နှုတ်ခမ်းကွဲတာ အမြန်ဆုံးသက်သာအောင်
ဆောင်းရာသီဟာ အေးမြပြီးနေထိုင်လို့ကောင်းတယ်ဆိုပေမယ့် ဆောင်းရာသီရောက်ရင် အအေးမိတာ၊တုပ်ကွေးဖြစ်တာတွေအပြင် ပတ်ဝန်းကျင်လေထုကအေးပြီးခြောက်သွေ့တာကြောင့် ခြေတွေလက်တွေအသားပတ်တာ၊ခြေဖနောင့်ကွဲတာ၊နှုတ်ခမ်းကွဲတာ စတဲ့ အရေပြားဆိုင်ရာပြသာနာတွေလည်း ကြုံရနိုင်ပါတယ်။
ခြေလက်အသားပတ်တာ၊ခြေဖနောင့်ကွဲတာတွေက အကျီရှည်ဝတ်တာ၊ဖိနပ်အပိတ်စီးတာ တွေနဲ့ဖုံးကွယ်လို့ရနိုင်ခြေရှိပေမယ့် နှုတ်ခမ်းကွဲတာကတော့ ဖုံးကွယ်လို့မရတတ်ဘဲ အလှအပ ရေးရာကို ထိခိုက်နိုင်စေတတ်ပါတယ်။
ဒါ့အပြင်အစားအသောက်စားသောက်တဲ့အခါ၊စကားပြောတဲ့အခါ၊ပြုံးရယ်တဲ့အခါတွေမှာလည်း သက်တောင့်သက်သာမရှိဘဲ နေရခက်တတ်ပါတယ်။
နှုတ်ခမ်းကွဲတဲ့အခါမှာ နှုတ်ခမ်းဟာခြောက်သွေ့ပြီး အရေခွံအဖတ်လေးတွေလှန်တာ၊ကွာတာ၊နာကျင်တာတွေကိုခံစားရနိုင်ပါတယ်။
ကွဲတာနက်ပြီးတအားဆိုးရင်တော့ သွေးထွက်တာမျိုးလည်းဖြစ်နိုင်ပါတယ်။
နှုတ်ခမ်းကွဲတာဟာ ဆောင်းရာသီမှာ ပတ်ဝန်းကျင်လေကအေးပြီးခြောက်သွေ့တာကြောင့် ဖြစ်တာအပြင် တခြားအကြောင်းတွေကြောင့်လည်းဖြစ်နိုင်ပါသေးတယ်။
အသက်အရွယ်ကြီးလာတာ
ကိုယ်တွင်းရေဓါတ်လုံလောက်မှုမရှိတာ
နှုတ်ခမ်းကိုခဏခဏကိုက်တာ
လက်နဲ့နှုတ်ခမ်းကို ခဏခဏကိုင်တတ်တဲ့အကျင့်ရှိတာ
လေတိုက်ခံရများတာ၊ဆိုင်ကယ်အစီးများတာ
အရက်အသောက်များတာ
စိတ်ဖိစီးစရာ၊ပူပန်စိုးရိမ်စရာများတာ
အယ်လ်ကိုဟော(Alcohol)၊မန်သော(Menthol)ဓါတ်ပါတဲ့ နှုတ်ခမ်းနီတွေအသုံးများတာ စတဲ့အကြောင်းတွေကလည်း နှုတ်ခမ်းအသားခြောက်သွေ့စေပြီး နှုတ်ခမ်းကွဲတာဖြစ်စေနိုင်ပါတယ်။
နှုတ်ခမ်းကွဲတာဖြစ်တဲ့အခါမှာ နေရခက်တဲ့အတွက် လူအတော်များများဟာ နှုတ်ခမ်းကို လျှာနဲ့သွားသွားယက်ပြီး တံတွေးဆွတ်တတ်ကြပါတယ်။အဲ့လိုလုပ်လိုက်ရင် နှုတ်ခမ်းခြောက်နေတာ၊နှုတ်ခမ်းကွဲတာသက်သာမယ်လို့လည်း ထင်တတ်ကြပါတယ်။
ဒါဟာမှားပါတယ်။နှုတ်ခမ်းကွဲတဲ့အခါ လျှာနဲ့နှုတ်ခမ်းကိုခဏခဏယက်ပြီးတံတွေးဆွတ်ခြင်းဖြင့် နှုတ်ခမ်းခြောက်သွေ့တာ၊နှုတ်ခမ်းကွဲတာကို ပိုဆိုးစေတဲ့အတွက် မလုပ်ဖို့ ပညာရှင်များက ပြောကြားထားပါတယ်။
တချို့ကျတော့လည်း နှုတ်ခမ်းခြောက်သွေ့ကွဲတာအခါ လှန်နေတဲ့အရေခွံလေးတွေကို လက်နဲ့သွားဆွဲခွာတာ သွားနဲ့ကိုက်ခွာတာတွေလုပ်တတ်ကြပါတယ်။
အဲ့လိုဆွဲခွာခြင်းဖြင့် ပိုးဝင်ပြီးရောင်ရမ်းတာဖြစ်နိုင်တဲ့အတွက် လက်နဲ့ သွားနဲ့ လှန်နေတဲ့နှုတ်ခမ်းကအရေခွံတွေကို ဆွဲမခွာဖို့လည်း ပညာရှင်တွေက ထပ်ပြောကြားထားပါတယ်။
နှုတ်ခမ်းကွဲတဲ့အခါသက်သာအောင် နှုတ်ခမ်းကို အလှဆီ သို့မဟုတ် ဂျိုဂျိုဘားဆီ လိမ်းပေးနိုင်ပါတယ်။အဲ့ဒါတွေမရှိလည်း သံလွင်ဆီ သို့မဟုတ် အုန်းဆီလိမ်းပေးနိုင်ပါတယ်။
ဒါ့အပြင် ညအိပ်ခါနီးပျားရည်လိမ်းတာ သို့မဟုတ် ရှားစောင်းလက်ပတ်အနှစ်အနည်းငယ်ယူပြီး နှုတ်ခမ်းပေါ်နေ့စဉ်သုတ်လိမ်းပေးတာ သို့မဟုတ် လတ်ဆတ်တဲ့သခွားသီးကိုအခွံနွှာ ဓါးနဲ့စိတ်ပြီး နှုတ်ခမ်းပေါ်နေ့စဉ် ပွတ်တိုက်ပေးတာတွေလည်းလုပ်နိုင်ပါတယ်။
ရေများများသောက်ပေးပါ။
လတ်ဆတ်တဲ့ဟင်းသီးဟင်းရွက်နဲ့ သစ်သီးဝလံတွေများများစားပေးပါ။
ဗီတာမင်စီ၊ဗီတာမင်အီး လိုမျိုးအရေပြားအစိုဓါတ်ကို အားပေးတဲ့ အားဆေးတွေလည်းသောက်ပေးနိုင်ပါတယ်။
နှုတ်ခမ်းခြောက်သွေ့ကွဲတဲ့အခါ ဓါတုပစ္စည်းတွေပါတဲ့ နှုတ်ခမ်းနီတွေ၊ဆိုးဆေးတွေမသုံးပါနဲ့။အဲ့ဒါတွေအစား အရောင်မပါတဲ့နှုတ်ခမ်းဆိုးဆေးအဆီကိုသုံးနိုင်ပါတယ်။
လေတိုက်မခံပါနဲ့။တတ်နိုင်သလောက်ဆိုင်ကယ်မစီးပါနဲ့။မဖြစ်မနေစီးရမယ်ဆိုရင် နှာခေါင်းစည်း(Mask)တပ်ပါ။
ဒီလိုတွေလုပ်ရဲ့သားနဲ့ နှုတ်ခမ်းခြောက်သွေ့ကွဲတာက မသက်သာဘူး။ပိုဆိုးလာတယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသဖို့လိုပါတယ်။
Dr သီတာနွယ်(အမရပူရ)