ခါးနာရင် မနှိပ်မိပါစေနဲ့
ခါးဟာ ကျွန်တော်တို့ ခန္ဓာကိုယ်မှာ အရေးကြီးတဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။
ခါးရိုးဟာ ခန္ဓာကိုယ်ကြီးတခုလုံးကို ထိန်းမတ်ပေးထားပြီး ခါးရိုးထဲကနေ ဦးနှောက်နဲ့တခြားကိုယ်အစိတ်အပိုင်းတွေကို ဆက်သွယ်ပေးထားတဲ့ spinal cord ခေါ် အာရုံကြောမကြီးဟာ ဖြတ်သန်းသွားပါတယ်။
ခါးနာခြင်းဟာ လူအတော်များများဖြစ်လေ့ရှိတဲ့ ဝေဒနာတခုပါ။ လူကြီးလူငယ်မရွေး ဘဝမှာ ခါးနာခြင်းဝေဒနာကို တကြိမ်မဟုတ် တကြိမ်ခံစားရနိုင်ပါတယ်။
– မတော်တဆ ထိခိုက်မိတာ (ဥပမာ ချော်လဲတာ၊ပြုတ်ကျတာ)
– အလေးအပင်မတဲ့အခါ၊ ထိုင်တဲ့အခါ၊ အိပ်တဲ့အခါ ပုံစံမမှန်တာ
– ခါးနေရာမှာရှိတဲ့ အရွတ်တွေ၊ အာရုံကြောတွေ ရောင်ရမ်းတာ
– အသက်ကြီးလာတဲ့အခါ ခါးရိုးဆစ်တခုနဲ့ တခုကြားမှာ ကူရှင်သဖွယ်ခံထားတဲ့ Intervertebral disc လေးတွေ ပါးလာပြီး ခါးဆစ်ရိုးကျွံတာ၊
– ခါးရိုး အတက်ထွက်တာတွေဖြစ်ပြီး ခါးကျီးပေါင်းဖြစ်တာ စတဲ့အကြောင်းတွေကြောင့် ခါးနာခြင်း ဝေဒနာ ခံစားရနိုင်ပါတယ်။
ဒါ့အပြင် ကိုယ်အလေးချိန်များလာတာ၊ ဆေးလိပ်သောက်တာ၊ စိတ်ဖိစီးစရာများတာ၊ ကျောက်ကပ်မှာ ကျောက်တည်တာ၊ အရိုးပွရောဂါလို အရိုးရောဂါတမျိုးမျိုးဖြစ်တာ၊ ကျောက်ကပ်ရောင်တာ၊ ကင်ဆာရောဂါတခုခုဖြစ်ပြီး ကင်ဆာဆဲလ်တွေ ခါးရိုးဆီပျံ့တာ တွေကြောင့်လည်း ခါးနာနိုင်ပါတယ်။
ခါးနာတဲ့အခါ နာတဲ့ခါးကို နင်းတာတွေ၊ နှိပ်တာတွေ ကျွန်တော်တို့နိုင်ငံက လူတချို့တဝက်လောက်က လုပ်လေ့ရှိပါတယ်။
အဲ့ဒါကမှားပါတယ်။ ခါးနာတဲ့အခါ နင်းတာတွေ၊ နှိပ်တာတွေ မလုပ်သင့်ပါ။ ခါးနာခြင်းကိုပိုဆိုးစေပြီး ခါးကိုထိခိုက်ဒဏ်ရာရစေကာ အခန့်မသင့်ရင် ခါးထဲကအာရုံကြောတွေ ထိခိုက်ပြီး အောက်ပိုင်း အာရုံခံစားမရတာ၊ လှုပ်မရတာ၊ ဆီးဝမ်းမထိန်းနိုင်တာတွေ ဖြစ်နိုင်ပါတယ်။
ဒါကြောင့် ခါးနာတဲ့အခါမှာ မနင်းမနှိပ်ဘဲ အလေးအပင်မတာ၊ အကုံးအကွလုပ်တာ၊ လှုပ်လှုပ်ရှားရှားလုပ်တာတွေ ရှောင်ပြီး အိပ်ရာထဲမှာ တရက်နှစ်ရက်လောက် လှဲနေပါ။ လှဲတဲ့အခါမှာလည်း ပုံစံမှန်ဖို့လိုပါတယ်။
ပက်လက်လှဲရင် ဒူးအောက်မှာ ခေါင်းအုံးတလုံးထားပါ။ ဘေးစောင်းလှဲရင် ဒူးနှစ်ခုကြားမှာ ခေါင်းအုံးတလုံးထားပါ။ ခါးကို ဆန့်ထားပါ။
Voltex သို့မဟုတ် Tiger balm စတဲ့ လိမ်းဆေး အပူတခုခုလိမ်းတာ၊ ရေနွေးအိတ်ကပ်တာ တွေ လုပ်နိုင်ပါတယ်။
အစာအိမ်ရောဂါအခံမရှိရင် Alaxan သို့မဟုတ် Pacfem စတဲ့ အကိုက်အခဲပျောက်ဆေးတခုခုကို အစာစားပြီး သောက်နိုင်ပါတယ်။
ဒီလိုတွေလုပ်လို့မှ မသက်သာရင်တော့ အရိုးအကြောဆရာဝန် (physiotherapist) နဲ့ ပြသစစ်ဆေးပြီး ကုသမှု ခံယူဖို့လိုပါတယ်။
အောက်ပါအချက်များကို လိုက်နာခြင်းဖြင့် သင့်အား ခါးနာခြင်းဝေဒနာခံစားရနိုင်ခြေကို နည်းစေနိုင်ပါတယ်။
အလေးအပင်မတဲ့အခါ ကိုယ်မမယ့်အရာနဲ့ နီးနိုင်သလောက် နီးနီးဖြစ်အောင်နေရာယူပါ။ ထို့နောက်ခြေထောက်တွေကို အနေတော်ချဲကာ ဒူးကွေးထိုင်ပြီးမှ ပစ္စည်းကိုမပါ။
နိုင်သလောက်ပဲ မပါ။ မနိုင်မနင်း မတာမျိုးရှောင်ပါ။ မတဲ့အချိန်မှာလည်း ခါးကို မတ်မတ်ထားပါ။
ထိုင်တဲ့အခါ၊ ထတဲ့အခါတွေမှာလည်း ခါးကို တတ်နိုင်သလောက် မတ်မတ်ထားပါ။
အချိန်အကြာကြီး ထိုင်တာ၊ အချိန်အကြာကြီး မတ်တပ်ရပ်တာမျိုးကို ရှောင်ပါ။
အိပ်တဲ့အခါ ပက်လက်အိပ်ရင် ဒူးအောက်မှာ ခေါင်းအုံးတလုံးထားပါ။ ဘေးစောင်းလှဲရင် ဒူးနှစ်ခုကြားမှာ ခေါင်းအုံးတလုံးထားပါ။ ခါးကို ဆန့်ထားပါ။
မပြင်းထန်တဲ့ ကိုယ်လက်လှုပ်ရှားမှု နေ့စဉ်လုပ်ပေးပါ။
ကိုယ်အလေးချိန်ထိန်းပါ။
ဆေးလိပ်မသောက်ပါနဲ့။ စိတ်ဖိစီးစရာနည်းအောင် နေပါ။
Dr 528