ခြင်းနဲ့ ဆေးလိပ်သောက်ခြင်းကို ရှောင်ကြဉ်ပါ။
တကယ်လို့ ကျန်းမာပြီး နုပျိုတဲ့အသားအရေမျိုး ပိုင်ဆိုင်ချင်တယ်၊ အချိန်မတိုင်မီ အိုမင်းရင့်ရော်တာမျိုး မဖြစ်ခြင်ဘူး။ ဘယ်လို လိမ်းဆေးမျိုး သုံးရမလဲဆိုရင် အကြံပေးချင်ပါတယ်။ Vit A, Vit C, Vit E လိုမျိုး အရေပြားကျမ်းမာရေးအတွက် အကောင်းဆုံး Vitamin တွေပါဝင်တဲ့ လိမ်းဆေးမျိုး သဘာဝသစ်ပင်ပန်းမန်တွေကနေ ဖော်စပ်ထားတဲ့ ညလိမ်းဆေးမျိုးဆိုရင် သုံးသင့်ပါတယ်။
Dr. KG