ဘာရောဂါအခံမှမရှိ ညကအကောင်း မနက်အိပ်ရာကအထမှာ ရုတ်တရက် တစ်ကိုယ်လုံး အထူးသဖြင့် လည်ပင်း၊ လက်မောင်း၊ ခါးနေရာတွေမှာ ကိုက်ခဲနာကျင်နေတာမျိုးကို လူအတော်များများ တစ်ခါတစ်ရံကြုံဖူးကြမယ်ထင်ပါတယ်။
ဒီလို မနက်အိပ်ရာထမှာ ရုတ်တရက် နာကျင်ကိုက်ခဲမှုကို ဖြစ်စေနိုင်တဲ့အကြောင်းတွေကတော့ အိပ်တဲ့ပုံစံမမှန်တာ၊ အိပ်ရင်းနဲ့အအေးမိတာ၊ လေတိုက်တဲ့နေရာမှာ ခြုံစရာအကာကွယ်မပါဘဲ အိပ်မိတာတွေအပြင် ကိုယ်လက်လှုပ်ရှားမှုအားနည်းတာ၊ ကိုယ်အလေးချိန်များတာ၊ အစားအသောက် စားသောက်ပုံစံမမှန်တာ စတဲ့အကြောင်းရင်းတွေကြောင့်လည်း ဖြစ်နိုင်ပါတယ်။
မနက်အိပ်ရာထ နာကျင်ကိုက်ခဲမှုက အတော်ဆိုးတဲ့အတွက် အိပ်ရာကနေထတာ၊ မနက်စာပြင်ဆင်ချက်ပြုတ်တာ၊ နိစ္စဒူဝအလုပ်တွေ မလုပ်နိုင်တာတွေအထိဖြစ်ပြီး ဆေးခန်းပြရတဲ့သူတွေလည်း အများကြီးရှိပါတယ်။ ဒါကြောင့် ဒီတပတ်မှာ မနက်အိပ်ရာထ နာကျင်ကိုက်ခဲမှု ဖြစ်နိုင်ခြေနည်းအောင် ဘယ်လိုအချက်တွေကို လိုက်နာရမလဲဆိုတာကို သိသလောက်ရေးသားတင်ပြချင်ပါတယ်။
၁။ ကိုယ်လက်လှုပ်ရှားမှု နေ့စဉ်ပုံမှန်လုပ်ပါ။
နေ့စဉ် လမ်းလျှောက်တာ၊ အေရိုးဗစ်ကစားတာစတဲ့ မပြင်းထန်တဲ့ကိုယ်လက်လေ့ကျင့်ခန်းတမျိုးမျိုးကို ပုံမှန်လုပ်ပေးပါက ခန္ဓာကိုယ်အတွင်း သွေးလည်ပတ်မှုကို ကောင်းစေပြီး ကိုယ်တွင်းရှိ အဆိပ်အတောက်တွေကိုလည်း ဖယ်ရှားပေးနိုင်ပါတယ်။
၂။ ညအိပ်တဲ့အခါ နွေးနွေးထွေးထွေးအိပ်ပါ။
မနက်အိပ်ရာထ ရုတ်တရက် ကိုက်ခဲနာကျင်ခြင်းဟာ နွေရာသီမှာ ပိုအဖြစ်များလေ့ရှိပါတယ်။ ဘာလို့လဲဆိုတော့ နွေရာသီဟာပူပြင်းတဲ့အတွက် လူအများစုဟာ ညအိပ်တဲ့အခါ စောင်မခြုံဘဲ အဲကွန်း၊ ပန်ကာတွေဖွင့်အိပ်တာ၊ ပြတင်းပေါက်တွေ အကုန်ဖွင့်အိပ်တာ တွေလုပ်ကြပါတယ်။ စစအိပ်ချင်းမှာ ပူနေပေမယ့် အဲကွန်းလေ၊ ပန်ကာလေ၊ သဘာဝလေတွေကြောင့် တဖြည်းဖြည်းနဲ့အေးလာပါတယ်။
ဒါပေမယ့် အေးလာတဲ့အချိန်မှာ လူကအိပ်မောကျနေတာဖြစ်တဲ့အတွက် စောင်ထခြုံဖို့ ပန်ကာအဲကွန်းထလျှော့ဖို့ ပြတင်းပေါက်ထစေ့ဖို့ မလုပ်နိုင်တော့ပါဘူး။ အဲ့အခါမှာ ခန္ဓာကိုယ်က တညလုံးအအေးမိပြီး မနက်အိပ်ရာထတဲ့အခါ နာကျင်ကိုက်ခဲနေတတ်ပါတယ်။
ဒါကြောင့် နွေရာသီမှာ ပူလို့အဲယားကွန်း၊ ပန်ကာဖွင့်ရင်တောင် အချိန်မှတ် (Timer မှတ်) ပြီးဖွင့်ပါ။ ပြတင်းပေါက်ဖွင့်အိပ်မယ်ဆိုရင်လည်း တရေးနိုးထပိတ်တာ သို့မဟုတ် နည်းနည်းစေ့တာ လုပ်ဖို့ နှိုးစက်ပေးထားပါ။ စောင်အပါးခြုံပြီးအိပ်ပါ လို့ အကြံပေးချင်ပါတယ်။
၃။ အိပ်တဲ့ပုံစံမှန်ပါစေ။
အိပ်တဲ့အခါ ပုံစံမကျပါက ကြွက်သားတွေဆီ သွေးအရောက်နည်းပြီး မနက်အိပ်ရာအထမှာ နာကျင်ကိုက်ခဲတာ တင်းတောင့်နေတာတွေဖြစ်နိုင်ပါတယ်။ ခေါင်းအုံးအောက် သို့မဟုတ် ခေါင်းအောက်ကို လက်ခုအိပ်တာ၊ မှောက်အိပ်တာ မျိုးတွေရှောင်သင့်ပါတယ်။ အဲ့လိုအိပ်တဲ့ပုံစံတွေက လည်ပင်းနာတာ၊ ခါးနာတာ မျိုးတွေကိုဖြစ်စေနိုင်ပါတယ်။ ဘယ်ဘက်ကိုစောင်းအိပ်တာကတော့ အကောင်းဆုံးပါ။
၄။ ခေါင်းအုံးနဲ့ မွေ့ယာက သက်တောင့်သက်တာရှိပါစေ။
သင်အိပ်တဲ့ခေါင်းအုံးနဲ့ မွေ့ယာက သက်တောင့်သက်သာမရှိဘဲ မာနေပါက မနက်အိပ်ရာထတဲ့အခါ ကြွက်သားတွေ နာကျင်ကိုက်ခဲတာကို ခံစားရနိုင်ပါတယ်။
၅။ အိပ်ခါနီး ရေကြက်သီးနွေးလေးနဲ့ ရေချိုးပါ။
ညအိပ်ခါနီးမှာ ရေခပ်နွေးနွေး (ကြက်သီးနွေး) လေးနဲ့ ရေချိုးတာဟာ ခန္ဓာကိုယ်ရှိအကြောအချဉ်တွေကို ပြေလျော့စေပြီး သွေးလည်ပတ်မှုကောင်းစေကာ မနက်အိပ်ရာထ ကိုက်ခဲနာကျင်ခြင်းဖြစ်နိုင်ခြေကို လျော့နည်းစေပါတယ်။
၆။ ကိုယ်အလေးချိန်ထိန်းပါ။
ကိုယ်အလေးချိန်များတာဟာ အဆစ်တွေ၊ အရွတ်တွေ၊ ကြွက်သားတွေပေါ်ကို ဒဏ်ပိစေပြီး မနက်အိပ်ရာထ နာကျင်ကိုက်ခဲတာမျိုးဖြစ်နိုင်ခြေကို များစေနိုင်ပါတယ်။ အဆုံးသတ်အနေနဲ့ အကြံပေးချင်တာကတော့ ဒီအချက်တွေလုပ်လို့မှ မသက်သာဘူးဆိုရင် သို့မဟုတ် မနက်အိပ်ရာအထ နာကျင်ကိုက်ခဲတင်းတောင့်နေတာဟာ မကြာခဏလိုလို နေ့တိုင်းလိုလို ဖြစ်နေတယ်ဆိုရင်တော့ ဆရာဝန်နဲ့ပြသပြီး စမ်းသပ်စစ်ဆေးမှုတွေလုပ်သင့်ပါတယ်။
Dr. 528