အသည်းခြောက်လို့ဖြစ်တဲ့ တီဘီ
“အမေရေ ဘေး အိမ်က ဦးကျင်ထွေးကြီး နေမကောင်းလို့ ဆေးရုံတင်ရမယ်တဲ့ ”
ကျော်ဦးတစ်ယောက် အိမ်ထဲ သို့ အဝင် အမေလုပ်သူအား လှမ်းပြီးအော်ပြောလိုက်သည်။
” ဟုတ်လား။ ဘာဖြစ်လို့လဲ ”
” နေမကောင်းလို့ အမေ။ ဖျားနေတာလည်း ကြာပြီဆိုတော့ ဆရာဝန်သွားပြတာ ဆရာဝန်က သူ့ကို ဆေးရုံတက်ခိုင်းလို့တဲ့။ အဲဒါ ဆေးရုံတက်ရမယ်တဲ့ ”
” အေးအေး ။ အမေသတင်းသွားမေးလိုက်ပါဦးမယ် ”
ဒေါ် ရင်မေသည် လုပ်လက်စ အလုပ်များလက်စသတ်ကာ ဘေးအိမ်သို့ ထွက်လာခဲ့သည်။
ဆေးရုံတက်ရမည်ဆိုတော့ လိုအပ်သည်များ ကူညီလုပ်ကိုင်ပေးရမည်။ ဦးကျင်ထွေး အမျိုးသမီး ဒေါ်အေးနှင့် ဒေါ်ရင်မေတို့က ဟိုးငယ်စဉ်ကလေး ဘဝကတည်းက အတူကြီးပျင်းလာကြသော တစ်ရပ်ကွက်တည်း သားတွေ။
” အေးရေ ကိုကျင်ထွေး ကို ဆေးရုံတင်ရမယ်ဆို ဟုတ်လား ”
အိမ်ပေါ် ရောက်ရောက်ချင်း ဒေါ်ရင်မေ လှမ်းမေးလိုက်သည်။ အေး သည် ဆေးရုံအတွက် လိုအပ်သော ပစ္စည်းများကို ခြင်းတောင်းထဲ ထည့်နေလေသည်။ ဒေါ်ရင်မေကို မြင်တော့ ဝမ်းသာ သွားသည်။
” ဟုတ်တယ် ရင်မေရေ။ ကိုကျင်ထွေးက ခဏ ခဏ ဖျားနေတာလည်း သိရဲ့သားနဲ့။
အဲဒါနဲ့ လမ်းထိပ်က ဆရာဝန်နဲ့လည်း ပြနေတာပါပဲ။ အခုဟာက အဖျားကလည်း မကျဘူး။ အဆုတ်တီဘီလို့ ထင်တယ်ဆိုလို့ သလိပ်စစ်ကြည့်တော့ တီဘီပိုးလည်းတွေ့တယ်။ ”
အဆုတ် တီဘီဟု ပြောသောကြောင့် ဒေါ်ရင်မေ ကြောချမ်းသွားသည်။ အေး ဆီမှာများ တီဘီရောဂါရှိနေပြီလားလို့လည်း သံသယဝင်သွားသည်။ အေး ဆီမှာ ရှိရင် ယခုလို နီးနီးကပ်ကပ် စကား ပြောနေလျှင် ကူးစက်မည်ကိုလည်း စိတ်ပူသွားသည်။
” ဆေးရုံမတက်ပဲ အပြင်ကနေပဲ ပြပြီး ဆေးသောက်လို့မရဘူးလားလို့ မေးကြည့်ပါသေးတယ်။ တစ်ချို့ဆိုရင် ဆေးရုံတက်စရာမှ မလိုတာ”
” ဟုတ်တာပေါ့။ တစ်ချို့ အဆုတ်တီဘီ ဖြစ်တာ ဆေးရုံတက်စရာမလိုပါဘူး ” ဒေါ်ရင်မေ ဒေါ် အေးစကားကို ထောက်ခံလိုက်သည်။
” အခု ကိုကျင်ထွေးက အဆုတ်တီဘီ အပြင် အသည်း ခြောက်နေတာလည်း သိတယ်မလား ရင်မေ။ ”
” အေး သိတယ်လေ ”
” အခု ကိုကျင်ထွေးက အဆုတ်တီဘီ ဖြစ်နေတာရော အသည်းခြောက်တာရော အတွက်ပါ ဆေးရုံတက်ရတယ်တဲ့။ ကိုကျင်ထွေးကိုကြည့်ရတာလည်း သိပ်အားမရပါဘူး ရင်မေရယ် ”
ဒေါ်ရင်မေ အေး လက်လေးကိုကိုင်ရင်း အားပေးလိုက်သည်။
” စိတ်မပူပါနဲ့ အေးရယ်။ အဆုတ်တီဘီ အတွက် ဆေးဝါးတွေ ပေါ်နေပါပြီ။ ပျောက်ကင်းနိုင်ပါတယ်။ အရမ်းကြီး မစိုးရိမ်ပါနဲ့”
ဒေါ်ရင်မေလည်း ကိုကျင်ထွေး ဆေးရုံတက်ပြီးမှ ဆေးရုံသို့ အိမ်ဦးနှင့် ကြမ်းပြင် ခဏခဏ ရောက်ဖြစ်တော့သည်။ တစ်နေ့ တစ်နေ့ ကိုကျင်ထွေး အခြေအနေကားပိုဆိုးလာသည်ဟု ထင်သည်။ ဘုရားရှေ့ ဆုတောင်းပေးနေရုံမှ တစ်ပါး ဒေါ်ရင်မေလည်း မတက်နိုင်တော့။
“အမေရေ ဦးကျင်ထွေးကြီးဆုံးပြီတဲ့ ”
ကျော်ဦးတစ်ယောက် အိမ်ထဲသို့ မရောက်မီကပင် လှမ်းအော်လိုက်သည်။ ကျော်ဦးသည် အပြင်မှ ပြန်လာတိုင်း အမေ့ကို အိမ်ရှေ့မှပင် လှမ်းပြီးစကားပြောတတ်သည်။
“ဟုတ်လား ” ဒေါ်ရင်မေ မျှော်မှန်း ထားပြီးသားဖြစ်ပေမဲ့လည်း ဒီလောက်ကြီး မြန်မြန်ဆန်ဆန် ထွက်သွားလိမ့်မည်ဟု မထင်ထားခဲ့ပါ။
” မနက် အစော ကြီးက ဆုံးသွားတာတဲ့။ အလောင်းကို အိမ်ပြန်မသယ်တော့ဘူးတဲ့ အမေ ” ကျော်ဦးကား သူသိသည်များကို အမေအား အသိပေးလိုက်သည်။
“လမ်းထိပ်က ဆရာဝန်လေးကိုတောင် ဦးကျင်ထွေးကြီး ဆုံးပြီဆိုတာ ဝင် အသိပေးခဲ့သေးတယ် အမေ”
” ဟုတ်လား။ ဆရာဝန်လေးက ဘာပြန်ပြောလဲ”
“အသည်း ခြောက်တဲ့သူတွေ က ဒီလိုမျိုး တီဘီရောဂါဖြစ်တတ်တယ်တဲ့ အမေ ”
” ဟုတ်လား ”
” ဦးကျင်ထွေး က ငယ်ငယ်က အရက်သိပ်သောက်တာတဲ့။ အရက်အရမ်း သောက်လို့ အသည်းခြောက်တာတဲ့ ” ကျော်ဦးကား သူသိသည်များကို အမေအားဖောက်သည်ချသည်။
“အေး သိပြီနော်။ နင်လည်းအရက်တွေ ဘာတွေ သောက်သောက်မလာနဲ့။ ”
ဒေါ်ရင်မေ သားဖြစ်သူကို ဆုံးမလိုက်သည်။
“ကျွန်တော်က တစ်ခါ တစ်လေမှ သောက်တာပါအမေရယ်။ အမြဲ မသောက်ပါဘူး။ ”
ဒေါ်ရင်မေ မျက်စောင်းလှမ်းထိုးသည်။
” အသည်းခြောက်သွားရင် အသည်းက ပုံမှန် လုပ်ငန်းဆောင်တာ တွေကို မလုပ်နိုင်တော့ဘူးတဲ့။ အသည်းခြောက်တဲ့သူတွေ အသည်းမကောင်းတဲ့သူတွေဟာ အသားတွေလည်း မဲလာတတ်တယ်တဲ့။ အသည်းပုံမှန်အလုပ်မလုပ်လို့တဲ့ အမေ ”
” အေး ဟုတ်တယ်။ အရင်တုန်းက ဦးကျင်ထွေးက ဖြူဖြူ၀၀ ကြီးလေ။ အခု ကြည့်ပါလား။ ပိန်ပြီး အသားတွေကို မဲနေလိုက်တာ။ မှတ်တောင် မမှတ်မိချင်ဘူး။ ”
” အသည်းကနေ ကိုယ်ခန္ဓာ အတွက် ရောဂါပိုးတွေကို ခုခံကာကွယ်ပေးတဲ့ ဓာတ်တွေလည်း ထုပ်ပေးတယ်တဲ့။ အသည်း ခြောက်တဲ့သူတွေမှာ ကိုယ်ခံ အား စနစ်ကျလာပြီး ရောဂါ ပေါင်းစုံဝင်လာတာတဲ့။ ဒါကြောင့်လည်း တီဘီရောဂါဖြစ်တာတဲ့ အမေရေ။ ”
” အေး မြင်တယ်နော်။ အရက်သောက်လို့ အရက်ရဲ့ ဆိုးကျိုးတွေ ” ကျော်ဦးသည် ခေါင်းကုတ်လိုက်သည်။
” အမေရယ် ကျွန်တော် မသောက်ပါဘူး ”
“အေး မသောက်ရင် ပြီးတာပဲ ” သားဖြစ်သူက နှုတ်ကတိပေးသောကြောင့် ဒေါ်ရင်မေ စိတ်သက်သာရာရသွားသည်။
” ပုံမှန် လူတွေ ဆိုရင်တော့ အဆုတ်တီဘီရောဂါကို ပျောက်အောင်ကုလို့ရတယ်တဲ့။ ဦးကျင်ထွေးက အသည်းကလည်း မကောင်းတော့ အဆုတ်တီဘီနဲ့ သေတာတဲ့ အမေရေ ”
” အေး အဲဒါတွေ ငါသိဖို့ထက် နင်သိဖို့ အရေးကြီးတယ်။ ” ဒေါ်ရင်မေသည် သားအား ဖိဟောက်နေသည်။ ကျော်ဦးတစ်ယောက် စကားပျက်တာနှင့်
” ဟိုဖက်အိမ် သွားကူညီလိုက်ဦးမယ်နော် ” ဟု ပြောကာ အိမ်ပေါ်မှ ဆင်းပြေးသွားတော့သည်။ ဒေါ်ရင်မေ သည် ဦးကျင်ထွေး အတွက် စိတ်မကောင်း ဖြစ်လျှက် ဘုရားခန်းထဲသို့ ဝင်သွားတော့သည်။ ကျော်ဦးတစ်ယောက် အမြင်မှန်ရပါစေဟု ဆုတောင်းရဦးမည်။