ချောင်းဆိုးရင်း သွေးပါလာပြီဆိုရင်
ချောင်းဆိုးလိုက်လျှင် သွေးပါခြင်းသည် စိုးရိမ်စရာတစ်ခုဟု လူတိုင်းသိနားလည်ပါတယ်။ ချောင်းဆိုးသွေးပါနေခြင်းသည် ဆိုးရွားသော အောက်ခံရောဂါတစ်ခုခုကြောင့် ဖြစ်နိုင်ပေမဲ့ တခါတလေမှာတော့ ချောင်းကို အားယူပြီးဆိုးရင်းက လည်ချောင်းက သွေးကြောမျှင်လေးတွေ ပေါက်သွားတဲ့ အခါမျိုးမှာလည်း သွေးပါလာတတ်ပါတယ်။
ရောဂါပိုးကူးစက်ခြင်း၊ ကင်ဆာနှင့် အဆုတ်သွေးကြောများကြောင့် ဖြစ်နိုင်ချေရှိပါတယ်။ ချောင်းဆိုးသွေးပါခြင်းသည် အများအားဖြင့် ဆေးကုသရန်လိုအပ်ပါတယ်။
ချောင်းဆိုးသွေးပါခြင်းဖြစ်စေနိုင်သော အကြောင်းရင်းများမှာ
– လေပြွန်ရောင်ခြင်း
– အဆုတ်ကင်ဆာ
– အဆုတ်ပွခြင်း
– တီဘီရောဂါ
– နှလုံးရောဂါ
– သွေးရောဂါနှင့် ထိခိုက်ဒဏ်ရာရခြင်း စသည်တို့ဖြစ်ပါတယ်။
ချောင်းဆိုးသွေးပါခြင်းသည် အဆုတ်နှင့် လေပြွန်ကြောင့်မဟုတ်ဘဲ နှာခေါင်းမှ သွေးထွက်ခြင်း၊ အစာအိမ်မှ သွေးထွက်ပြီး လေပြွန်ထဲရောက်နေခြင်းတို့ကြောင့် ဖြစ်နိုင်ပါတယ်။ ထိုသွေးသည် ချောင်းဆိုးသောအခါ ပါလာတတ်ပါတယ်။
အချို့သူများတွင်အကြောင်းရင်းမရှိဘဲ သွေးပါခြင်း ရှိတတ်ပါတယ်။
ချောင်းဆိုးသွေးပါခြင်းအပြင် အခြားခံစားရနိုင်သော လက္ခဏာများမှာ
– ဖျားခြင်း
– ကျောအောင့်ခြင်း
– ရင်ဘတ်အောင့်ခြင်း
– မောပန်းခြင်း
– အကျိတ်ထွက်ခြင်း
– အစားအသောက်ပျက်ခြင်း
– ကိုယ်အလေးချိန်ကျခြင်း
– အစားအသောက်ပျက်ခြင်းစသည့်တို့ ဖြစ်နိုင်ပါတယ်။
စမ်းသပ်မှု
ချောင်းဆိုးသွေးပါနေသော လူနာကို သွေးပါသည့်နှုန်းနှင့် အသက်ရှုခြင်းကို အန္တရာယ်ဖြစ်စေမှုကို မူတည်၍ မည်သည့်စမ်းသပ်မှု ပြုလုပ်သင့်ကြောင်း ဆုံးဖြတ်သင့်ပါတယ်။ အဓိကအားဖြင့်လူနာရဲ့ ရောဂါရာဇဝင်နှင့် လက်တွေ့စမ်းသပ်တွေ့ရှိချက်များသည် အထူးအရေးပါ ပါတယ်။
ဥပမာ – သလိပ်စစ်ခြင်း၊ ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်း၊
ရင်ဘတ်ဓာတ်မှန်ရိုက်ခြင်းသည် အဆုတ်တွင် အလုံးအကျိတ်ရှိမရှိ၊ ပိုးကူးစက်မှုရှိမရှိ၊ ရေစုခြင်းရှိမရှိကို သိရှိနိုင်ပါတယ်။
ကွန်ပြူတာဓာတ်မှန်ရိုက်ခြင်း
အဆုတ်ကိုအသေးစိတ်စစ်ဆေးခြင်းဖြစ်ပါတယ်။
မှန်ပြောင်းကြည့်ခြင်း
နှာခေါင်း၊ ပါးစပ်မှတဆင့် အဆုတ်ထဲသို့ မှန်ပြောင်းကြည့်ခြင်းဖြင့် ရောဂါရှာခြင်း၊ အခြားလိုအပ်သော သွေးစစ်ခြင်းများ ပြုလုပ်သင့်ပါတယ်။
ချောင်းဆိုးသွေးပါခြင်းကို ကုသမှုနည်းလမ်းများမှာ တီဘီဆေးသောက်သုံးခြင်း၊ ပိုးသတ်ဆေးဖြင့် ကုသခြင်းနှင့် ကင်ဆာဖြစ်ပါက လိုအပ်သောကင်ဆာကုသနည်းများဖြင့် ကုသခြင်း၊ ခွဲစိတ်ကုသခြင်း စသည်တို့ ပြုလုပ်သင့်ပါတယ်။
တီဘီရောဂါကြောင့် ချောင်းဆိုးသွေးပါခြင်းဖြစ်ပါက လိုအပ်သော တီဘီဆေးများကို ထိရောက်သော အချိန်ကာလတစ်ခုအထိ သေချာစွာ သောက်သုံးသင့်ပါတယ်။ ထို့ကြောင့်ချောင်းဆိုးသွေးပါခြင်းကို စောစီးစွာထိရောက်သော နည်းလမ်းများဖြင့် သေချာရောဂါရှာဖွေကုသ သင့်ပါတယ်။
Dr. Pyae Shin