သွေးတိုးရောဂါသည်နှလုံးသွေးကြောရောဂါများဖြစ်သည့် နှလုံးသွေးကြေကျဉ်းရောဂါနှင့် လေးဘက်နာရောဂါ များကဲ့သို့ ဂရုစိုက်ရန်လိုအပ်ပါသည်။ သွေးတိုးရောဂါရှိနေသည်ကို လူနာတစ်ဝက်ခန့်ကမသိရှိကြပါ။ သွေးပေါင် ချိန်ကြည့်မှသာသိရှိကြပါသည်။ သွေးတိုးရောဂါကို ဂရုမစိုက်ဘဲထားပါက နောက်ဆက်တွဲဆိုးကျိုးများခံစားရနိုင် ပါသည်။ ထို့ကြောင့်သွေးတိုးရောဂါကို ဂရုစိုက်ရပါမည်။
သွေးတိုးရောဂါဆိုသည်မှာ
သွေးပေါင်ချိန်အပေါ်သွေး ၁၄၀၊ အောက်သွေး ၉၀ နှင့်အထက်ရှိပါက သွေးတိုးရောဂါဟုသတ်မှတ်ပါသည်။
သွေးတိုးရောဂါဖြစ်ရခြင်းအကြောင်းအရင်းများ
သွေးတိုးရောဂါသည် အငန်၊ အဆီအစားများသူ၊ ဆီးချိုသွေးချိုရောဂါရှိသူ၊ အဝလွန်ကဲသူ၊ မိဘမျိုးရိုးသွေးတိုး ရောဂါရှိသူ၊ ဆေးလိပ်သောက်သူများနှင့်အရက်သောက်သူများတွင် ပိုမိုဖြစ်ပွားလေ့ရှိပါသည်။ ကျောက်ကပ်ရော ဂါနှင့်အခြားရောဂါများ ပဋိသန္ဓေတားဆေးကဲ့သို့ဆေးဝါးများမှီဝဲခြင်းကြောင့်လည်း ဖြစ်တတ်ပါသည်။ ကိုယ်ဝန် ဆောင်မိခင်များသည်လည်း သွေးတိုးရောဂါဖြစ်နိုင်ပါသည်။
သွေးတိုးရောဂါလက္ခဏာ
သွေးတိုးရောဂါရှိသူအတော်များများတွင် ရောဂါလက္ခဏာမပြတတ်ပါ။ ခေါင်းမူးခြင်း၊ ခေါင်းကိုက်ခြင်း၊ ပျို့ခြင်း၊ အန်ခြင်း၊ ဇက်ကြောတက်ခြင်းနှင့် ဆီးနည်းခြင်းများဖြစ်တတ်ပါသည်။
သွေးတိုးရောဂါ၏နောက်ဆက်တွဲဆိုးကျိုးများ
သွေးတိုးရောဂါကြောင့် လေဖြတ်ခြင်း၊ နှလုံးရောဂါဖြစ်ခြင်း၊ မျက်စိကွယ်ခြင်း၊ ကျောက်ကပ်ပျက်စီးခြင်းတို့ဖြစ် တတ်ပါသည်။
သွေးတိုးရောဂါကိုကာကွယ်ခြင်း
သွေးတိုးရောဂါကာကွယ်ရန်တစ်နေ့လျှင် မိနစ် ၃၀မှတစ်နာရီနေ့တိုင်းနီးပါး လမ်းလျှောက်ရပါမည်။ စက်ဘီးစီး ခြင်းနှင့်ရေကူးခြင်းများ ပြုလုပ်နိုင်ပါသည်။ ကိုယ်အလေးချိန်ပုံမှန်ဖြစ်အောင်ထိန်းသိမ်းရပါမည်။ သွေးပေါင်မှန် မှန်ချိန်ရပါမည်။ ဆေးလိပ်သောက်ခြင်းကိုရှောင်ကြဉ်ရပါမည်။ အရက်ကိုတစ်နေ့လျှင် တစ်ယူနစ်မှနှစ်ယူနစ် ထက်ပိုမသောက်ရပါ။ အလွန်အကျွံသောက်ခြင်းကို ရှောင်ကြဉ်ရပါမည်။ စိတ်ဖိစီးမှုများနှင့် စိတ်သောကများကို လျှော့ချရပါမည်။ အာဟာရမျှတသောအစားအစာများ၊ ဟင်းသီးဟင်းရွက်၊ သစ်သီးဝလံနှင့်ငါးများများစားပေးရ ပါမည်။ အသားဆီနှင့်ဟင်းချက်ဆီကို တတ်နိုင်သမျှလျော့စားရပါမည်။ အချိုနှင့်အဆိမ့်လျှော့စားရပါမည်။ ဆား နှင့်အငန်လျှော့စားရပါမည်။
သွေးတိုးရောဂါဖြစ်ပါကလိုက်နာရမည့်အချက်
သွေးတိုးရောဂါဖြစ်လာပါက ဆေးဝါးများပုံမှန်မှီဝဲရပါမည်။ မိမိသဘောဖြင့်စပ်ဆေးများ၊ ဆေးမြီးတိုများ၊ တိုင်း ရင်းဆေးဝါးများမသောက်ဘဲ တတ်ကျွမ်းနားလည်သောဆရာဝန်များ၏ ညွှန်ကြားချက်အတိုင်းသောက်စေချင် ပါသည်။ ဆေးထိရောက်မှုကိုသိရှိရန် သွေးပေါင်ချိန်ကိုမှန်မှန်ချိန်ရပါမည်။
အကြံပြုချက်
သွေးတိုးရောဂါကြောင့် လေဖြတ်ကာဒုက္ခိတဘဝရောက်တတ်ပါသည်။ မျက်စိကွယ်တတ်ပါသည်။ ကျောက်ကပ် ပျက်စီးပြီးသေဆုံးနိုင်ပါသည်။ နှလုံးရောဂါဝေဒနာကို ခံစားရပါသည်။ ထို့ကြောင့်သွေးတိုးရောဂါကို မပေါ့ဆဘဲဂရုစိုက်သင့်ကြောင့် အကြံပြုအပ်ပါသည်။
Author: ဒေါက်တာကောင်းစံ (Vol-8 / No-8) Healthcare Journal